All News Local News Peace

၇၂ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား နေရာပြောင်း ကျင်းပရန် တပ်မတော်က KNLA တပ်မဟာ ၅ ကို ဖိအားပေး၊ KNLA က မပြောင်း ရွှေ့နိုင်ဟု အကြောင်းပြန်

၇၂ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား နေရာပြောင်း ကျင်းပရန် တပ်မတော်က KNLA တပ်မဟာ ၅ ကို ဖိအားပေး၊ KNLA က မပြောင်းရွှေ့နိုင်ဟု အကြောင်းပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ကျရောက်မည့် ၇၂ ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို နေရာပြောင်း ကျင်းပရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က KNU/KNLA တပ်မဟာ ၅ ကို ဖိအားပေးလျက်ရှိပြီး KNU/KNLA တပ်မဟာ ၅ နေရာ မပြောင်းရွှေ့နိုင်ဟု ငြင်းဆန်ထားကြောင်း သိရှိရသည်။

တပ်မတော်၊ အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မဟာများ ဆက်ဆံရေး(ဘားအံ) သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က အကြောင်းကြားစာတစ်စောင်ပေးပို့ခဲ့ပြီး ယင်းစာတွင် KNLA တပ်မဟာ ၅ က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ကျရောက်မည့် ၇၂ ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့ စစ်ရေးပြ အခမ်းအနားနှင့်ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန် ဖာပွန်မြို့နယ်၊ ကွမ်းပင်၀ကျေးရွာအုပ်စု၊ ထီးလော်သီထကျေးရွာတွင် ပြုလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ အကြိုအားကစားပြိုင်ပွဲများ ပြုလုပ်လျက်ရှိသည်ဟု သိရှိရကြောင်း အကြောင်းကြားစာတွင် ရေးသားဖော်ပြထားသည်ဟု KNLA သတင်းရပ်ကွက်ထံမှ သိရှိရသည်။

တပ်မတော်က KNLA တပ်မဟာ ၅ အနေဖြင့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNLA တပ်မဟာ ၅ ဌာနချုပ်၊ ဒေးပူနိုတွင်သာ ကျင်းပပြုလုပ်ရန် တောင်းဆိုပြီး လက်ရှိ ကျင်းပရန် စီစဉ်ထားသော ထီးလော်သီထကျေးရွာတွင် မကျင်းပရန် အကြောင်းကြားထားကြောင်း သိရှိရသည်။

KNU/KNLA တပ်မဟာ ၅ ဘက်ကမူ တပ်မတော်က တောင်းဆိုသကဲ့သို့ နေရာပြောင်းရွှေ့ ကျင်းပ မည်မဟုတ်ဘဲ မူလစီစဉ်ထားသော ထီးလော်သီထကျေးရွာတွင်သာ တော်လှန်ရေး အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း ၊ ထီလော်သီထကျေးရွာသည် KNU/KNLA တပ်မဟာ ၅ ၏ လက်အောက်တွင်ရှိသော အုပ်ချုပ်ရေးနယ်မြေဖြစ်ကြောင်း အကြောင်းပြန်ကြားထားသည်ဟု သိရှိရသည်။

ယခုနှစ် ၇၂ နှစ်မြောက် ကရင့်တော်လှန်ရေးအခမ်းအနားကို ထီလော်သီထကျေးရွာတွင် ပြောင်းရွှေ့ကျင်းပရခြင်းမှာ ဒေသခံနှင့် ရွာခံများက တင်ပြ တောင်းဆိုလာခြင်းဖြစ်ကြောင်း၊ တပ်မတော်ဘက်က ဒေပူနို့ဒေသတွင် အခမ်းအနား ရွှေ့ပြောင်းလုပ်ဆောင်စေလိုသော်လည်း ဒေသခံများ၏ တောင်းဆိုမှုကို လျစ်လျူရှု၍ ပြောင်းရွှေ့ကျင်းပခြင်း မပြုနိုင်ကြောင်း၊ ယင်း အခမ်းအနားသည် မြန်မာအစိုးရအတွက်သော်လည်းကောင်း၊ တပ်မတော်အတွက်သော်လည်း ကောင်း အနှောင့်အယှက်ဖြစ်ပေါ်နိုင်သည့် အခြေအနေမရှိဟု KNLA တပ်မဟာ ၅ က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အကြောင်းပြန်ထားကြောင်း သိရှိရသည်။

ယခုနှစ် ၇၂ နှစ်မြောက်ကရင့်တော်လှန်ရေးနေ့ အခမ်းအနား နေရာပြောင်းရွှေ့စေခိုင်းမှုကြောင့် အခမ်းအနားတက်ရောက်မည့် ပြည်သူများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေနိုင်ပြီး KNLA ၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက်စွက်နေခြင်းဖြစ်ကြောင်း၊ နှစ်ဖက်ယုံကြည်မှု အခြေခံ၍ တည်ဆောက်ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားလျှော့နည်းစေနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် NCA စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် နယ်မြေဒသေ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် အသိပေး အကြောင်းကြား သည်ဟု KNLA ၏ အကြောင်းပြန်ကြားစာတွင် ဖော်ပြထားသည်ဟု သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts