All News Local News Peace

ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်သည့် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးရေး အဆို ဗဟိုအစိုးရ အကောင်အထည်ဖော်ရန် လိုအပ်နေ

ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်သည့် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးရေး အဆို ဗဟိုအစိုးရ အကောင်အထည်ဖော်ရန် လိုအပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရခိုင်တပ်တော် AAကို အကြမ်းဖက်အဖွဲ့ ပယ်ဖျက်ပေးရန် အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်၌ ဇန်နဝါရီ ၁၄ရက်နေ့ ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ပြီဖြစ်ရာ ယင်းအဆိုကို ပြည်ထောင်စု ဗဟိုအစိုးရက အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အဆိုတင်သွင်းသူ မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောဆိုသည်။

“ ဒီကနေ့ အဲဒီအဆိုကို ဆွေးနွေးကြတဲ့ လွှတ်တော်ကိုယ်စားလှယ် ၇ယောက်က ဆွေးနွေးပြီးတော့ လွှတ်တော်ထဲမှာတော့ ကန့်ကွက်မရှိဘဲ အတည်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို မေးကြည့်တဲ့ အချိန်မှာလည်း မှတ်ချက် တစ်စုံတစ်ရာ ပေးတာမရှိတဲ့အတွက် အတည်ဖြစ်သွားပါတယ်” ဟု ၎င်းကပြောဆိုသည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးရေးသည် လက်ရှိ မြေပြင်အခြေအနေအရ အကျိုးရှိသည့်အတွက် ပြည်ထောင်စု အစိုးရက အကောင်အထည်ဖော်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးထွန်းသာစိန်က ဆက်လက်ပြောဆိုသည်။

“ ရှေ့ဆက်ပြီးတော့ ဒါက ရခိုင်ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာမပါတော့ ပြည်ထောင်စု အစိုးရကို သူတို့က တင်ရမှာပေါ့။ မြေပြင်အခြေအနေမှာလည်း လက်တွေ့ အကျိုးရှိနေတဲ့အတွက် ပြည်ထောင်စု အစိုးရအနေနဲ့ အကောင်အထည် ဖော်ပေးလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ် ” ဟု ၎င်းကပြောဆိုသည်။

ရခိုင်တပ်တော် AA ကို ၂ဝ၂ဝ မတ်လ ၂၃ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် အကြမ်းဖက် အုပ်စုအဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts