All News Local News Peace

ရှမ်းပြည်နယ်တွင် ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၂၂၅ သန်း စီမံကိန်း ရပ်ဆိုင်းထားရန် တိုင်းရင်းသားများတောင်းဆို

ရှမ်းပြည်နယ်တွင် ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၂၂၅ သန်း စီမံကိန်း ရပ်ဆိုင်းထားရန် တိုင်းရင်းသားများတောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံ၊ရှမ်းပြည်နယ်တွင် ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၂၂၅ သန်း ဖြင့် ငြိမ်းချမ်းသာယာ စည် ပင် သော ရပ်ရွာ အသိုင်းအ၀ိုင်းများ တည်ဆောက်ရေး စီမံကိန်းကို ဖက်ဒရယ် အခြေခံနိုင်ငံရေး အဖြေမရှာနိုင်သေးသည့်အချိန်တွင် လုပ်ဆောင်ခြင်းမပြုဘဲ ရပ်ဆိုင်းထားရန် Shan State Ethnic Youth Federation တွင်ပါဝင်သော တိုင်းရင်းသားအဖွဲ့ ၃၀ ခုက ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း ပအို့ဝ်လူငယ်အစည်းအရုံး ဥက္ကဋ္ဌ ဦးခွန်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Shan State Ethnic Youth Federation က ဦးဆောင်၍ ထိုသို့ တောင်းဆိုခြင်းဖြစ်ပြီး အဆိုပါ ဖက်ဒရေးရှင်းတွင် ရှမ်းပြည်နယ်အတွင်းရှိ အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူငယ်များဖြစ်သော ရှမ်း၊ လားဟူ၊ အာခါ ၊ အင်းသား ၊ ၀ ၊ ကိုးကန့်၊ တောင်ရိုး၊ ကယန်း၊ ကချင်၊ ပအိုင်း၊ တအာင်း၊ ဓနုစသည့် တိုင်းရင်းသားလူမျိုးစုံ ပါဝင်နေကြောင်း သိရှိရသည်။

ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၂၂၅ သန်းတန် ငြိမ်းချမ်းသာယာ စည်ပင်သာ ရပ်ရွာ အသိုင်းအ၀ိုင်းများ တည်ဆောက်ရေး စီမံကိန်းသည် မူလက ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ်များတွင် ကနဦး လျာထားခဲ့သော်လည်း ဒေသခံအဖွဲ့အစည်းများနှင့် လက်နက်ကိုင်များ၏ လက်ခံဘဲ ငြင်းပယ်မှု ကြောင့် နောက်ဆုံးတွင် ရှမ်းပြည်နယ်သို့ နေရာရွှေ့လာကြောင်း၊ လက်ရှိအချိန်တွင် စာချုပ်၊ စီမံကိန်း အတွက် ပြင်ဆင်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးပြီး ရှမ်းပြည်နယ်မှ ဒေသခံ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် လိုက်လံ စကားပြောဆိုနေသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးခွန်ဦးက ဆက်လက်ပြောဆိုသည်။

“ကရင်မှာဆိုရင် KNU နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်တယ်။ ဒီစီမံကိန်းက တိုင်းရင်းသား ဒေသခံ ပြည်သူတွေရဲ့ ဆန္ဒထက် ဗဟိုအစိုးရနဲ့ ကမ္ဘာ့ဘဏ် အတည်ပြုထားတဲ့ ရယ်ဒီမိတ်Plan ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာ” ဟု ဦးခွန်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ဖက်ဒရယ် အခြေခံ နိုင်ငံရေး ပြဿနာများ ဖြေရှင်းမရသေးဘဲ မြေယာပိုင်ဆိုင်ခွင့်၊ သဘာ၀ သယံဇာတတူးဖော်ရေးနှင့်ပတ်သက်၍လည်း ဥပဒေများက တိုင်းရင်းသားများဘက်မှ အကာအကွယ်ပေးနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ကြောင့် စီမံကိန်းကို ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စီမံကိန်းတွင် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ၊ မြို့ပြ တည်ဆောက်ရေးဆိုသော ကဏ္ဍများ ပါဝင်မည်ဖြစ်ပြီး ဖွံ့ဖြိုးရေး အမည်ခံကာ မြေယာ အဓမ္မသိမ်းဆည်းမှုများ၊ သယံဇာတ တူးဖော်ထုတ်လုပ်အသုံးပြုမှုများ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုများ၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ထိခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ နေရပ်ရွှေ့ပြောင်းခံရမှု စသည့် များစွာသော သင်ခန်းစာများကြောင် တိုင်းရင်းသားများ ဒုက္ခရောက်ပြီး လူတချို့သာ ကောင်းစွားသွားရသည့် အခြေအနေများရှိနေကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းစကားပြောဆိုမှုများရှိနေပြီး ဆက်လက်အကောင်အထည်ဖော်ခြင်းမပြုရန် အရပ်ဘက်အဖွဲ့အစည်းများက တွန်းအားပေးသွားမည်ဟု သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts