All News interview Peace

သီလဝါစီမံကိန်းအတွက် တောင်သူများကို ထိုက်သင့်သောလျှော်ကြေးမပေးဘဲ မြေယာပေါ်မှ မဖယ်လျှင် ထောင်ချမည်ဟု အာဏာပိုင်များသတိပေးစာထုတ်ပြန်

သီလဝါစီမံကိန်းအတွက် တောင်သူများကို ထိုက်သင့်သောလျှော်ကြေးမပေးဘဲ မြေယာပေါ်မှ မဖယ်လျှင် ထောင်ချမည်ဟု အာဏာပိုင်များသတိပေးစာထုတ်ပြန်

By ရန်ကုန်ခေတ်သစ်

ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် တောင်သူများကို ထိုက်သင့်သော လျှော်ကြေးမပေးဘဲ ၎င်းတို့ပိုင် မြေယာများပေါ်မှ ဖယ်ရှားရန် သတိပေးစာထုတ်ပြန်ပြီး မြေယာပေါ်မှာ မဖယ်ရှားပါက ထောင်ချမည်ဆိုသော သတိပေးစာကို ထုတ်ပြန်လာကြောင်း မြေသိမ်းခံတောင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် သန်လျင် နှင့် ကျောက်တန်းမြို့နယ်တွင် တည်ရှိပြီး ဂျပန် – မြန်မာ ပူးပေါင်းဆောင်ရွက်သော စီမံကိန်း ဖြစ်ကာ သီလဝါအထူးစီးပွားရေးဇုန် နှင့် သီလဝါဆိပ်ကမ်းများကို တိုးချဲ့လုပ်ကိုင်ခဲ့ကြောင်း ၊ ယင်း စီမံကိန်း ပထမအဆင့် ဟက်တာ ၄၀၀ ကို ၂၀၁၄ ခုနှစ် ၊ ဒုတိယအဆင့် ဟက်တာ ၂၀၀၀ အား ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သီလဝါစီမံကိန်းအတွက် မြေသိမ်းခံရသူ ကျောက်တန်းမြို့နယ်၊ ကုလားကုန်းအုပ်စု၊ အေးမြသီတာ(ဖလမ်း)ကျေးရွာမှ တောင်သူ ဦးဘာဘူးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ သီလဝါ စီမံကိန်းမှာ အစိုးရဘက်က တောင်သူတွေရဲ့ မြေသိမ်းမယ့် အခြေအနေ ဘယ်ရှိလဲ။

ဖြေ။ ။ လက်ရှိ အခုရှိတာတော့ ၇ဦးလောက်ရှိတာပေါ့ (အိမ်ထောင်စု)။ ၇ဦးလောက်ရှိတာ သူတို့ကတော့ ဒီ၈ရက်နေ့ပေါ့။ ၁လပိုင်း ၈ရက်နေ့ကို သူတို့ကလာပြီးတော့ အဲမှာ Notice လာကပ်တာပေါ့။ ဒီ ၁၅ရက် အတွင်းမပြောင်းဘူးဆိုရင် သူတို့က ထောင်တစ်လချမယ်ဆိုပြီးတော့ Notice လာကပ်ပါတယ်။ ကျွန်တော်တို့ကတော့ တကယ်တမ်းပြောမယ်ဆိုရင် ကျွန်တော်တို့က ဒေသခံအစစ်မှန်တွေပါ။

ကျွန်တော်တို့က ကျူးကျော်တွေ မဟုတ်ပါဘူး။ ဘိုးစင်ဘောင်ဆက် လက်ထက်ကတည်းက နေလာတဲ့ သူတွေပါ။ အဲဒါကို သူတို့က ကျူးဆိုပြီးတော့ ကျွန်တော်တို့ကို နှင်ထုတ်နေတာ အဲဒါကို ကျွန်တော်တို့လည်း စာတွေဘာတွေတင်ထားတာပေါ့။ ၁၅ရက်အတွင်းဆိုတော့ ရက်ကတော့ နီးနေပြီပေါ့။ အခုက လက်ရှိက အဲမှာ ၇ဦးလောက် ကျန်တာပေါ့။ ၇ဦးမှာ ၄ဦးက စာရင်းပါတာပေါ့။ ၃ဦးက စာရင်းမပါဘူးဆိုပြီးတော့ သူတို့က မပေးနိုင်ဘူးလို့ပြောထားတယ်။

မေး။ ။ မပြောင်းရွှေ့နိုင်တဲ့ အကြောင်းအရင်းက ဘာကြောင့်လဲ။

ဖြေ။ ။ အဲ ၄ဦးကတော့ တောင်သူလယ်သမား လယ်သမားတွေလည်းရှိတာပေါ့။ ကျွန်တော်ဆိုရင်လည်း လယ်သမားပါ။ လယ်သမားမှ လယ် ၁၃ဧက ရှိတယ်။ သူတို့က လယ်ယာတော့ သိမ်းမယ်ပေါ့။ သိမ်းမယ်ဆိုတော့ သူတို့က မြေယာ လျှော်ကြေးလည်း မပေးဘူးပေါ့။ သီးနှံကြေးတော့ ပေးမယ်တဲ့ မြေယာ လျှော်ကြေးက လုံးဝမပေးနိုင်ဘူးတဲ့ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၆-၉၇ တုန်းက ၂သောင်းနှုန်းပေးထားတယ်။

အဲ ၂သောင်းနှုန်းပေးထားတဲ့အတွက် သူတို့က လျှော်ကြးက မပေးနိုင်ဘူးတဲ့ အဲလိုဆိုပြီးပြောတယ်။ အိမ်နဲ့ ပတ်သက်လို့ သူတို့က အိမ်နဲ့ ခြံဖိုးက သိန်း ၁၆ဝပဲပေးတယ်။ အဲ ၁၆ဝနဲ့ ကျွန်တော်တို့ ရပ်ကွက်မှာ ခြံတစ်ကွက် ၄ဝ-၆ဝ တစ်ကွက်ဝယ်မယ်ဆိုရင် အနည်းဆုံး ၂၅ဝလောက်ရှိတယ်။ အဲလိုသူတို့ပေးတာနဲ့ ဟိုဖက်မှာ သွားဝယ်ဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။

လက်ရှိ ကျွန်တော်တို့ နေတဲ့နေရာမှာ အားလုံးအဆင်ပြေတာပေါ့။ နေရေးထိုင်ရေး၊ စီးပွားရေး၊ မွေးမြူရေးလည်း အားလုံးလုပ်လို့ရတယ်။ ဒီကနေပြီးတော့ နေရာသစ်ကို ပြောင်းပြီဆိုရင် ကျွန်တော်တို့က စီးပွားရေးက အကုန်လုံးက ပျက်သွားပြီလေ။ အဲလိုရှိတဲ့အတွက် ကျွန်တော်တို့က ဒီလောက်နဲ့တော့ အဆင်မပြေနိုင်ဘူးပေါ့။ ခြံဆိုရင်လည်း ခြံရဲ့ တန်ဖိုးကိုတော့ လျှော်ပါ့။ အဲလိုတောင်းတာကို သူတို့ဖက်ကနေ လုံးဝ သူတို့က မပေးနိုင်ဘူး။

ဒါ ရန်ကုန်တိုင်း အစိုးရအဖွဲ့က သတ်မှတ်ထားတာတဲ့။ အဲဒါပဲရမယ်တဲ့ အဲဒါနဲ့ ဒီသတိပေးတာကို လက်မခံဘူးဆိုရင် သူတို့က Notice ကပ်မယ် ဖမ်းမယ်ဆိုပြီး ကျွန်တော်တို့ ဒီ ၁၂လပိုင်း ၁၉ရက်ကနေပြီးတော့ ဒေါ်နီလာကျော်ကနေပြီးတော့ ကျွန်တော်တို့ကို ခေါ်ပြီးတော့ ပြောပါတယ်။ အဲတာနဲ့ ကျွန်တော်တို့ ရှိတဲ့ နေရာကို Notice လာကပ်သွားတယ်။ ဒေသခံတွေထဲမှာ ၇ဦးပဲ စာရင်းပါတာပေါ့။ ၃ဦးက သူတို့က စာရင်းကမပါဘူးပေါ့။ မပါတဲ့အတွက် သူတို့မပေးနိုင်ဘူးဆိုပြီးတော့ သူတို့ကပြောနေတာ အဲ ၃ဦးတောင်က တောင်သူလယ်သမားပဲ တောင်သူလယ်သမားဆိုတာ ကျွန်တော့်အမေပဲ။ ကျွန်တော့်အမေက လယ်ရှိတယ်။ အမေအမည်နဲ့ဆိုရင် စာရင်းမပါဘူး။ နေစရာမပေးနိုင်ဘူးဆိုတော့ တော်တော်လေးကိုတော့ နစ်နာတာပေါ့။ မြေကွက်ဖိုးက သိန်း ၁ဝဝတဲ့ အိမ်ဖိုးက သိန်း ၆ဝ တဲ့ အိမ်ဆောက်ခပေါ့။

အိမ်ဆောက်ခ သိန်း ၆ဝကတော့ ကျွန်တော်တို့ဘက်က လက်ခံပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိန်း၆ဝနဲ့ဆိုပေါ့။ ပျဉ်ထောင်အိမ်ပေါ့။ ဘေးက ထန်ရံကာမှ သွပ်မိုးနဲ့က ဆောက်လို့ရပါတယ်။ အဲတာတော့ အဆင်ပြေတယ်။ ဒါပေမယ့် ခြံဖိုးကျတော့ သူတို့ပေးတဲ့ ၁ဝဝနဲ့ကတော့ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့မှာလည်း ၄ဝ-၆ဝ တစ်ကွက်လောက်မှ ကျွန်တော်တို့မှာလည်း အဆင်ပြေဖို့ရှိတာပေါ့။ အခုက ၁ဝဝနဲ့ဆိုတော့ ကျွန်တော်တို့ ပေ၂ဝတောင်ဝယ်လို့မရဘူး။ ရပ်ကွက်မှာဆိုရင်ပေါ့။ အဲလိုမျိုး အခက်အခဲတွေ တင်ပြတာလည်း ဟိုဘက်ကလည်း ဘယ်လိုမှ လက်မခံဘူးပေါ့။ အဲတာနဲ့ ကျွန်တော်တို့ကလည်း သဘောမတူဘဲနဲ့ စာချုပ်မချုပ်ဘဲ ဒီလိုနေတာ။

မေး။ ။ မပြောင်းမရွှေ့ဘဲ ကျန်တဲ့ မိသားစု ၇စုဆိုတော့ လူဦးရေ ဘယ်လောက်လောက်ရှိလဲ။

ဖြေ။ ။ အားလုံးပေါင်း လူ ၃ဝလောက်ရှိတယ်။

မေး။ ။ သက်ဆိုင်ရာ ဌာနတွေကိုကော ဒါနဲ့ပတ်သက်ပြီး တိုင်ကြားစာပို့ထားတာရှိလား။

ဖြေ။ ။ နိုင်ငံတော် သမ္မတရုံးတွေဘာတွေ စာတင်ထားတာပေါ့။ စာတင်ထားတော့ ပြန်ပြီးတော့ သူတို့က ဘာမှတော့ အကြောင်းပြန်တာတော့မရှိဘူး။

မေး။ ။ နိုင်ငံတော် အစိုးရကိုကော ဘာပြောချင်တာရှိမလဲ။

ဖြေ။ ။ သူတို့ကတော့ ဒီစီမံကိန်းအရ ကျွန်တော်တို့နိုင်ငံမှာဆိုရင် ဒီသီလဝါ ဂျပန်စက်မှုဇုန်တော့ တော်တော်လေးကိုတော့ နာမည်တော့ တော်တော်လေးဖြစ်တာပေါ့။ အဲလိုဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ဒေသခံတွေကိုတော့ တော်တော်လေး နစ်နာတာပေါ့။

ဘာဖြစ်လို့လဲဆိုတော့ လယ်သမားတစ်ယောက်ကို မြေယာလျှော်ကြေးမပေးနိုင်ဘူး။ သီးနှံ လျှော်ကြေးပဲ လျှော်မယ်ဆိုရင် ကျွန်တော်တို့ လယ်သမားတွေက ကျွန်တော်တို့ ဟိုဘက်ကို သွားပြီးတော့ လယ်ဝယ်မယ်ဆိုရင် ဘယ်လိုမှ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးပေါ့။

အဲလိုမျိုး အခက်အခဲတွေရှိတယ်ဆိုပြီး ကျွန်တော်တို့ကတင်ပြတာကိုလည်း ဟိုဘက်ကလည်း ဘယ်လိုမှ လက်မခံဘူး။ ဒီပမာဏပဲ။ သူတို့က အစိုးရအဖွဲ့က ဒီလောက်ပဲ သတ်မှတ်ထားတယ်ပေါ့။ ဒါပေမယ့် ယူမယူ မယူရင် သူတို့ဖက်က တရားဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်မယ်ဆိုပြီးတော့ ပြောတာရှိတယ်။ အစိုးရကို ပြောချင်တာကတော့ ကျွန်တော်တို့ တောင်သူတွေ ဒေသခံတွေ နစ်နာတဲ့အတွက်တော့ သူတို့ဘက်ကတော့ ထိုက်သင့် သလောက်တော့ ပေးရင်တော့ကောင်းတာပေါ့။

ကျွန်တော်တို့ဘက်က တော်တော်လေးကိုနစ်နာတယ်။ ပြောမယ်ဆိုရင်တော့ ဘဝပါပျက်ဖို့တောင်မှာ အစီအစဉ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က လယ်သမားလေ။ လယ်ပဲလုပ်တတ်တယ်။ တခြားအလုပ်ဘာမှ နားမလည်ဘူး။ ကားမမောင်းတတ်ဘူး။ စာလည်း ကျွန်တော်တို့ သိပ်ပြီးတော့ တတ်တာလည်းမဟုတ်ဘူး။ အဲတော့ ဒီလယ်သမားက လယ်အလုပ်ပဲ တတ်တဲ့အခါကျတော့ ဟိုဘက်ရောက်တော့လည်း ကျွန်တော်တို့က လယ်ပဲလုပ်တတ်တယ်။ အဲတော့ သူတို့ပေးတဲ့ လျော်ကြေးနဲ့ ဟိုဘက်က လယ်ဝယ်မယ်ဆိုရင်လည်း ဟိုဘက်မှာ လယ်ဈေးတွေကလည်း ဈေးမြင့်တာပေါ့။ တော်တော်လေးကိုတော့ အခက်အခဲတွေက ဖြစ်နိုင်တာပေါ့။

မေး။ ။ အိမ်ဖိုးနဲ့ ခြံဖိုးအပြင် သီးနှံလျှော်ကြေး ဘယ်လောက်ရမှာလဲ။

ဖြေ။ ။ သူတို့က ပေးထားတဲ့ စာရင်းရှိရင်တော့ လျှော်မယ်ပေါ့။ စာရင်းမရှိတဲ့ ခြံတို့ ကွမ်းခြံတို့ အဲတာတွေ စာရင်းပေးထားတာလည်း လုံးဝမရှိဘူးတဲ့။ မရှိတော့မလျှော်နိုင်ဘူး။ ၁၆ဝ ရယ်။ ဟိုဟာဖိုးဒီဟာဖိုးပေါ့။ ကျွန်တော်တို့ပေးထားတဲ့ စာရင်းတွေကလည်း သူတို့ဘက်မှာမရှိဘူး။ အဲဒါတွေတင်ပြလည်း ပေးတဲ့အချိန်က စာရင်းက ဒါတွေပဲတဲ့။

အခုကျမှ ခေါ်ပြီးတော့ လက်မှတ်ထိုးပြီးတော့ စာရင်းကို ခင်ဗျားတို့ မစစ်ကြဘူးတဲ့။ အဲဒါတော့ မတတ်နိုင်ဘူးတဲ့။ ခင်ဗျားတို့ လက်မှတ်ထိုးထားတာ ရှိတယ်။ လက်ခံထဲမှာပေါ့။ အဲဒီလက်ခံကလည်း သူတို့ဆီမှာ မိတ္တူတွေပေးထားတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ ကွမ်းခြံတွေ အဲဒါတွေလည်း စာရင်းမပါဘူးတဲ့ စာရင်းမပါတဲ့ ဟာတွေတော့ သူတို့မပေးဘူးပေါ့။ အိမ်ဖိုးနဲ့ ခြံဖိုးကတော့ ၁၆ဝပဲ တခြားဟာကတော့ စာရင်းထဲ ပါတာရှိရင်ပေးမယ်ပေါ့။ မရှိရင်မပေးဘူး။ အဲလိုပေါ့။

မေး။ ။ စီပွားရေး အရ တခြားအရပ်ဒေသမှာ ပြန်လည်ရပ်တည်ဖို့ ခက်ခဲနေတယ်ဆိုတော့ ဘာဆက်လုပ်မလဲ။

ဖြေ။ ။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က ရှိတဲ့ ၇ဦးပေါ့။ ဒီ၇ဦးက အားလုံး တိုင်ပင်ရမှာပေါ့။ ဘာဆက်လုပ်ရမယ်ဆိုတာကို တိုင်ပင်ပြီးမှ ကျွန်တော်တို့ကနေပြီးတော့ လုပ်စရာရှိတာတွေ လုပ်ရမှာပေါ့။ ကျွန်တော်တို့ဘက်ကတော့ တကယ်လို့များ သူတို့ကနေပြီးတော့ လာပြီးတော့ ကျွန်တော်တို့နေတဲ့ အိမ်တွေကို တကယ်လို့ ဝင်ပြီးတော့ ဖျက်ရင်ပေါ့။ ကျွန်တော်တို့ကတာ့ တရားစွဲမယ်ဆိုပြီးတော့ ကျွန်တော်တို့ဘက်က အစ်ီအစဉ်စွဲထားတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts