All News Local News Peace

ဥပဒေကို မလေးစား မလိုက်နာဘူးဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုလျှင်ပင် ဖျက်ပစ်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

ဥပဒေကို မလေးစား မလိုက်နာဘူးဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုလျှင်ပင် ဖျက်ပစ်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥပဒေကို မလေးစား မလိုက်နာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုလျှင်ပင် ဖျက်ပစ်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်သည် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်၍ အခြေခံဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ တည်ဆဲဥပဒေများကိုလည်း လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဥပဒေကို မလေးစား မလိုက်နာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေလျှင်ပင် ဖျက်ပစ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“တပ်မတော်က စောစောကပြောသလို လက်နက်ကိုင်ထားတဲ့ အဖွဲ့ အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ဒါကြောင့် ငါတို့တွေ လည်း ပြောရလို့ရှိရင်တော့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးတော့မှ ကျော်လွန်မှုမရှိတဲ့ တည်ဆဲဥပဒေအားလုံးကို ငါတို့က လေးစားလိုက်နာရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေး ကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ န၀တခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။ အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ တည်ဆဲဥပဒေ” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွင် မဲမသမာမှုဖြစ်နိုင်သော မဲ ၈ သန်း ၆ သိန်းကျော်ရှိနေပြီး ယင်းမဲစာရင်းမှားယွင်းမှုကို သက်ဆိုင်ရာ လွှတ်တော်၊ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန် ဇန်နဝါရီလ ၂၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts