All News Election Local News

NLD အစိုးရသစ်တွင် လူသစ်နှင့်လူဟောင်း များ ရောနှော ပါဝင်ဖွဲ့စည်းမည်ဖြစ်ပြီး တိုင်းရင်းသားများလည်း ပါဝင်မည်ဟုဆို

NLD အစိုးရသစ်တွင် လူသစ်နှင့်လူဟောင်း များ ရောနှော ပါဝင်ဖွဲ့စည်းမည်ဖြစ်ပြီး တိုင်းရင်းသားများလည်း ပါဝင်မည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီလ ၂၁

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အသစ်ဖွဲ့စည်းမည့် အစိုးရသစ်တွင် လူသစ်နှင့်လူဟောင်းများ ရောနှောပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒါကတော့ လူဟောင်း တချို့လည်းပါမယ်။ လူသစ်တချို့လည်းပါမယ်။ ဒါကတော့ ပြောနိုင်ပါတယ်။ (ရာခိုင်နှုန်းအနေနဲ့) အဲလိုတော့ မပြောနိုင်ဘူး။ ထွက်လာမှပဲ ကြည့်ပါတော့” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရသစ်များတွင် တိုင်းရင်းသားများပါဝင်မည်ဖြစ်ပြီး လက်ရှိတွင် ရာထူးနေရာများအတွက် လျာထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီဟာလည်း ကျွန်တော်တို့ ထွက်လာမှပဲ သိရမှာ။ ဘာလို့ဆိုတော့ ကျွန်တော်က အခုအနေကတော့ လျာထားတာပဲရှိတာလေ။ ကျွန်တော်တို့ လွှတ်တော်မှာ တရားဝင် မတင်မချင်းက ကျွန်တော်တို့ ပြုပြင်ပြောင်းလဲခွင့်ရှိတာပဲ။ အချိန်ရတာဆိုတော့ ကျွန်တော်တို့ အခုလောလောဆယ် ဘာကိုမှလည်း အတည်မထားသေးဘူး။ လျာထားပြီးတော့ အခြေအနေစောင့်ကြည့်နေတယ်။ တဖြည်းဖြည်း ပြောင်းလဲပြင်လို့ရအောင်ပေါ့” ဟု ဒေါက်တာမျိုးညွန့်က ဆက်လက်ပြောဆိုသည်။

NLD က တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံလျက်ရှိရာ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံမှုသည် ရလဒ်ကောင်းများ ထွက်ရှိနေကြောင်း ၎င်းက ဆိုသည်။

“ဒါကတော့ ဆရာညိုပြောထားတာရှိပါတယ်။ နောက်ဆုံး ရှမ်းပြည်နယ်က ရလဒ်တွေကောင်းတယ်။ အားရကျေနပ်တယ်ဆိုတာ ကျွန်တော်တို့လည်း ဒီလောက်ပဲသိထားပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ဆက်လက်ပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သစ်၊ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်သစ်များ ခေါ်ယူမည်ဖြစ်ပြီး ဆက်တိုက်ဆိုသလို အစိုးရသစ်များ ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts