Election Local News political news

ရွေးကောက်ပွဲ ရလဒ်ကို မဟုတ်မမှန်ဝေဖန်နေသူများ ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်နေပြီး အပြောင်းအလဲလုပ်၍ ပြင်ဆင်သင့်ဟု အစိုးရတုံ့ပြန်

ရွေးကောက်ပွဲ ရလဒ်ကို မဟုတ်မမှန်ဝေဖန်နေသူများ ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်နေပြီး ပါတီဥက္ကဋ္ဌ အပြောင်းအလဲလုပ်၍ ပြင်ဆင်သင့်ဟု အစိုးရတုံ့ပြန်၊ မဲမသမာမှုကိစ္စ တပ်မတော်၊ ကြံ့ခိုင်ရေးနှင့်မိတ်ဖက်များက ထောက်ပြနေ

ရန်ကုန်၊ ဇန်နဝါရီ ၉

၂ဝ၂ဝရွေးကောက်ပွဲတွင် မဲရှုံးခဲ့သူများသည် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်ဘဲအမျိုးမျိုး အဖုံဖုံ မဟုတ်မမှန် ဝေဖန်ပြောကြားနေသော အဖွဲ့အစည်းများ ပုဂ္ဂိုလ်များအနေဖြင့် ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်နေခြင်းဖြစ်ပြီး နိုင်ငံရေး ဆွဲကြိုးချခြင်း ဖြစ်လိမ့်မည်ဟု နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇန်နဝါရီလ ၈ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။

“ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင်ပေါ့။ ရွေးကောက်ပွဲမှာရှုံးတယ်။ ရွေးကောက်ပွဲရှုံးတဲ့ဟာကို လက်မခံ နိုင်ဘူး။ မခံယူနိုင်တဲ့ သူတွေက ဒီလိုမျိုး အမျိုးမျိုး အဖုံဖုံ ဝေဖန်ပြောကြားနေတာတွေ ဒါလည်းပြည်သူတွေသိတယ်ပေါ့။ တကယ်တမ်းရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တကယ်တမ်း မဲပေးခဲ့တဲ့ ပြည်သူလူထုက အသိဆုံးဖြစ်တယ်။ ဘယ်သူ့ကို မဲပေးခဲ့တယ်။ ဘယ်ပါတီ ကိုယ်စားလှယ်ကို မဲပေးခဲ့တယ်။ သူတို့သိတယ် ” ဟု၎င်းကပြောဆိုသည်။

ထို့ပြင် မဟုတ်မမှန် ဝေဖန်ပြောဆိုနေသူများအနေဖြင့် ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်ခြင်းဖြစ်ပြီး နိုင်ငံရေး ဆွဲကြိုးချခြင်းဖြစ်လိမ့်မည်ဟု ဦးဇော်ဌေးကဆက်လက်ပြောဆိုသည်။

“ ကျွန်တော်တို့ပြောချင်တာက မဟုတ်မမှန် ဝေဖန်ပြောကြားနေတာတွေ လုပ်နေတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ ဒီပုဂ္ဂိုလ်တွေ အနေနဲ့ ပြောရရင်တော့ ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တာပေါ့။ ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တဲ့ political suicide ပေါ့။ နိုင်ငံရေး ဆွဲကြိုးချတာဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ရှင်းရှင်းလင်းပြောချင်ပါတယ်” ဟု၎င်းကပြောဆိုသည်။

ထို့ပြင် လက်ရှိအစိုးရအနေဖြင့် အနိုင်ရရှိခဲ့ခြင်းသည် ယခုချိန်မှ မဟုတ်ဘဲ ပြန်ကြည့်မည်ဆိုလျှင် ၁၉၉ဝ ရွေးကောက်ပွဲ၊ ၂ဝ၁၅ ရွေးကောက်ပွဲ၊ ၂ဝ၂ဝ ရွေးကောက်ပွဲတို့တွင် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လူထု၏ သဘောထား လူထု၏ ထောက်ခံမှုသည် ယင်းအတိုင်းပဲရှိနေကြောင်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။

၂ဝ၂ဝ ရွေးကောက်ပွဲ အောင်နိုင်ခဲ့သော အစိုးရသစ်အား အသိအမှတ်မပြုနိုင်သော ပြောဆိုနေသော ပါတီများအနေဖြင့် နိုင်ငံတကာတွင် ပြုလုပ်လေ့ရှိသည့် ပါတီ၏ တာဝန်ရှိသော ဥက္ကဋ္ဌ အပြောင်းအလဲ ပြုလုပ်ကာ လာမည့် ရွေးကောက်ပွဲ အောင်နိုင်ရေး ပြင်ဆင်သင့်ကြောင်း ဇန်နဝါရီလ ၈ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောဆိုသည်။

“ တချို့ပြောတယ်။ တချို့ပါတီက အဖွဲ့တွေပြောတယ်။ အသိမှတ်မပြုဘူး။ အသိမှတ်မပြုတော့လည်း အသိမှတ်မပြုတာပေါ့။ ပြည်သူလူထုက အသိအမှတ်ပြုလို့ မဲပေးထားတာပဲ အဲတော့ အသိမှတ်မပြုဘူးဆိုရင် သူတို့ရွေးချယ်စရာ ၂ခုရှိတယ်။ နိုင်ငံတကာမှ လုပ်နေကျပေါ့။ နိုင်ငံတကာလုပ်နေကျ ဘာလုပ်လည်းဆိုတော့ ပါတီတစ်ခုလုံးက ပြန်သုံးသပ်တယ်။ ညီလာခံခေါ်တယ်။ အဲတော့ တာဝန်ရှိတယ်။ ရှုံးတယ်။ သူတာဝန်ယူတယ်ထွက်တယ်။ ဥက္ကဋ္ဌ ထွက် နောက်လူ Change reform ပြန်လုပ်တယ်။ နည်းဗျူဟာတွေ ပြန်ပြောင်းတယ်။ နောင်လာမယ့် ရွေးကောက်ပွဲကျရင် နိုင်အောင် ဘယ်လိုလုပ်မလည်းဆိုပြီးတော့ ခေါင်းဆောင်မှုတွေက အစပြောင်းပြီးလုပ်တာ ဒါနိုင်ငံတကာမှာ လုပ်တဲ့လုပ်ထုံးလုပ်နည်းပဲ ပြန်ကြည့်လိုက် ” ဟု ၎င်းကပြောဆိုသည်။

အစိုးရသစ်အား အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆဲဥပဒေများအရ လွှတ်တော်ခေါ်ပြီး သဘာပတိရွေးချယ်ခြင်းများ၊ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်မှုများ၊ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ခြင်းများ၊ အစိုးရဖွဲ့စည်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။

“ ဒိုင်ညစ်တယ်ပေါ့။ ပြောရရင် ဒိုင်ညစ်တယ်။ ဒိုင်ညစ်တယ်။ ဒါပဲပြောပြီးတော့ လုပ်နေရင်တော့ အဆင်မပြေဘူးပေါ့။ အဲတော့ အသိမှတ်ပြုသည်ဖြစ်စေ အသိမှတ်မပြုသည်ဖြစ်စေ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆဲအခြေခံဥပဒေအရ လွှတ်တော်ခေါ်တယ်။ ရွေးချယ်ပွဲတွေ လုပ်သွားမယ်။ လွှတ်တော် ဥပဒေ နည်းဥပဒေအရပေါ့။ ကျွန်တော်တို့ သဘာပတိ တင်မြှောက်မယ်။ လွှတ်တော်ဥက္ကဋ္ဌတွေရွေးမယ်။ သမ္မတရွေးချယ်ပွဲကို စလုပ်ရမှာအဲတာပဲ သမ္မတရွေးချယ်ရေးအဖွဲ့စလုပ်ရမယ်။ အဲတာလုပ်ပြီးရင် Cabinet ဆက်ဖွဲ့မယ်။ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ရမယ့် လုပ်ငန်းစဉ်တွေရှိတယ်။ ဒီတိုင်းလုပ်သွားမယ်။ ဒါနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ အခက်အခဲမရှိဘူး။ အခက်အခဲရှိစေချင်တယ်ဆိုရင်တော့ ပြောရရင်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာမှာလား။ မလိုက်နာဘူးလား ဒီမေးခွန်းပဲရှိမယ်။ ကျွန်တော်တို့တော့ အသိအမှတ်မပြုဘူး။ အသိအမှတ်မပြုလည်းနေလေ သူအသိအမှတ်မပြုလည်း တစ်ပြည်လုံးက အသိအမှတ်ပြုနေတာပဲ” ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် လာမည့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တတိယကြိမ်မြောက် လွှတ်တော် ပထမပုံမှန်အစည်းအဝေးများကို ကျင်းပပြုလုပ်မည်ဟု သက်ဆိုင်ရာ လွှတ်တော်အသီးသီးက ဇန်နဝါရီလ ၆ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးမှု၊ မဲမသမာမှုများရှိနေသည်ဟု ကြံ့ခိုင်ရေးပါတီနှင့်မိတ်ဖက်များ၊ တပ်မတော်တို့က တောက်လျှောက်ဆိုသလို ကြေညာချက်များ ထုတ်ပြန်လျက်ရှိနေ ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts