All News Election Local News Peace

ဥပဒေကို လိုရာဆွဲ၍ ပြောဆိုနေမှု အကျိုးထက်အဆိုးကို ဖြစ်ပေါ် စေနိုင်ပြီးတိုင်းပြည်ကာကွယ်ရေး ညာသံပေးနေရုံဖြင့် မရဘဲ လက်တွေ့လုပ်ဆောင်ရမည်ဟု တပ်ချုပ်ပြော

ဥပဒေကို လိုရာဆွဲ၍ ပြောဆိုနေမှု အကျိုးထက်အဆိုးကို ဖြစ်ပေါ် စေနိုင်ပြီးတိုင်းပြည်ကာကွယ်ရေး ညာသံပေးနေရုံဖြင့် မရဘဲ လက်တွေ့လုပ်ဆောင်ရမည်ဟု တပ်ချုပ်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥပဒေကို ကိုယ်လိုရာဆွဲ၍ ပြောဆိုခြင်းများသည် အကျိုးထက်အဆိုးကို ဖြစ်ပေါ်စေနိုင်ပြီး တိုင်းပြည်ကာကွယ်ရေး ညာသံပေးနေရုံဖြင့် မရဘဲ လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


နိုင်ငံရေးအမြင်နှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စည်း ကမ်းရှိသည့် ဒီမိုကရေစီနိုင်ငံ၊ တရားမျှတသည့်ဒီမိုကရေစီနိုင်ငံ၊ ရိုးသားသည့်ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်လိုအပ်ပြီး ဥပဒေကို အလေးထားလိုက်နာရန်လိုအပ်ကြောင်း၊ ဥပဒေကို ကိုယ်လိုရာဆွဲ၍ ပြောဆိုနေခြင်းများသည် အကျိုးထက်အဆိုးကို ဖြစ်ပေါ် စေနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုမဆန့်ကျင်သည့် တည်ဆဲဥပဒေများကို အလေးထားလိုက်နာ သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

အုပ်ချုပ်ရေးအမြင်ပတ်သက်၍ ညီညွတ်မျှတပြီး စည်းကမ်းနှင့် ဥပဒေကို လေးစားသည့် အုပ်ချုပ်မှုစနစ် ဖြစ်စေ ရန်အတွက် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးရန်နှင့် ပြည်သူများ အနေဖြင့် ဥပဒေကို လေးစားလိုက်နာအောင်၊ စည်းကမ်းရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောဆိုသည်။

ကာကွယ်ရေးအမြင်နှင့်ပတ်သက်၍ မူ စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ရမည်ဖြစ်ပြီး ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန်အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တို့ကိုလည်း မြင့်မားအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊တိုင်းပြည်ကာကွယ်ရေးတွင် ညာသံပေးနေရုံဖြင့် မရဘဲ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts