All News Election interview Peace

“အာဏာရရေးဆိုတဲ့ ကိစ္စကို အဓိကမထားပါနဲ့ဆိုတဲ့ Message လေးတစ်ခုကို ကျွန်တော်တို့က NLD ကို Message ပေးသလို”

“NLD ဘက်က တွေ့ဆုံ ဆွေးနွေးရမယ့် နိုင်ငံရေးပါတီ အများကြီးကျန်ရှိသေးတယ်။ သူတို့ရဲ့ လက်ခံချက် ရပ်တည်ချက်က ဒီပုံစံအတိုင်းပဲ ဆက်သွားရင်တော့ အကျိုးထက်ကို အပြစ်က ပိုများလိမ့်မယ်။အာဏာရရေးဆိုတဲ့ ကိစ္စကို အဓိကမထားပါနဲ့ဆိုတဲ့ Message လေးတစ်ခုကို ကျွန်တော်တို့က NLD ကို Message ပေးသလို “

By ရန်ကုန်ခေတ်သစ်

ဒေါက်တာအောင်မိုးညိုဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့သည် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေပြီး ရှမ်းပြည်နယ်တွင် အင်အားအကြီးဆုံးနှင့် နေရာအများဆုံး အနိုင်ရရှိထားသော တိုင်းရင်းသားပါတီတစ်ခုဖြစ်သည် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။ SNLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ SNLD ပါတီနဲ့ NLD ပါတီတော့ ဘယ်နေ့တွေ့ဆုံဖြစ်မလဲ။

ဖြေ။ ။ ဒီနေ့ မနက် ၁ဝနာရီ သူတို့ရဲ့ ပြည်နယ် ရုံးချုပ်မှာတွေ့ပါမယ်။

မေး။ ။ SNLD ဘက်ကကော ဘယ်ကိုယ်စားလှယ်တွေ တက်ဖို့ရှိမလဲ။

ဖြေ။ ။ ကျွန်တော် အထွေထွေအတွင်းရေးမှူး စိုင်းလိတ် တွဲဖက် (၁) စိုင်းကျော်ညွန့် ၊တွဲဖက် (၂) စိုင်းဆမ်ဖွဏ်ဆိုင် ၃ယောက်တွေ့ပါမယ်။

မေး။ ။ ဆွေးနွေးဖြစ်မယ့် အကြောင်းအရာတွေကကော ဘာတွေ ပါဝင်မလဲ။

ဖြေ။ ။ သူတို့ဘက်ကတော့ ဘာပါလာမယ် မသိဘူးပေါ့။ ကျွန်တော်တို့ဘက်ကတော့ အမျိုးသားညီညွတ်ရေးကိစ္စကို ဦးတည်ပြီးဆွေးနွေးမှာဖြစ်တယ်။ အမျိုးသားညီညွတ်ရေးကိစ္စကို ကျွန်တော်တို့ မဆောင်ရွက်နိုင်ဘူးဆိုရင် ကျွန်တော်တို့ နောက်ထပ် သမိုင်း ဘီးတစ်ပတ်လည်သွားလိမ့်မယ်ပေါ့။

အာဏာရှင်စနစ် ပြန်လည် ထွန်းကားလာနိုင်တယ်။ ပြန်လည်ပြီးတော့မှ ရှင်သန်လာနိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ NLD အနေနဲ့ အထူးဝါယမ စိုက်ပြီး ကြိုးပမ်းရမှာက အမျိုးသား ညီညွတ်ရေးကိစ္စဖြစ်တယ်လို့ ကျွန်တော်မြင်တယ်လေ။ ဒါပေမယ့် NLD ကိုယ်စားလှယ် အနေနဲ့ ကချင်ပြည်နယ်သွားတယ်။ မွန်ပြည်နယ်သွားတယ်။ အဆင်မပြေဘူး။ နောက်ဆုံးကယား ပြည်နယ်အထိသွားတယ်။ အဆင်ပြေပြေ မလုပ်နိုင်ခဲ့တဲ့ ကိစ္စတွေဟာ မကောင်းဘူးပေါ့။

ဒါနောက်ထပ် NLD ဘက်က တွေ့ဆုံ ဆွေးနွေးရမယ့် နိုင်ငံရေးပါတီ အများကြီးကျန်ရှိသေးတယ်။ အဲဒီတော့ နောက်ထပ်တွေ့ဆုံမယ့် နိုင်ငံရေးပါတီတွေနဲ့ ပြောဆိုဆွေးနွေးတဲ့ အခါမှာ သူတို့ရဲ့ လက်ခံချက် ရပ်တည်ချက်က ဒီပုံစံအတိုင်းပဲ ဆက်သွားရင်တော့ အကျိုးထက်ကို အပြစ်က ပိုများလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

ဒီဟာကို ထောက်ပြချင်တယ်။ ဝေဖန်ချင်တယ်။ ပြီးတော့ အကြံပြုချင်တယ်ပေါ့။ ညီညွတ်ရေးကိစ္စကို ဆောင်ရွက်နိုင်ဖို့အတွက် NLD နဲ့တွေ့ဆုံဖို့အတွက် ကျွန်တော်တို့က လက်ခံလိုက်တာဖြစ်တယ်။ နောက် လက်ခံရတဲ့ အကြောင်းအရင်းက ဇန်နဝါရီလ ၇ရက်နေ့မှာ NLD ဘက်က အဆင့်မြင့် ကိုယ်စားလှယ် ကျွန်တော်တို့ ရုံးချုပ်ကို လာတွေ့ပြီးဖြစ်တယ်။

ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အတွင်းရေးမှူးနဲ့ လာတွေ့ပြီးဖြစ်တယ်။ အဲဒီမှာ နိုင်ငံရေးအရကြည့်ရင် ပြောဆိုဆွေးနွေးထားတဲ့ အချက်တွေရှိသလို ဒီနေ့မနက်မှာလည်းပဲ ကျွန်တော်တို့ ပါတီထိပ်ပိုင်းခေါင်းဆောင်နဲ့လည်းပဲ သူတို့ ကိုယ်စားလှယ် ၃ဦးနဲ့ တွေ့ဆုံပြီးဖြစ်တယ်။

အဲဒီအခြေအနေပေါ်မူတည်ပြီးတော့မှ လက်ခံဆွေးနွေးရေးကိစ္စကို ကျွန်တော်တို့ ဘယ်မှာပဲ လုပ်လုပ်ဆိုပြီး လက်ခံလိုက်တာဖြစ်တယ်။ အဓိကတော့ ဆွေးနွေးမယ့် အကြောင်းအရာကို ကျွန်တော်တို့ ပိုပြီး အာရုံစူးစိုက်တဲ့ သဘောပါ။

မေး။ ။ ပြည်နယ်အစိုးရဖွဲ့စည်းရေးနဲ့ ပြည်ထောင်စု အစိုးရဖွဲ့စည်းရေးကိစ္စတွေကော မပါဝင်ဘူးလား။

ဖြေ။ ။ အဲဒါတွေက ဒုတိယ ဒါမှမဟုတ် တတိယ လုပ်ငန်းစဉ်ဖြစ်လိမ့်မယ်ထင်တယ်။ ကျွန်တော်တို့တွေက ပြည်နယ်အစိုးရတို့ ပြည်ထောင်စုအစိုးရတို့ ဆိုတာထက်ကိုပေါ့။ NLD ပါတီနဲ့ တခြားတိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဘယ်လို ဆုတ်ဆုတ်ကိုင်ကိုင်လေး လက်တွဲဆောင် ရွက်မှ ကျွန်တော်တို့ရဲ့ ရှေ့အလားအလာကို ပုံမှန်ဖော်နိုင်မယ်ဆိုတာကိုလည်း ဇောင်းပေးပြီးတော့ ဆွေးနွေးချင်ပါတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိမလဲ။

ဖြေ။ ။ အဓိကကတော့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ အနှစ် ၇ဝရှိပြီး တည်ထောင်လာတာ အခုထက်ထိ ပြည်ထောင်စု ပုံစံက မပေါ်ဘူး။ လမ်းစကလည်း ပျောက်သလောက်ဖြစ်နေတယ်လေ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေကလည်း မအောင်မြင်ဘူး။

အဲတော့ အစိုးရနဲ့ အတိုက်ခံတွေကြားထဲမှာ ယုံကြည်မှု မတည်ဆောက်နိုင်ရင်တော့ ရှေ့အနာ ဂတ်မှာ ခုနကပြောတဲ့ အာဏာရှင်စနစ် ကျော့ကွင်းထဲကို ကျွန်တော်တို့ ပြန်သက်ဆင်းရမယ်ဆိုရင် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအတွက် မကောင်းဘူး။

အဲဒါကို အဓိကထားပြီးတော့မှ ကျွန်တော်တို့ ဘယ်လိုဝိုင်းဝန်းဆောင်ရွက်မလဲဆိုတာကို ဦးတည်ထားစေချင်တယ်။ ကိုယ့်အဖွဲ့ ကိုယ်ပါတီ အာဏာရရေး ဆက်ပြီးတော့ အာဏာရရေး ဆက်၍ဆက်၍ အာဏာရရေးဆိုတဲ့ ကိစ္စကို အဓိကမထားပါနဲ့ဆိုတဲ့ Message လေးတစ်ခုကို ကျွန်တော်တို့က NLD ကို Message ပေးသလို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကိုလည်း ဒီအသိလေး အတွေးခေါ်လေးတစ်ခုကို ကျွန်တော်ဘက်က ရပ်တည်တယ်ဆိုတာလေးကို ချပြချင်တာပဲရှိတာပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts