All News Local News Peace

ဥပဒေချိုးဖောက်နေသည့် အမျိုးသားရေးလှုပ်ရှားသူများ၏ တပ်ထောက်ခံသော ဆန္ဒပြပွဲများ တွင်လူမိုက်ပုံစံ တိုက်ခိုက် လာခြင်းများ အရေးမယူလျှင် မတည်မငြိမ်သို့ ဦးတည်နေ

ဥပဒေချိုးဖောက်နေသည့် အမျိုးသားရေးလှုပ်ရှားသူများ၏ တပ်ထောက်ခံသော ဆန္ဒပြပွဲများ တွင်လူမိုက်ပုံစံ တိုက်ခိုက် လာခြင်းများ အရေးမယူလျှင် မတည်မငြိမ်သို့ ဦးတည်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ဥပဒေနှင့်မညီဘဲ လူစုလူဝေးဖြင့် နေ့စဉ် ရက်ဆက် ဆန္ဒပြနေသော အမျိုးသားရေးလှုပ်ရှားသူများ၏ တပ်မတော်ကို ထောက်ခံသည့် ဆန္ဒပြပွဲများသည် တဖြည်းဖြည်း လူမိုက်ပုံစံဖြင့် တိုက်ခိုက်လာမှုများရှိနေရာ ယင်းတိုက်ခိုက်မှုများကို အရေးမယူလျှင် မတည်မငြိမ် အခြေအနေဆီသို့ ဦးတည်နေကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံရှေ့နေများနှင့်ဥပဒေ အထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ နောက်ပိုင်းမှစတင်၍ အမျိုးသားရေးလှုပ်ရှားသူများက ရန်ကုန်မြို့တွင် လူစုလူဝေးဖြင့် ဆန္ဒပြပွဲများ စတင်ဖန်တီးလာပြီး တချို့သော ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့က ငြိမ်းစုစီ ဥပဒေဖြင့် အရေးယူမှု တချို့ရှိခဲ့ကြောင်း၊ သို့ရာတွင် ဇန်နဝါရီ ၂၇ ရက်နေ့ နောက်ပိုင်းတွင် ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့က ထိရောက်စွာ တားဆီးအရေးယူခြင်းမရှိတော့ ဟု ၎င်းက ဆိုသည်။

“သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲဥပဒေဆိုတာက အခုထက်ထိ အသက်ဝင်နေတယ်။ ကိုဗစ်ကာလမှာ။ ရဲတပ်ဖွဲ့က လူစုလူဝေးဖြစ်နေတာကို အရေးမယူဘူး။ သူ့အလုပ်သူမလုပ်ဘူး။ ထွေ/အုပ်ကလည်း အမိန့်မပေးဘူးထင်တယ်။ ထွေ/အုပ်ကလည်း အထက်က အမိန့်မပေးဘူးပြောမယ်။ အမှန်က အထက်က အမိန့်ပေးနေစရာမလိုဘူး။ ထွေ/အုပ်ကနေ ရဲတပ်ဖွဲ့ကို အကြောင်းကြား ဖမ်းဆီးပြီးတော့ တရားစွဲရမှာ။ တစ်ခါတည်းလုပ်ရမှာ” ဟု တရားလွှတ်တော်ရှေ့နေဦးကြီးမြင့် က ဆိုသည်။

အမျိုးသားရေးလှုပ်ရှားသူများက ပထမဦးဆုံးအကြိမ် ဆန္ဒပြ စတင်ကတည်းက ထိရောက်စွာ အရေးမယူခဲ့သည့်အတွက် ဆန္ဒပြပွဲများ ပိုမိုများပြားလာပြီး လူမိုက်ပုံစံ တိုက်ခိုက်မှုများရှိလာခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“ပထမဆုံးပွဲမှာ ငြိမ်းစုစီနဲ့ပဲ အရေးယူတယ်။ တစ်ဦးလား၊ နှစ်ဦးလားမသိဘူး။ တစ်ပြည်လုံးက သူတို့ကြောက်ရင် ဥပဒေက တစ်မျိုး၊ မကြောက်ရင် ဥပဒေက တစ်မျိုးဆိုတော့ အစိုးရကိုယ်တိုင် ဥပဒေကို ကြောက်ပြီးတော့ ဥပဒေနဲ့ မညီ မလုပ်ရဲတဲ့ အစိုးရဖြစ်နေတယ်။ အဲဒါက လူထုကိုလည်း ထိခိုက်သလို အစိုးရကို ထိခိုက်တယ်။ သူရဲ့ အကြောက်တရားက အရမ်းကြီးနေတဲ့ အခါကျတော့ မလုပ်နဲ့ စစ်တပ်ကို သွားမလုပ်နဲ့ ။ စစ်တပ်နဲ့ပတ်သက်တာတွေ မလုပ်နဲ့ဆိုတဲ့ အကြောက် တရားကြီးက သူ့မှာ ပိနေတဲ့အခါကျတော့ ဟိုက အာဏာသိမ်းမယ်အထိ ပြောလာတာက သူရဲ့ အကြောက်တရားကို နောက်က လိုက်လာတာပဲ။ ကြောက်ရွံ့ခြင်းမှ ကင်းပါစေဆိုပေမယ့် အစိုးရက ကြောက်နေတာ။ ဥပဒေဖောက်ဖျက်မှုတွေကို အရေးမယူတာက အစိုးရကိုယ်တိုင် ဥပဒေချိုးဖောက်ရာရောက်တယ်” ဟု ဦးကြီးမြင့်ကဆိုသည်။

အမျိုးသားရေးလှုပ်ရှားသူများက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် ညနေ ၃ နာရီခွဲတွင် ဆန္ဒပြရန် စုဝေးမည်ဖြစ်ပြီး ယနေ့ ဆန္ဒပြပွဲတွင် မီဒီယာသမားများကို ၀ိုင်းဝန်း ရိုက်နှက်မည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင် လှုံ့ဆော်ကြွေးကြော်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts