All News Local News Peace

TNLA ဖြင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံထားရသော မူလတန်းကျောင်းအုပ်ဆရာမကို ပြန်လွှတ်ပေးရန် အဖွဲ့ ၁၄၇ ခု တောင်းဆို

TNLA ဖြင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံထားရသော မူလတန်းကျောင်းအုပ်ဆရာမကို ပြန်လွှတ်ပေးရန် အဖွဲ့ ၁၄၇ ခု တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် TNLA ပလောင်လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးထားသော မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၄၇ ခုက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မိုးကုတ်မြို့နယ်၊ မန်းနာကျေးရွာ မူလတန်းကျောင်း အုပ် ဆရာမ ဒေါ်သန်းသန်းမျိုးကို တပ်မတော်က ဆရာမနေထိုင်ရာ ဖြူရောင်ရွာ နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြင့် ဆက်သွယ်သည်ဟု ဆိုကာ မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း၊ ဒေါ်သန်းသန်းမျိုးသည် ကျောင်းဆရာမအဖြစ် ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်လည်း မူလတန်း ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်သော ဒေသတွင် နေထိုင်ကြသည့် ပြည်သူနှင့်အစိုးရဝန်ထမ်းများသည် ရည်ရွယ်ချက်မရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဖြစ်စေ၊ တပ်မတော်နှင့်ဖြစ်စေ မဖြစ်မနေ ပြောဆိုဆက်ဆံမှုများ ရှိနေကြောင်း၊ အဆင်ပြေ ဆက်ဆံကြရာတွင် နှစ်ဖက်စလုံး၏ အမျိုးမျိုး စွပ်စွဲမှုကို ခံနေရသော မြေစာပင်များဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပဋိပက္ခနယ်မြေတွင် တာဝန်ထမ်းဆောင်နေသော မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးသည် နှစ်ဖက်တပ်/ အဖွဲ့အစည်းများနှင့် မဖြစ်မနေ ပြောဆိုဆက်ဆံနေကြရခြင်းအပေါ် ဥပဒေအရ အရေး ယူခြင်းသည် တရားမျှတမှု မရှိသည့်အပြင် ကြီးမားသော အခက်အခဲ၊စိန်ခေါ်မှု တစ်ခု လည်းဖြစ်ကြောင်း ၊ ထို့ကြောင့် အပြစ်မဲ့ ကျောင်းဆရာမ ဒေါ်သန်းသန်းမျိုးကို အမြန်ဆုံးလွှတ်ပေးရန်၊ ဆရာမကို လွှတ်ပေးနိုင်ရေး ပညာရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာ ဌာနများ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ရန်၊ ဆရာမကို ဖမ်းဆီးထားစဉ် မိသားစုဝင်များနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးရန်၊ ရုံးချိန်းရက်တိုင်းတွင် ပုံမှန်ရုံးထုတ်ပေးရန်နှင့် အမှုစစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုရှိရန် တို့ကို တောင်းဆိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဇန်နဝါရီလ ၁၂ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးသည် TNLA တပ်ဖွဲ့တစ်ဦးနှင့် လူမှုရေး ပတ်သက်ဆက်နွယ်မှုပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ကျောင်းအုပ်ဆရာမသည် တယ်လီဖုန်း၊ Viber ၊ Facebook ၊ Video Call တို့ဖြင့် နေ့စဉ်ဆက်သွယ်ကာ တောတွင်း နေရာတချို့တွင် တွေ့ဆုံခဲ့ကြောင်း၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုများ၊ စခန်းချရပ်နားမှု အခြေအနေများကို ကျောင်းအုပ်ဆရာမက သတင်းပို့ခဲ့ကာ ယင်းသို့ အပြန်အလှန် ဆက် သွယ်မှုကို ဖုန်းမှတ်တမ်းများ၊ Facebook၊ Viber၊ Messenger တို့ တွင် စိစစ်ဖော်ထုတ် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts