Editorial Peace political news

အာဏာ မသိမ်းဟု မှတ်ယူ၍ မရဟု တပ်မတော်ထုတ်ပြန်မှု လူထုနှင့်နိုင်ငံ တော်ကို ခြိမ်းခြောက် ပုန်ကန်ရန် ကြိုးစားနေသလား

အယ်ဒီတာ့အာဘော်

အာဏာ မသိမ်းဟု မှတ်ယူ၍ မရဟု တပ်မတော်ထုတ်ပြန်မှု လူထုနှင့်နိုင်ငံတော်ကို ခြိမ်းခြောက် ပုန်ကန်ရန် ကြိုးစားနေသလား

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်း မှားယွင်းမှုနှင့် မဲမသမာမှုဖြစ်နိုင်သော အရေအတွက် ၈ သန်း ၆ သိန်းကျော်ရှိပြီး မဖြေရှင်းပါက ၂၀၀၈ အခြေခံဥပဒေအတိုင်းဆောင်ရွက်ကာ နိုင်ငံတော်အာဏာကို မသိမ်းဘူးဟူ၍ မှတ်ယူ၍ မရဟု ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အတိအလင်းထုတ်ဖော်ပြောဆိုသွားသည်။

ယင်းစကားရပ်၏ အဓိပ္ပာယ်သည် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှု ကို အကြောင်းပြ၍ မဲစာရင်း မှားယွင်းမှုကို မဖြေရှင်းလျှင် အာဏာသိမ်းကောင်း သိမ်းနိုင်သည်ဆိုသော သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းရာ တစ်နည်းအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းလဲရေးကို လုံး၀ ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁ နိုင်ငံတော်အခြေခံမူများကို ညွှန်းဆို၍ တပ်မတော်အနေဖြင့် အခြေခံဥပဒေပါအတိုင်း ဆောင်ရွက်သွားမည်ဟု ဆိုထားပြန်သည်။

“တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမှာဖြစ်ပါတယ်။ ကျနော်တို့် ဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါ အဝင် တည်ဆဲရေးဥပဒေများကို လေ့လာကြည့်ရင် ပြောနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာက ခင်ဗျားကို တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ယူမယ်လို့လည်းမပြောဘူး၊ မယူဘူးလို့လည်းမပြောဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆိုထားသည်။

တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း အာဏာသိမ်းနိုင်သည်ဟု အဓိပ္ပာယ်ဖြင့် ပြောဆိုနေခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၆ (စ) ၊ ပုဒ်မ ၂၀ (င) ၊ (စ) တို့ကို တပ်မတော်က တွင်တွင်ကျယ်ကျယ်သုံးသွားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ နိုင်ငံအခြေခံမူများ ပုဒ်မ ၆ (စ) တွင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက် ဦးတည်သည်”ဟု ပြဋ္ဌာန်းထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၂၀ (င)တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၂၀ (စ) တွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

တပ်မတော်သည် အဆိုပါ ပြဋ္ဌာန်းချက်များကို တွင်တွင်ကျယ်ကျယ်သုံး၍ အာဏာသိမ်းမည့် သဘောထားများကို ထုတ်ဖော်ပြသလာခြင်းဖြစ်သည်။

သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတ၏ အမိန့်နှင့် သဘောတူညီမှု မရှိဘဲ တပ်မတော်အနေဖြင့် အာဏာသိမ်းပိုင်ခွင့်မရှိသကဲ့သို့ အာဏာကို ရယူပိုင်ခွင့်လည်း မရှိပေ။

နိုင်ငံတော်သမ္မတ၏ အမိန့်နှင့် သဘောတူညီချက်မပါဘဲ အာဏာသိမ်းယူခြင်း၊ အာဏာသိမ်းယူရန် နှပ်ကြောင်းပေးခြင်း၊ အာဏာသိမ်းယူ မည့် သဘောထားများကို ထုတ်ဖော်ပြောဆိုခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ အခြေခံဥပဒေကို ကျော်လွန်ချိုးဖောက်ခြင်းပင် ဖြစ်သည်။

အရေးကြီးဆုံးသော အချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ အခန်း ၁ ၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၄ တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံ တော်တစ်ဝန်းလုံးတွင် တည်သည်”ဟု ပြဋ္ဌာန်းထားသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုသည် အခြေခံဥပဒေ၏ အခြေခံမူဖြစ်သော နိုင်ငံသားများထံမှ ဆင်းသက်သော နိုင်ငံတော်အာဏာကို လုယူရန် လုံလောက်သော အကြောင်းပြချက်မဟုတ်ပေ။

ဒီမိုကရေစီ ယိမ်းယိုင်နေ၍ ဒီမိုကရေစနစ် ကို ဖျက်သိမ်းပြီး စစ်အာဏာမသိမ်းဘူးဟု မှတ်ယူ၍ မရဟု ပြောဆိုခြင်းမှာ ဟာသတစ်ခုပမာဖြစ်နေသည်။ ” ပြည့်တန်ဆာပေမယ့် အပျိုစစ်ပါတယ်” ဆိုသော စကားကဲ့သို့ပင် ရှေ့နောက်မညီဖြစ်နေသည်။

ဒီမိုကရေစီစနစ် မယိမ်းယိုင်စေရန် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သာဖြစ်ပြီး စစ်အာဏာမသိမ်းဟု မှတ်ယူ၍ မရ ဆိုခြင်းမှာ လက်နက်အားကိုး၍ ဖြေရှင်းလိုသည့် သဘော ၊ ဥပဒေမဲ့ လုပ်ဆောင်မည့် သဘောထားကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄ ပြဋ္ဌာန်းချက်အရ နိုင်ငံသားများထံမှ ဆင်းသက်သည့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှု အကြောင်းပြ၍ အာဏာမသိမ်းဟု မမှတ်ယူနိုင်ဟု ပြောဆိုခြင်းသည် နိုင်ငံသားများထံမှ ဆင်းသက်သော နိုင်ငံတော်၏အာဏာကို လက်နက်ဖြင့် သိမ်းယူနိုင်သည်ဟု ခြိမ်းခြောက်ခြင်းဖြစ်ရာ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးဆီသို့ ဦးတည်နေသည့် သဘောရှိလာနေသည်။

၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သစ္စာ ဖေါက်ဖျက်ပုန်ကန်မှုကြီး အက်ဥပဒေ ပုဒ်မ ၂ ၊ ပုဒ်မခွဲ ဃ ၊ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၁၂၁ ၊ ပုဒ်မခွဲ ဃတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော ပြည်ထောင်စုနိုင်ငံ၏ လုပ်ငန်းအဖွဲ့ များကိုသော်၎င်း၊ ပြည်ထောင်စုအဖွဲ့ဝင်များ၏ လုပ်ငန်းအဖွဲ့များကိုသော်၎င်း၊ လက်နက်ဖြင့်ဖြစ်စေ၊ အ ခြားသောင်းကြမ်းသောနည်းလမ်းဖြင့် (by other violent means) ဖြစ်စေ၊ ဖြိုဖျက်ရန် ကြံစည်အား ထုတ်လျှင်၊ သို့တည်းမဟုတ် အခြားနည်းဖြင့် ပြင်ဆင်ခြင်းပြုလျှင်၊ သို့တည်းမဟုတ် ယင်းသို့ အားထုတ် မှုတွင် ပါဝင်ဆောင်ရွက်လျှင်၊ သို့တည်းမဟုတ် ယင်းသို့အားထုတ်မှုနှင့် ပတ်သက်လျှင်၊ သို့တည်းမဟုတ် ယင်းသို့ ကြံစည်အားထုတ်မှုကိုပြုရန်ဖြစ်စေ၊ ယင်းသို့ကြံစည်အားထုတ်မှုတွင် ပါဝင်ဆောင်ရွက်စေရန် ဖြစ်စေ၊ ယင်းသို့ကြံစည်အားထုတ်မှုနှင့် ပတ်သက်စေရန်ဖြစ်စေ၊ ပြည်ထောင်စု အတွင်း၌သော်၎င်း၊ ပြည်ပ ၌သော်၎င်း၊ လူတဦးဦးကို လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် လူတဦးဦးနှင့် ပူးပေါင်းကြံစည်လျှင်၊ ထိုသူသည်၊ နိုင်ငံတော်သစ္စာဖေါက်ဖျက်ပုန်ကန်ခြင်း ပြစ်မှုကြီးကို ကျူးလွန်သည် ဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်သစ္စာဖေါက်ဖျက်ပုန်ကန်မှုကြီး၏ပြစ်ဒဏ်အနေဖြင့် ဥပဒေ၏ ပုဒ်မ ၃ နှင့်ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၂ တို့တွင်

“ပုဒ်မ ၃။ ။ (၁) မည်သူမဆို ပြည်ထောင်စုအတွင်းတွင်၊ နိုင်ငံတော်သစ္စာဖေါက်ဖျက်ပုန်ကန်ခြင်း ပြစ်မှုကြီးကို ကျူးလွန်လျှင်၊ သေဒဏ်စီရင်ခြင်းခံရမည်။

(၂) ပြည်ထောင်စု နိုင်ငံသားဖြစ်သူ၊ သို့တည်းမဟုတ် ယေဘူယျအားဖြင့်၊ ပြည်ထောင်စုအတွင်းတွင် နေ ထိုင်သူ တဦးတယောက်သည်၊ ပြည်ထောင်စုပြင်ပတွင် နိုင်ငံတော်၏သစ္စာကို ဖေါက်ဖျက်ပုန်ကန်လျှင်၊ သေဒဏ်စီရင်ခြင်းခံရမည်” ဟု ပြဋ္ဌာန်းထားသည်။

တပ်မတော်၏ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှု မဖြေရှင်းလျှင် အာဏာမသိမ်းဟု မှတ်ယူ၍ မရကြောင်း ပြောဆိုမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ချိုးဖောက်နေပြီး တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်နေကြောင်း သတိချပ်စေရန် မီးမောင်းထိုးပြလိုက်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts