Local News Peace political news

NCA ထိုးပြီး ၆ နှစ်အကြာ ကရင်ပြည် နယ် တွင် တပ်မတော်စခန်းများတိုးချဲ့နေပြီး ပြည်သူများ ခြိမ်းခြောက်ခံနေရ

NCA ထိုးပြီး ၆ နှစ်အကြာ ကရင်ပြည်နယ်တွင် တပ်မတော်စခန်းများတိုးချဲ့နေပြီး ပြည်သူများ ခြိမ်းခြောက်ခံနေရ၊ နှစ်သစ်မှစ၍ ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန် အစွမ်းကုန် ထမ်းဆောင်မည်ဟု KNLA က ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

KNU ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးပြီးနောက် ကရင်ပြည်နယ်တွင် တပ်မတော်စခန်းများ တိုးချဲ့ပြီး ကရင်ပြည်သူများနေ့စဉ် ခြိမ်းခြောက်မှုများကြုံ့တွေ့နေရကြောင်း KNU/KNLA ကရင်လွတ် မြောက် ရေးတပ်မတော်က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

KNLA ၏ ထုတ်ပြန်ချက်တွင် “ယနေ့NCA လက်မှတ်ရေးထိုးပြီး ၆ နှစ်တာအတွင်း မူတြော်(ဖာပွန်) ခရိုင်ထဲ မြန်မာ့တပ်မတော်စခန်း ၇၂ ခုကနေပြီး ၈၀ ကျော်အထိရှိလာခဲ့ပြီး တပ်အင်အားကို တိုးချဲ့ခဲ့ကြတာဖြစ်ပါတယ်။ နှစ်ဖက်သဘောတူညီချက် စာချုပ်နဲ့ NCA ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် လက်တွေ့မှာ ကရင်ပြည်သူလူထုနဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်မပေးနိုင်ခဲ့တဲ့အပြင် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ပါ။ အရပ်သားပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေးအတွက် အလွန်အရေးကြီးတဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းကိုလည်း မပြုလုပ်နိုင်ခဲ့ပါ” ဟု ဖော်ပြထားသည်။

KNLA အနေဖြင့် နှစ်သစ်မှ စတင်ပြီး ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်ကို အစွမ်းကုန် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်သွားမည်ဖြစ်ပြီး ကရင်ပြည်သူလူထုက ပံ့ပိုးကြရန်လည်း တောင်းဆိုထားသည်။

“အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို အစွမ်းကုန် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်သွားဖို့ သန္ဓိဌာန်ချထားကြောင်း၊ ပြည်သူများနဲ့ လူငယ်မောင်မယ်များရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ နားလည်ပံ့ပိုးခြင်းကို ယုံကြည်မျှော်လင့်ကြောင်း” KNLA ၏ ကရင်နှစ်သစ်ကူးနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

လတ်တလော KNU/KNLA တပ်မဟာ ၁ ၊ ၃ ၊ ၅ တို့တွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ဘေးရှောင် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts