All News Election interview Peace

NLD ရုံးတွင်သာ တွေ့ဆုံဆွေးနွေးမည်ဆိုလျှင် NLD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပွဲ မဖြစ်နိုင်ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တရားဝင်ပြောဆို

NLD ရုံးတွင်သာ တွေ့ဆုံဆွေးနွေးမည်ဆိုလျှင် NLD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပွဲ မဖြစ်နိုင်ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တရားဝင်ပြောဆို

“လူမျိုးကြီး ဝါဒပုံစံမျိုးဖြစ်နေတဲ့အခါကျတော့တိုင်းရင်းသားတွေလည်း ဒီအပေါ်မှာ လက်ခံနိုင်မှာမဟုတ်ဘူးပေါ့။ စစ်အစိုးရလက်ထက်တုန်းကလည်း ဒီပုံစံပဲ ကျင့်သုံးလာတာပဲ”

By ရန်ကုန်ခေတ်သစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD က တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံမှုများ ဆောင်ရွက်လျက်ရှိသော်လည်း မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံပွဲသည် နေရာညှိနှိုင်းမှု အဆင်မပြေသဖြင့် ပျက်ပြားသွားခဲ့ရသည်။

လက်ရှိတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကလည်း NLD ရုံးတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် ခေါ်ယူလျှင် လက်ခံမည်မဟုတ်ဘဲ တတိယနေရာတွင်သာ ဆွေးနွေးမည်ဖြစ်​ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးခူးသဲရယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဦးခူးသဲရယ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးဖို့ အထက်က ညွှန်ကြားချက်တွေနဲ့ လာရတယ်ဆိုရင် KSDP ပါတီနဲ့ကော တွေ့ဆုံဖြစ်ဖို့ အလားအလာရှိနိုင်ပါ့မလား။

ဖြေ။ ။ သူတို့ဘက်က တကယ်လို့ အဲလို မူနဲ့တွေ့တဲ့ ပုံစံမျိုးနဲ့ပဲ တင်းမာနေရင်တော့ ကျွန်တော်တို့ တွေ့ဖို့ အစီအစဉ်လည်း ရှိမှာမဟုတ်ဘူးထင်တယ်။ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော်အဲလိုပဲ ယူဆရတယ်။

မေး။ ။ ဒီလိုမျိုး ညွှန်ကြားချက်တွေနဲ့ လာတဲ့ အပေါ်ကိုကော ဘယ်လိုမြင်မိလဲ။

ဖြေ။ ။ ကျွန်တော်တို့ မူအခြေအနေနဲ့ ပတ်သက်တာကတော့ ကျွန်တော်တို့တိုင်းရင်းသား ၆ပါတီပေါ့။ ၆ပါတီကလည်း ကျွန်တော်တို့ အချိတ်အဆက်ရှိပါတယ်။ ကျွန်တော်တို့ တွေ့ဆုံမယ့် ပုံစံကလည်း ညှိနှိုင်းဆွေးနွေးထားကြတယ်။

အားလုံးက တစ်ပုံစံတည်း တွေ့ဖို့ဆိုပြီးတော့မှ ကျွန်တော်တို့လည်း အဲလိုဆွေးနွေးထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မူရဲ့ ရပ်တည်ချက်လို့ပဲ ပြောရမှာပေါ့။ NLD နဲ့ တွေ့တဲ့ အစီအစဉ်က မူရဲ့ သူရဲ့ ရပ်တည်ချက်တော့ ကျွန်တော်တို့ဘက်ကထောက်ခံတယ်ပေါ့။

ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ပါတီဘက်လည်း အဲလိုပဲ ပြင်ဆင်နေတယ်ပေါ့။ နေရာကို သူတို့ရုံးမှာပဲ ထားပြီးတော့မှ လုပ်ပြီးတော့မှ အပေါ်စီးပုံစံမျိုးနဲ့ ဆွေးနွေးတာမျိုးတော့ ကျွန်တော်တို့က လက်ခံမှာမဟုတ်ဘူး။

ကျွန်တော်တို့ပါတီမှာ လာဆွေးနွေး လာမဆွေးနွေးနိုင်ဘူးဆိုတာတောင်မှ တတိယ နေရာမျိုးတော့ ဒါလက်ခံသင့်တယ်လို့ ကျွန်တော်ကတော့ မြင်တာပေါ့လေ တတိယ နေရာကို သူတို့ကလက်မခံဘူး။ သူတို့ရုံးနေရာမှဆိုတဲ့ ပုံစံမျိုးနဲ့ကျတော့ ဒါကလည်း နည်းနည်းလေးတော့ ကြီးကျယ်တယ်လို့ပဲ ကျွန်တော်ကတော့ အဲလိုပဲမျိုးမြင်ပါတယ်။

မေး။ ။ မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီနဲ့ နေရာ ညှိနှိုင်းမရလို့ တွေ့ဆုံပွဲပျက်တယ်ဆိုတော့ ဘယ်လိုသုံးသပ်မိလဲ။

ဖြေ။ ။ ဒါကတော့ ခွဲခြားဆက်ဆံတာပဲလေ တိုင်းရင်းသားအရေးကို ဦးစားပေးတယ်လို့ ပြောပြီးတော့မှ ဒီလိုပုံစံမျိုးနဲ့တင်းနေရင်တော့ တိုင်းရင်းသားတွေကို ဦးစားပေးတာ တိုင်းရင်းအရေးကိုဖော်ဆောင်မယ်။ တိုင်းရင်းသားတွေနဲ့ လက်တွဲမယ်ဆိုတဲ့ ကိစ္စတွေကတော့ ဒါဖြစ်လာနိုင်မှာမဟုတ်ဘူးပေါ့။

ဒီကိစ္စ ဒီနေရာ ဆွေးနွေးမယ့်နေရာလေးတစ်ခုတောင် မလိုက်လျှောနိုင်ဘူးဆိုတော့ ကျန်တဲ့အရေးကြီးကိစ္စတွေကတော့ ဒါဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့ ကျွန်တော်ကတော့ အဲလိုပဲမြင်ပါတယ်။

မေး။ ။ တိုင်းရင်းသားအရေးကိစ္စနဲ့ ပတ်သက်ပြီး NLD ရဲ့ အရေးကြီးဆုံး အလျင်အမြန် ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်က ဘာအချက်ဖြစ်မလဲ။

ဖြေ။ ။ အဓိကတော့ တိုင်းရင်းသားတွေရဲ့ သမိုင်းဆိုင်ရာ အကြောင်းအရာကိစ္စရပ်တွေကိုလည်း သူတို့အလေးထားပြီးတော့မှ ဒါကလိုက်လျှောသင့်တာပေါ့။ နောက်ပြီးတော့ ဥပဒေထဲမှာလည်း တိုင်းရင်းသားအရေးနဲ့ ပတ်သက်တာတွေလည်း အာမခံချက်ရှိတဲ့ ဥပဒေ ထွက်လာအောင်လည်း သူတို့ဆောင်ရွက်သင့်တာပေါ့။

သူတို့ကို တိုင်းရင်းသားတွေတော်တော်များများက မျှော်လင့်ပြီးတော့မှ ဒါသူတို့လက်ထဲမှာ အနီးစပ်ဆုံးပြောရင်တော့ ဒါဥပဒေတချို့ ပြင်ဆင်ပြောင်းလဲတဲ့အခါမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်တာတွေလည်း အများကြီးရှိတယ်။ ဥပမာ မြေယာဥပဒေကိစ္စလိုဟာမျိုးကျရင်လည်း ကျွန်တော်တို့နဲ့ အရမ်းဆန့်ကျင်ဘက်ဖြစ်နေတာ ဆိုတော့ဒီလိုဟာမျိုး ဖြစ်လာတဲ့ ပေါ်မှာတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ သူတို့ကြားမှာတော့ လက်တွဲကိစ္စတော့ နည်းနည်းလေးတော့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော်က အဲလိုပဲယူဆတယ်။

မေး။ ။ ဒီလိုအရာတွေသာ မပြောင်းလဲဘူးဆိုရင် တိုင်းရင်းသားတွေနဲ့ ဘယ်လောက်အတိုင်းအတာထိ တင်းမာမှုတွေဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ကျွန်တော်ကတော့ အရင်တုန်းက စစ်အစိုးရလက်ထက် ပုံစံမျိုးပဲ ပြန်ဖြစ်သွားမှာပဲ သူတို့ကတော့ အရပ်သားအစိုးရဖြစ်တယ်။ နောက်ပြီးတော့မှ ဒါကလည်း အဓိက နိုင်ငံရေးကို စစ်ရေးနဲ့ မဖြေရှင်းဘူး ဆိုပြီးတော့မှ သူတို့ပေါ်လစီအရပေါ့။ အဲလိုပုံစံမျိုးလည်း သွားနေတာတွေ့နေရတယ်။ သူတို့တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့မှ ဒါအကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ တကယ့်တိုင်းရင်းသား လိုချင်တဲ့ ပုံစံမျိုးမဖြစ်ဘဲနဲ့ သူတို့ ဖြစ်ချင်တဲ့ ပုံစံပဲသွားနေတယ်။

ရှင်းရှင်းပြောရရင် ဒါနည်းနည်း လူမျိုးကြီး ဝါဒပုံစံမျိုးဖြစ်နေတဲ့အခါကျတော့တိုင်းရင်းသားတွေလည်း ဒီအပေါ်မှာ လက်ခံနိုင်မှာမဟုတ်ဘူးပေါ့။ စစ်အစိုးရလက်ထက်တုန်းကလည်း ဒီပုံစံပဲ ကျင့်သုံးလာတာပဲ ဆိုတော့ ဒီအချိန်မှာလည်း ဒီပုံစံပဲ ထပ်သွားမယ်ဆိုရင်တော့ ဒါတွေက အရင်ကပုံစံအတိုင်းပဲ ပြန်ဖြစ်သွားမှာပဲ။ တိုင်းရင်းသားတွေလည်း သူတို့ လိုက်လျှောနိုင်တဲ့ အနေ အထားမျိုးထက် ဒီထက် မလိုက်လျှောနိုင်တော့ဘူးလို့ အဲလိုပဲယူဆတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts