All News interview Peace

AA ကို အကြမ်းဖက် အဖွဲ့ကနေ ပယ်ဖျက်ဖို့ ကြိုးစားနေလဲ

“ULA\AA ကို ဒီအကြမ်းဖက်လို့ ကြေညာထားတာကတော့ ပြည်ထောင်စု အစိုးရရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ဒီ ၂ဝ၂ဝ မတ်လ ၂၃ရက်နေ့မှာ ကြေညာထားတာဖြစ်ပါတယ်။ ဆိုတော့ သူတို့က ကြေညာလို့ရသလို ပြန်လည်ရုပ်သိမ်းလို့လည်း ရတဲ့ ရုပ်သိမ်းပိုင်ခွင့် လုပ်ပိုင်ခွင့်တွေရှိပါတယ်”

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်လွှတ်တော်တွင် AA ကို အကြမ်းဖက်အဖွဲ့ အဖြစ်မှ ပယ်ဖျက်ရေးအဆိုတစ်ရပ်ကို ယနေ့ တင်သွင်းလိုက်ပြီး ယင်းအဆိုကို တပ်မတော်၊ NLD ၊ ANP ပါတီအပါအဝင် လွှတ်တော်အမတ်များ အားလုံးက ကန့်ကွက်ခြင်းမရှိ၍ လွှတ်တော်က လက်ခံဆွေးနွေးရန် အတည်ပြုလိုက်ကြောင်း သိရှိရသည်။

ယနေ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင် ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က သတ်မှတ် ကြေညာထားသော ULA/AA အား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်း အဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အဆိုကို တင်သွင်းလိုက်ပြီး ယင်းအဆိုကို ကန့်ကွက်သူမရှိ၍ လက်ခံ ဆွေးနွေးရန် အတည်ပြုလိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ AA ကို အကြမ်းဖက် အဖွဲ့က ပယ်ဖျက်ပေးရေး အဆိုတင်သွင်းရတဲ့ အကြောင်းအရင်းက ဘာကြောင့်လဲ။

ဖြေ။ ။ အဆိုတင်သွင်းဖြစ်တဲ့ အကြောင်အရင်းက ULA\AA နဲ့ မြန်မာ့တပ်မတော် တို့ သဘောထား ထုတ်ပြန်ချက်တွေ အပြန်အလှန် ထုတ်ပြီးတဲ့နောက်ပိုင်း လက်ရှိ မြေပြင်အခြေအနေမှာ တိုက်ပွဲတွေ မရှိတော့ဘူး။ ပစ်ခတ်သံတွေ မကြားရတော့ဘူး။ ပြည်သူ တွေ လည်း လွတ်လွတ်လပ်လပ် သွားလာနေကြပြီ။ ကိုယ့် ဘဝရေးကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နေကြပြီ အဲဒီတစ်ချက်ရယ်။

နောက်တစ်ချက်က ပြည်တွင်းပြည်ပ ပညာရှင်များက တွေ့ဆုံမှ ညှိနှိုင်းမှ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်။ ဆိုတဲ့ တစ်ချက်ရယ်။ အဲဒီသဘောထားတွေ ထုတ်ပြန်ပြီးနောက်ပိုင်း Online ကနေပြီးတော့ ULA\AA ရဲ့ ခေါင်းဆောင်နဲ့ ဒီဖက်က မြန်မာ့တပ်မတော်ဖက်က ခေါင်းဆောင်တစ်ချို့နဲ့ မိနစ် ၃ဝ ကြာ အပြန်အလှန် Online ကနေပြီးတော့ ဆွေးနွေးကြတဲ့ကိစ္စတွေရယ်။ နောက် ပန်ဆန်းမှာ နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ ညှိနှိုင်းကျတယ်။ ဆွေးနွေးကြတယ်ဆိုတဲ့ ကိစ္စရယ်။

နောက်တစ်ခုက အခု ဇန်နဝါရီလ အတွင်းမှာပဲ မြစ်ကြီးနား သို့မဟုတ် ကျိုင်းတုံမှာ တစ်ခုခုမှာပေါ့။ တွေ့ဆုံဖို့ဆိုတဲ့ ကိစ္စတွေရယ်။ အဲဒီအကြောင်းတရားတွေကို ထောက်ပြီးတော့ ဒီတွေ့ဆုံဖို့ တွေ့ဆုံဖို့ နေရာထဲမှာ ဆွေးနွေးဖို့နေရာထဲမှာ အဟန့်အတားဖြစ်နေတာကတော့ အကြမ်းဖက်ဆိုတဲ့ ဥပဒေပုဒ်မပေါ့။

မတရားအသင်းဆိုတဲ့ ဥပဒေပုဒ်မ အမည်နာမတွေပေါ့။ ဆိုတော့ အဲဒီအကြမ်းဖက်ကို မပယ်ချသရွေ့တော့ ခင်ဗျာတို့ မီဒီယာတွေ အနေနဲ့လည်းပဲ တပ်မတော် သတင်းမှန်ပြန်ကြားရေးကိုတော့ လွတ်လွတ်လပ်လပ် မေးလို့မြန်းလို့ရမယ်။ တစ်ဖက်က ဦးခိုင်သုခကိုတော့ ခင်ဗျာတို့ မေးမြန်းလို့ရမှာမဟုတ်ဘူး။

ဘာလို့ဆိုတော့ မတရားအသင်း ဆက်နွယ်တဲ့ ပုဒ်မနဲ့ ခင်ဗျားတို့လည်း အဖမ်းခံရမယ်။ ဆိုတော့ ဒါတွေဟာ ငြိမ်းချမ်းရေးအတွက် အနှောက်အယှက်ဖြစ်နေတယ်။ အတားအဆီးဖြစ်နေတယ်။ အကာအကွယ်ဖြစ်နေတယ်ဆိုတဲ့ သဘာကိုရောက်နေတယ်။

ပြည်သူတွေကလည်း ငြိမ်းချမ်းရေးကို တည်ဆောက်ချင်ကြပြီး တပ်မတော်ကလည်းပဲ အခုအနေအထားအရ နှစ်ဖက် တပ်ဖွဲ့တွေ ပြေလည်ပြီးတော့ သူတို့လည်း ဆွေးနွေးချင်နေကြပြီ ဆိုတော့ ဒီနေရာမှာ ဒီအကြမ်းဖက်လို့ ကြေညာနိုင်တာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတစ်ရပ်ကသော်လည်းကောင်း ကမ္ဘာ့ကုလသမဂ္ဂ သော်လည်းကောင်း အကြမ်းဖက်လို့ကြေညာနိုင်တယ်။

ဒီကနေ့ ULA\AA ကို ဒီအကြမ်းဖက်လို့ ကြေညာထားတာကတော့ ပြည်ထောင်စု အစိုးရရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ဒီ ၂ဝ၂ဝ မတ်လ ၂၃ရက်နေ့မှာ ကြေညာထားတာဖြစ်ပါတယ်။ ဆိုတော့ သူတို့က ကြေညာလို့ရသလို ပြန်လည်ရုပ်သိမ်းလို့လည်း ရတဲ့ ရုပ်သိမ်းပိုင်ခွင့် လုပ်ပိုင်ခွင့်တွေရှိပါတယ်။

ဆိုတော့ အမှန်တကယ်က ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်မယ်။ တိုင်းရင်းသား ရင်ကြား စေ့ရေးကို သွားမယ်ဆိုရင်တော့ အဲဒီ ဥပဒေ ပုဒ်မကို ပယ်ပျက်သင့်တယ်ထင်လို့ လက်ရှိမြေပြင်မှာလည်း အကျိုးတွေရှိနေလို့ အဲဒီအဆိုကို တင်ရခြင်းဖြစ်ပါတယ်။

မေး။ ။ အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်ကကော ဘယ်ကိုယ်စားလှယ်လဲ။

ဖြေ။ ။ ဘူးသီးတောင်မြို့နယ် အမှတ် ၂ က ပြည်နယ်လွှတ်တော် လွှတ်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းဖြစ်ပါတယ်။

မေး။ ။ ဒီအဆိုကို အကုန်လုံးထောက်ခံတာလား။

ဖြေ။ ။ အကုန်လုံး ထောက်ခံပါတယ်။ ကန့်ကွက်သူမရှိတော့ အကုန်လုံး ထောက်ခံတဲ့ သဘောကို ဆောင်ပါတယ်။

မေး။ ။ ဒီအဆိုကို ဘယ်နေ့စဆွေးနွေးမှာလဲ။

ဖြေ။ ။ ဆွေးနွေးဖြစ်ဖို့ date ကိုတော့ မသိသေးဘူး။ ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကိုတော့ ၁၃ရက်နေ့ ညနေ ၄နာရီ နောက်ဆုံးထားပြီးတော့ ပေးပို့ရမှာဖြစ်ပါတယ်။

မေး။ ။ ဒီအဆိုတင်သွင်းတာနဲ့ ပတ်သက်ပြီးတော့ ကိုယ်စားလှယ်တွေက ဘာတွေတာရှိသေးလဲ။

ဖြေ။ ။ ထောက်ခံပါတယ်။ အပြင်မှာ ဘာမှတော့ မပြောပါဘူး။

မေး။ ။ ဒီအဆိုနဲ့ ပတ်သက်ပြီး တင်ပြသလိုဖြစ်လာမယ်လို့ မျှော်လင့်ထားလား။

ဖြေ။ ။ ဒါကတော့ အဆင့် ၂ ဆင့်သွားရမယ်။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ပြည်နယ်အစိုးရကိုပဲလုပ်နိုင်တယ်။ ဆိုတော့ ကျွန်တော့်အဆိုထဲမှာက ရခိုင်ပြည်နယ် အစိုးရမှတစ်ဆင့် ပြည်ထောင်စု အစိုးရကိုလို့ ညွှန်းထားပါတယ်။

အဓိကလုပ်ပိုင်ခွင့်ရှိတာကတော့ ပြည်ထောင်စု အစိုးရပဲဖြစ်ပါတယ်။ ပြည်နယ် အစိုးရကိုတော့ ကျွန်တော်တို့ တွန်းထားပြီးပြီ ပြည်နယ်ကနေပြီးတော့ ပြည်ထောင်စု အစိုးရကို အစီရင်ခံရမှာဖြစ်ပါတယ်။ ဆိုတော့ လုပ်ပိုင်ခွင့်အားလုံးက ပြည်ထောင်စု အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။

ပြည်ထောင်စု အစိုးရကလည်းပဲ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်မယ်။ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ဆိုထားတဲ့အတွက် သူတို့သွားမယ့် ထာဝရငြိမ်းချမ်းရေး ဒီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် ခဏခဏ တွေ့ဆုံဖို့ မကြာမကြာတွေ့ဆုံဖို့ နိုင်ငံရေး အဝန်းအဝိုင်းထဲကို ဝင်လာဖို့အတွက်ကတော့ ဒီပုဒ်မကို ပယ်ဖျက်ပြီးမှ လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေး ညှိနှိုင်းလို့ရမှာ ဖြစ်တဲ့အတွက် ဒီပြည်ထောင်စု အစိုးရအနေနဲ့လည်း ဒါကို မျက်ကွယ်ပြုလိမ့်မယ်လို့ မထင်ပါဘူး။

မေး။ ။ လွှတ်တော်ကိုယ်စားလှယ် အကုန်လုံးထောက်ခံတယ်ဆိုတော့ တပ်မတော် လွှတ် တော်ကိုယ်စားလှယ်တွေပါ ထောက်ခံတာလား။

ဖြေ။ ။ မကန့်ကွက်ဆိုတော့ ထောက်ခံတာပေါ့။ လွှတ်တော် ဥက္ကဋ္ဌက အဲဒီ လွှတ်တော်ဥက္ကဋ္ဌက အဲဒီအဆိုနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်တွင် ဆွေးနွေးရန် သင့်မသင့်ဆိုတဲ့ မေးခွန်းကို လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကိုမေးတာပေါ့။ ကန့်ကွက်မယ့် သူရှိပါသလား။ စသည်အားဖြင့် အဲလိုမေးတယ်။

ပထမတော့ ထောက်ခံပါသလားဆိုတဲ့ ၃ချက်ပေါ့။ ထောက်ခံပါတယ်။ ထောက်ခံပါတယ်။ ဆိုပြီးတော့ အော်ကြတယ်။ ကန့်ကွက်မယ့် သူရှိပါသလားဆိုတော့ ကန့်ကွက်မယ့် သူမရှိဘူးပေါ့။ ဒါကြောင့်မို့လို့ ကန့်ကွက်မယ့် သူမရှိတဲ့အတွက် အဲတာကို လက်ခံဆွေးနွေးဖို့အတွက် အတည်ပြုလိုက်တာဖြစ်ပါတယ်။

နောက်တစ်ဆင့်သွားရမှာကတော့ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ လည်းပဲ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်မယ့် သူရှိပါသလား။ ကန့်ကွက်မယ့် သူရှိပါသလားဆိုပြီးတော့ သူက၃ချက်အော်ရမှာဖြစ်ပါတယ်။ ကန့်ကွက်မယ့် သူမရှိရင်တော့ အဲတာကို အတည်ပြုဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ကန့်ကွက်မယ့် သူရှိပါတယ်လို့ တစ်ဦးဦးက ကန့်ကွက်ခဲ့ရင် လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ မဲခွဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါကတော့ အဲဒီသဘောအတိုင်းပဲသွားတာပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts