All News Local News Peace

ဟုမ္မလင်း NLD မြို့နယ် ဒုဥက္ကဋ္ဌဦးလွင်မောင်ထွေးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး၊ SNA လက်ချက်ဟု ဒေသခံများ ပြောဆိုသော်လည်း NLD ဗဟိုက စုံစမ်းနေဆဲဟုဆို

ဟုမ္မလင်း NLD မြို့နယ် ဒုဥက္ကဋ္ဌဦးလွင်မောင်ထွေးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး၊ SNA လက်ချက်ဟု ဒေသခံများ ပြောဆိုသော်လည်း NLD ဗဟိုက စုံစမ်းနေဆဲဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာတွင် နေထိုင်သော NLD ပါတီ မြို့နယ် ဒုဥက္ကဋ္ဌကို ဇန်နဝါရီလ ၁၃ရက်နေ့ ည ၁၁နာရီခန့်က SNA (ရှမ်းနီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ ပြောဆိုသော်လည်း မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးသည်ကို အတည်ပြုချက်မရသေးကြောင်း NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောဆိုသည်။

“ ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာမှာ ဦးလွင်မောင်ထွေး (ခေါ်) ဦးကုလား သူက NLD ဒုဥက္ကဋ္ဌပါ။ နေအိမ် လာပြီးဖမ်းသွားတယ်။ ဒေသခံတွေကတော့ ကျွန်တော်တို့ ရှမ်းနီလို့ပြောတာပဲ SNA စိုင်းပန် ဦးဆောင်တဲ့ အဖွဲ့လို့ပြောပါတယ်။ ဒါပေမယ့် သီးခြားလွတ်လပ်တဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။ ဒါကတော့ ကျွန်တော်တို့ အမှုဖွင့်ရမှာပါပဲ။ ဒါကျွန်တော်တို့ တပ်မတော်နှင့် ရဲတပ်ဖွဲ့ ဆက်လက်လုပ်ရမယ့် ကိစ္စပါ။ ကျွန်တော်တို့ အခုလောလောဆယ်ကတော့ ကျွန်တော်တို့ သူက ဒုဥက္ကဋ္ဌကို ဒုဥက္ကဋ္ဌ နဲ့ ဥက္ကဋ္ဌ အကြား ကျွန်တော်တို့ ပဋိပက္ခလေးရှိတယ်ပေါ့။ အဲတာကြောင့် ဥက္ကဋ္ဌနဲ့ ရင်းနှီးတဲ့ လက်နက်ကိုင်အဖွဲ့က လာရောက်ဖမ်းဆီးတယ်လို့တော့ ခန့်မှန်းပြောနေတာပဲ။ ဒါကတော့ ခန့်မှန်းချက်တွေပဲရှိပါတယ်။ သူက တိုင်လိုက်တော့ ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ရဲနဲ့ ထွေအုပ်က လာပြီးစစ်တယ်။ အစစ်ဆေးခံရဖူးတယ်။ အဲဒါကြောင့် ဖြစ်တယ်လို့တော့ လူတွေက ခန့်မှန်းပြောနေတယ်။ အခုထိတော့ ဘာမှအတည်ပြုလို့မရသေးပါဘူး” ဟု ၎င်းကပြောဆိုသည်။

ဟုမ္မလင်းNLD ဒုတိယဥက္ကဋ္ဌ ဖမ်းဆီးခံရသည်ကို အတည်ပြုပြောဆိုနိုင်သော်လည်း ယင်းနေရာတွင် KIA အဖွဲ့နှင့် SNA အဖွဲ့များ လှုပ်ရှားနေသော နယ်မြေဖြစ်သောကြောင့် မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးကြောင်း ဟုမ္မလင်းမြို့နယ် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်ကပြောဆိုသည်။

“ အသေးစိတ်ကတော့ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ ဖမ်းထားတာတော့ဟုတ်တယ်။ မနေ့က ၁ဝနာရီနဲ့ ၁၁နာရီ ပတ်ဝန်းကျင်လို့ပြောတယ်။ သူရဲ့ နေအိမ်မှာ ဖမ်းဆီးခံရတယ်ပြောတယ်။ ကျွန်တော်တို့က အသေးစိတ် စုံစမ်းနေတုန်း စုံစမ်းပြီးမှာ အစီရင်ခံစာ တင်စရာရှိတာတင်မှာပေါ့။ ပါတီဗဟိုကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းလည်းဆိုတာ သေချာတိတိကျကျတော့ ပြောလို့မရဘူး။ ဒီမှာ အဲဒီဖက်မှာ KIA အဖွဲ့ရှိတယ်။ SNA အဖွဲ့ရှိတယ်” ဟု ၎င်းကပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts