Local News Peace Web TV

KNU တပ်မဟာ ၅ နှင့် တပ်မတော် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော မဲ၀ိုင်ဒေသတွင် ကရင်တိုင်း ရင်းသား ၁၀၀၀ ကျော် တပ်မတော်ကို ဆန္ဒပြ

KNU တပ်မဟာ ၅ နှင့် တပ်မတော် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော မဲ၀ိုင်ဒေသတွင် ကရင်တိုင်း ရင်းသား ၁၀၀၀ ကျော် တပ်မတော်ကို ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၆

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နှင့် တပ်မတော်တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ တင်းမာလျက်ရှိသော ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မဲ၀ိုင်ဒေသတွင် ဒေသခံ ကရင်တိုင်းရင်းသား ၁၀၀၀ ကျော် တပ်မတော်ကို ယနေ့ နံနက် ဆန္ဒပြကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ၊မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ် ကျေးရွာအုပ်စု (၄)ခု ဒေသခံပြည်သူ ၁၀၀၀ ကျော်က တပ်မတော်ကို ဆန္ဒပြကြပြီး ရင်ဆိုင်တွေ့ကြုံနေရသည့် ဒုက္ခပြဿနာများ အပေါ်တွင် ဆန္ဒဖော်ထုတ်ကြကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ နံနက်တွင် မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကျေးရွာအုပ်စု (၄) ခု ဖြစ်သော မဲဝယ်၊ မဲသူ၊ လေးခေါ်ထိ၊ နားကိုခီး စသည့် ကျေးရွာအုပ်စုများ မှ ဒေသခံပြည်သူများသည် မိမိတို့ ရင်ဆိုင်ကြုံတွေ့ နေရသော ဒုက္ခပြဿနာများ ကို ဆန္ဒဖော်ထုတ် တောင်းဆို ကြွေးကြော်ခြင်း တစ်ရပ်ကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း KNU ဘက်က သတင်းထုတ်ပြန်သည်။

“မနေ့ကတည်းက ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေတော့ ကျနော်တို့ရထားပါတယ်။ ဒီနေ့ ဆန္ဒပြကြတာပေါ့’ ဟု ကရင်လူငယ်ကွန်ရက်မှာ စောကျော်လင်းဦးက ပြောဆိုသည်။

အဆိုပါဒေသတွင် အစိုးရစစ်တပ် မှ ဝင်ရောက် လှုပ်ရှားခြင်းမျိုး ဖြစ်သည့် တပ်အင်အား တိုးမြှင့် နေရာချခြင်း၊ အချို့တပ်များမှာ ကျေးရွာအတွင်း၌ နေရာယူ စခန်းချခြင်း၊ စစ်မှုရေးရာ များအတွက် စီစဉ်ဆောင်ရွက် ခြင်း၊ သတ်မှတ်နယ်မြေ ကျော်လွန်ပြီး သွားလာခြင်းကြောင့် ဒေသခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခြင်း၊ နောက်ဆက်တွဲ အဖြစ် ကျေးရွာအတွင်း သို့ ၎င်း၊ လယ်မြေ စားကျက်ကွင်းများ သို့၎င်း၊ အစိုးရစစ်တပ်မှ လက်နက်ကြီးများ ပစ်ချခြင်းများ၊ အစိုးရစစ်တပ်မှ ရဟတ်ယာဉ် များ၊ မောင်းသူမဲ့ ယာဉ် (Drone) များ ကို အသုံးပြု၍ စစ်ရေး ထောက်လှမ်း မှုများ အကြောင်းမဲ့ ပြုလုပ်ခြင်း တို့အပြင် ခိုးကြောင်ခိုးဝှက် သွားလာပြီး စုံစမ်းထောက်လှမ်းခြင်းများ အပေါ် ဒေသခံ ကရင် တိုင်းရင်းသားများက ကန့်ကွက်ဆန္ဒပြကြကြောင်း သိရှိရသည်။

အဆိုပါဒေသတွင် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ အများပြည်သူ၏ ဥစ္စာပစ္စည်းများကိုလည်း အတင်း အဓမ္မ လုယူသွားခြင်းများ ရှိနေကြောင်း၊ စစ်တပ် ၏ နယ်မြေစိုးမိုးမှု အတွက်လည်း ကားလမ်း ဖောက်လုပ်ရန် ကြံစည်ဆောင်ရွက်နေခြင်းများ ကို လည်း ထည့်သွင်း ကန့်ကွက် ဆန္ဒဖော်ထုတ်ကြသည်ဟု သိရှိရသည်။

တပ်မတော်၏ လှုပ်ရှား ကျူးလွန်မှုများ ကြောင့် ဒေသခံပြည်သူများ အနေဖြင့် စိတ်မချမ်းသာ ဖြစ်နေကြရပြီး အချို့မှာ မိမိတို့ ကျေးရွာများကို ပင် စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရပြီး၊ လယ်ယာ လုပ်ငန်းများ ကိုလည်း ပြန်လည် လုပ်ကိုင်စားသောက်ရန် ပင် မဝံံ့မရဲ ဖြစ်နေကြရကြောင်း၊ ကျောင်းနေ အရွယ် ကလေးငယ်များ ၏ ပညာသင်ကြားရေး ကဏ္ဍ မှာလည်း ရပ်တန့်သွားရကြောင်း၊ အိုးအိမ် စည်းစိမ် အချို့မှာလည်း ပျက်စီးကုန်ပြီး သွားရေးလာရေး ကဏ္ဍများတွင်လည်း ကြီးမားသည့် အခက်အခဲ ဖြစ်ပေါ် စေသည်ဟု ဒေသခံများက ကန့်ကွက်ဆန္ဒပြမှု ဗီနိုင်ပိုစတာများတွင် ထုတ်ဖော်ရေးသားထားသည်။

ကရင်တိုင်းရင်းသားများက အစိုးရစစ်တပ် ၏ ကျူးကျော်ဝင်ရောက်နေထိုင် လှုပ်ရှား ခြင်းများ ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း၊ သတ်မှတ်ထားသည့် နယ်မြေများတွင် လာရောက်တပ်စွဲထားပြီးသော တပ်များကို လည်း ပြန်လည်ရုပ်သိမ်းပေးရန်၊ ရွာသူရွာသားများ၏ လုပ်ငန်း ကိုင်ငန်း များတွင်လည်း အကြောင်းမဲ့ စုံစမ်းထောက်လှမ်းခြင်းများ ကြောင့် စိတ်ဆင်းရဲကြရသဖြင့် ရပ်တန့်ပေးရန်၊ လွတ်လပ်စွာ နေထိုင် လုပ်ကိုင် သွားလာခွင့် ရရှိရန် တောင်းဆိုထားသည်။

ကရင်တိုင်းသား ပြည်သူ အင်အား စုစုပေါင်း တစ်ထောင်ကျော်ခန့်သည် ခေါဝါး မှ ခေါဖိုးခီး သို့ လမ်းမကြီး အတိုင်း ချီတက် ဆန္ဒ ဖော်ထုတ်ကြပြီး၊ ၎င်းတို့၏သဘောထားများ၊ ကန့်ကွက်စာ များ၊ တောင်း ဆို ချက်များ၊ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts