All News interview Peace

ရခိုင်စစ်ပွဲ ဆန့်ကျင်ဆန္ဒပြသော ဖမ်းဆီးခံကျောင်းသားများ မိသားစုများနှင့် ထောင်ဝင်စာ တွေ့ခွင့်မရ၊ တိမ်းရှောင်နေရသော ကျောင်းသားများလည်း အခြေအနေဆိုးဝါး

ရခိုင်စစ်ပွဲ ဆန့်ကျင်ဆန္ဒပြသော ဖမ်းဆီးခံကျောင်းသားများ မိသားစုများနှင့် ထောင်ဝင်စာ တွေ့ခွင့်မရ၊ တိမ်းရှောင်နေရသော ကျောင်းသားများလည်း အခြေအနေဆိုးဝါး

By ရန်ကုန်ခေတ်သစ်

၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ရခိုင်စစ်ပွဲဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ကျောင်းသားများ ဆန္ဒပြခဲ့ကြပြီး အစိုးရအာဏာပိုင်များက ကျောင်းသားများကို ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးတရားစွဲဆို ထောင်ချမှုများ ပြုလုပ်လျက်ရှိနေသည်။ လက်ရှိအချိန်တွင် ဖမ်းဆီးခံနေရသော ကျောင်းသားများသည် လပေါင်းများစွာ ကိုဗစ်အကြောင်းပြချက်ဖြင့် မိသားစုများနှင့် ထောင်ဝင်စာတွေ့ခွင့်မရဘဲဖြစ်နေပြီး အာဏာပိုင်များက လိုက်လံဖမ်းဆီး၍ တိမ်းရှောင်နေရ သော ကျောင်းသားများ၏ အခြေအနေမှာလည်း ဆိုးဝါးလျက်ရှိသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံတစ်ဝန်းမှ ကျောင်းသားခေါင်းဆောင်များကို ဆက်သွယ်မေးမြန်းထားပါသည်။

ကိုအောင်ပြည့်စုံဖြိုး

ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

မိတ္ထီလာခရိုင်က ကျောင်းသားတွေနဲ့ပြီးတော့ ပျော်ဘွယ်မှာ စစ်ဆန့်ကျင်ရေး ကမ်ပိန်း လုပ်တဲ့ကျောင်းသားတွေကိုတော့ လိုက်ရှာနေတယ်လို့ ကြားထားပါတယ်။ ဖမ်းဆီးခံရတဲ့ ကျောင်းသားအခြေအနေမှာ အခုစုစုပေါင်း ကျွန်တော်တို့ ၁၆ယောက် ဖမ်းခံရပြီးသွားပါပြီ။ ၁၆ယောက်ထဲမှာ ၁၁ဦးကတော့ ထောင်ချပြီးသွားပြီပေါ့။

ကျန်တဲ့ ၅ဦးကိုတော့ မနေ့က ကိုဘုန်းမြင့်ကျော်တော့ ရုံးထုတ်တယ်။ တခြား ၄ဦးကိုကျတော့ အခုထက်ထိ ရုံးမထုတ်ရသေးဘူးပေါ့။ မိတ္ထီလာမှာ ဖမ်းထားတဲ့ ကျောင်းသား ၃ယောက်နဲ့ မုံရွာမှာ ဖမ်းထားတဲ့ ကျောင်းသားတစ်ယောက်နဲ့ အဲဒီ ၄ယောက်ကို အခုထက်ထိ သူတို့ဖမ်းထားတာ စက်တင်ဘာ နောက်ပိုင်းလောက်တည်းက ဖမ်းထားတာ အခုထိ ကျွန်တော်တို့ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။

ရုံးလည်းမထုတ်ဘူး။ ထောင်ဝင်စာလည်းပေးမတွေ့ဘူး။ အဲလိုမျိုးတွေရှိတယ်။ ထောင်တွင်းအခြေအနေ (မန္တလေးဖမ်းဆီးထားသော ကျောင်းသားများ)ကျတော့ ကျွန်တော်တို့ ထောင်ဝင်စာသွားတွေ့လို့မရဘူး။

အဲတစ်ခုတော့ ရှိတာဖြစ်တဲ့အတွက် ကျွန်တော်သိပ်ပြီးတော့ မသိရဘူး။ အပြင်ကနေပဲ ပါဆယ်ပို့လို့ရတာလောက်ပဲရှိတယ်။ အထဲထဲမှာ ဘာဖြစ်တယ်ဆိုတာတော့ တိတိကျကျတော့ မသိရဘူး။ တိုက်ပွဲတွေ ငြိမ်းချမ်းသားပြီ ဒါပေမယ့် လက်ရှိမှာ ဖမ်းနေရသေးတယ်ဆိုတဲ့ သဘောကတော့ ဘာဖြစ်လို့လည်းဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ရဲ့ ဒီစစ်ရပ်ဖို့ လုပ်နေတဲ့ အရာတွေကိုယ်တိုင်ကိုက သူတို့ကို သူတို့မစစ်မှန်ဘူးလို့ ကျွန်တော်ထင်ပါတယ်။

ပုံမှန်ဆိုရင်တော့ သူတို့အနေနဲ့ ငြိမ်းချမ်းရေး ပြည်တွင်းစစ်ရပ်စဲရေးကို တကယ် လိုလားချင်တယ်ဆိုရင်တော့ ဘာမှဒီကျောင်းသားတွေကို ဖမ်းဆီးထားစရာမလိုဘူး။ သူတို့က အစောကတည်းကပဲ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းစစ်ကို သူတို့ကိုယ်တိုင် လိုလိုလားလားရှိနေလို့သာ ကျောင်းသားတွေကို ဖမ်းရခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲလိုပဲမြင်ပါတယ်။ ကျွန်တော်တို့က ဖမ်းဆီးခံကျောင်းသားတွေအရေးအပြင် ကျွန်တော်တို့က နဂိုမူလ လမ်းကြောင်းဖြစ်တဲ့ ပြည်တွင်းစစ် ဆန့်ကျင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုပဲ ပိုပြီးဦးဆောင်သွားဖို့ရှိပါတယ်။

သူ့ကို လက်ရှိမှာ စစဦးဆုံးဖမ်းတာကတော့ မန္တလေး အမှတ်၅ ရဲစခန်းကဖမ်းတယ်။ မနေ့ကကျတော့ အမှတ် ၁ ရဲစခန်းကို ရွှေ့တယ်ပြောတယ်။ သူ့ကိုကျွန်တော်အထင် မြို့နယ် ၃ခုလောက်က တရားစွဲမယ်ထင်တယ်။ အမှတ်၅ရယ်။ အမှတ်၁ရယ်။ အမရပူရ ရယ်က သူ့ကို အမှုဖွင့်မယ်ဆိုတဲ့ အသံကြားနေရတယ်။ လက်ရှိမှာတော့ သူ့ကို တရားရုံး၂ရုံးကနေပြီးတော့ အမှုဖွင့်ထားပါတယ်။ ၅ဝ၅ (က) (ခ)ရယ်။ ငြိမ်းစုစီ ၁၈ရယ်ပေါ့။ အဲဒါကို ၃ရုံးလောက်စွဲမယ်ပြောတယ်။ ကျွန်တော်တို့ကပေါ့။ ကျွန်တော်တို့ရဲ့ နဂို လှုပ်ရှားမှုတွေကို ကျွန်တော်တို့က ဆက်ပြီးသွားမှာပါ။ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရသရွေ့ ကျွန်တော်တို့က လှုပ်ရှားမှုတွေ ဆက်ရှိနေဦးမှာပါ။

ကိုအောင်စွမ်းပြည့်ထွန်း

ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

သူတို့အခြေအနေက ဘယ်လိုလဲဆိုတော့ ဖမ်းဆီးခံရတဲ့ ကျောင်းသား ၃ယောက်က အရင်ပေါ့။ သူတို့က အခုဆိုရင် ၃လကျော် ၄လနီးပါးကြာသွားပြီ သူတို့ဒီတိုင်း ဘာမှ ရုံးထုတ်ခြင်းတစ်စုံတစ်ရာမရှိဘဲနဲ့ ဖမ်းထားတာ ၄လနီးပါးရှိသွားပြီပေါ့။ ဒီလိုအခြေအနေမှာ ရှင်းရှင်းပြောရရင် သူတို့မိဘနဲ့လည်း အဆက်အသွယ်က မရဘူး။ မိဘနဲ့ အဆက်အသွယ်မရတဲ့အပြင်ကို သူတို့ထောင်ထဲမှာ ထောင်ဝင်စာ သွားသွားပို့ပေးနေတဲ့ စားစရာသောက်စရာက သူတို့ဆီရောက်လား၊ မရောက်ဘူးလားဆိုတာကို ကျွန်တော်တို့က ဘာမှတိတိကျကျမသိရဘူးပေါ့။

ထောင်ကျနေတဲ့ ကျွန်တော်တို့ ကျောင်းသားတွေအတွက်ကတော့ တော်တော်ကို စိုးရိမ်စရာဖြစ်နေတာပေါ့။ ပြီးကျတော့ အပြင်မှာ သူတို့အခေါ်အရတော့ ဝရမ်းပြေးပေါ့။ ဝရမ်းပြေးဆိုတဲ့ ကျွန်တော်တို့ ကျောင်းသားတွေကလည်း သူတို့ဆိုရင်တော့ တော်တော်ကို ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲပဲဗျ။

ဘာလို့လဲဆိုတော့ အိမ်နဲ့ကလည်း ခွဲနေရတယ်။ ပြီးကျတော့ အစားအသောက်ဆိုရင်လည်း ချို့ချို့တည့်တည့်ပဲ တချို့ဆိုရင် ရောက်တဲ့နေရာမှာ ပန်းရံလုပ်နေရတာတွေတောင်ရှိတယ်။ အလုပ်မျိုးစုံ ဒါမဖြစ်သင့်ဘူးပေါ့။ တိုက်ပွဲတွေ ရပ်သွားတယ်။ ၂လကျော်ကြာပြီဟုတ်တယ်။

ဒါပေမယ့် ဒီအစိုးရဘက်ကလည်း ကြေညာထားတာ ရခိုင်ပြည်နယ်ဖက်က လွဲပြီးတော့ ဒါသူတို့ ရှင်းရှင်းပြောရရင် ၂ဦးနှစ်ဖက် စာချွန်ထုတ်ပြီးတော့ တိုက်ပွဲက ရပ်ထားတာမဟုတ်ဘူး။ ပြီးကျတော့ ၂ဦး နှစ်ဖက် အသိလေးနဲ့ တိုက်ပွဲ ခဏရပ်ထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ပြီးတော့ စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေအတွက်ကလည်း ဒါသူတို့ကိုပဲ အပြစ်သွားပုံချရမှာပဲ သူတို့သာ တိုက်ပွဲမစခဲ့ဘူးဆိုရင် ဒီစစ်ဘေးရှောင်စခန်းကို လူတွေရောက်လာစရာ မလိုဘူး။

အဲဒီအတွက် ပြည်တွင်းစစ်ကတော့ ရှိနေတာပဲ ရှိနေတာပဲဆိုတာ ကျွန်တော်တို့ ရှမ်းပြည်နယ်ဖက်မှာလည်းရှိနေတယ်။ ပြည်တွင်းစစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလို့ပဲ ကျွန်တော်သုံးမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဗမာအစိုးရတပ်မတော်နဲ့က စစ်တွေဖြစ်နေတုန်းပဲ ကြားထဲမှာလည်း မြေစာပင်ဖြစ်နေတဲ့ ပြည်သူတွေကလည်း ရှိနေတုန်းပဲဆိုတော့ ကျွန်တော်တို့ကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ချမှတ်ခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာကြီးကို မရမချင်း တိုက်ပွဲတွေလည်း ဖြစ်နေအုန်းမှာပဲ တိုက်ပွဲတွေလည်း ဖြစ်နေဦးမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ပြည်တွင်းရပ်စဲရေးလှုပ်ရှားမှုကို ဆက်ပြီးတော့ လုပ်သွားရဦးမှာပဲ။

ကျွန်တော်တို့ ထောင်ကျကျောင်းသားတွေအတွက်ကတော့ ရှင်းရှင်းပြောရရင် သူတို့ကို အခုထိရုံးထုတ်တာလည်းမရှိသေးဘူးဆိုတော့ ကျွန်တော်တို့က ထောင်ဝင်စာတော့ မှန်မှန်ပို့ပေးနေတယ်။ ပြီးကျတော့ သူတို့အဆင်ပြေလား၊ မပြေဘူးလားဆိုတာတော့ မသိရဘူးပေါ့။ ဒါစိုးရိမ်နေရတယ်။ မိဘတွေလည်း စိုးရိမ်နေရတယ်။

ထောင်ကျကျောင်းသားတွေကို ကျွန်တော်ကတော့ အပြင်မှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့ သမဂ္ဂရဲဘော်တွေက ဘယ်လိုလုပ်မလဲဆိုတော့ သူတို့ထောင်ကျသွားတာက ဘာကြောင့်လဲ သူတို့ထောင်ကျသွားတာ ပြည်တွင်းစစ်ရပ်စဲဖို့အတွက် ထောင်ကျသွားတာ ထောင်ကျသွားတဲ့အတွက် သူတို့ထောင်ကျသွားတဲ့အခါမှာလည်း သူတို့ကတော့ ပြည်တွင်းရပ်စဲဖို့ကို ဆက်ပြီးတော့ လုပ် ဆောင်စေချင်တယ်လို့ သူတို့ဆန္ဒရှိလိမ့်မယ်။

အဲဒီအတွက်ကြောင့် ကျွန်တော်တို့ကတော့ ထောင်ကျကျောင်းသားတွေအတွက် ဘာလုပ်ပေးမလဲဆိုရင် ကျွန်တော်တို့က ပြည်တွင်းစစ်ငြိမ်းချမ်းရေးကိုပဲ ဆက်လက်ပြီးလုပ်ဆောင်သွားမှာဖြစ်တယ်။ မိတ္ထီလာ သမဂ္ဂအနေနဲ့ဆိုရင် ဖမ်းဆီးခံရတဲ့ကျောင်းသား အရေအတွက်က ၃ ယောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ လူဦးရေက ၅ယောက်၆ယောက်ရှိတယ်။ ဘာလို့ဆိုတော့ သူတို့က တချို့ဆိုရင်လည်း လှုပ်ရှားမှုမှာ မပါဝင်ခဲ့ဘူး။

ဒါပေမယ့် သူတို့ကို လိုက်ပြီးတော့ အိမ်တွေဘာတွေဝင်ပြီးတော့ မေးမြန်းတယ် စုံစမ်းတယ်ဆိုတဲ့ အသံတွေ ကြားနေရတယ် အဲအတွက် ၅ယောက် ၆ယောက်လောက်တော့ရှိမယ်။ တိမ်းရှောင်နေရတဲ့သူက ပြည်တွင်းစစ်ဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ အပစ်ခတ်ရပ်စဲထားတယ်။ ၂ဦးသဘောတူညီချက်နဲ့ အပစ်ခတ်ရပ်စဲထားတဲ့အချိန်မှာ ဘာသွားဖြစ်လည်းဆိုတော့ စစ်ဘေးရှောင် စခန်းမှာ လူတွေများနေတယ်။ ရွာလုံးကျွတ် မီးရှို့ခံရတာတွေရှိတယ်။

အဲဒီအတွက် စစ်ဘေးရှောင်စခန်းမှာ လူတွေစုပြုံနေတယ်။ အခုအချိန်က ကိုဗစ် ၁၉ ကပ်ရောဂါ ကာလဖြစ်နေတဲ့အတွက် ပိုပြီးတော့ ဆိုးတယ်။ ဒီစစ်ဘေးရှောင်စခန်းမှာ မိသားစုတွေ အစု လိုက်အပြုံလိုက် ရောက်နေတဲ့အချိန်မှာ သူတို့အတွက် ကျန်းမာရေးအတွက် ဝန်ဆောင်မှုကောင်းကောင်း လည်းမရှိဘူး။

အဲအတွက်ကတော်တော်ကြီးကို သူတို့ဘဝက ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့ stay home အိမ်မှာနေနေရတဲ့ သူတွေထက်စာရင် သူတို့ဘဝကြီးကတော်တော်ဆိုးတယ်။ ပြီးကျတော့ သူတို့ အပစ်အခတ်ကို လုံးဝရပ်စဲလိုက်ပြီဆိုရင် သူတို့စစ်ဘေးရှောင်တွေအတွက် ဘာတွေများ ကောင်းကောင်းမွန်မွန် လုပ်ပေးမလဲ။

ပြည်တွင်းစစ်ကမကောင်းပါဘူး။ မကောင်းပါဘူးဆိုတာ လူလူချင်း သတ်တာကောင်းတာမှမဟုတ်တာ အဲအတွက်ကြောင့် အမြန်ဆုံးတော့ ငြိမ်းချမ်းစေချင်တယ်။ စစ်အာဏာရှင်လည်း အလျင်အမြန် ပျက်သုန်း စေချင်ပါပြီပေါ့။

ကိုပြည့်ဖြိုးမောင်မောင်

တွဲဘက်အတွင်းရေးမှူး၊ မုံရွာခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)

ကျွန်တော်တို့ မုံရွာမှာ ဖမ်းခံရတာကတော့ ကိုလင်းသူရကိုပေါ့။ မုံရွာခရိုင်အတွင်းရေးမှူး သူတစ်ယောက်တည်းဖမ်းခံရတယ်။ ပြီးတော့ ဝရမ်းထုတ်ခံရတာတော့ ၃ယောက်ပေါ့။ ထောင်ဝင်စာကတော့ လောလောဆယ်ထိတော့ ကျွန်တော်တို့ စာအုပ်တွေ ဘာတွေပို့တာတော့ ပို့ရတာတော့ အများကြီး အခက်အခဲတော့ မရှိသေးပါဘူး။

လောလောဆယ်အချိန်ထိပေါ့။ ကျွန်တော်တို့ စာရင်းနဲ့ ပို့လို့မရတဲ့ စာရင်းတွေ လုပ်ပြီးရင်တော့ ဘယ်ဟာတွေ ပို့မရသေးဘူးဆိုတဲ့ဟာကိုတော့ အတိအကျပြန်ပြောပေးပါ့မယ်။ ကျွန်တော်တို့ ထောင်တွင်းအခြေအနေတော့ တစ်စုံတစ်ရာမှမသိဘူး။ သူ့ကိုထောင်ဝင်စာ အပြင်ကနေပဲ ပို့လိုက်ရတာပဲရှိတာ သူအဆင်ပြေလားဘာလားဆိုတာကိုတော့ ကျွန်တော်သေချာမသိဘူး။

သူ့ဆီကတော့ စာတော့ရပါတယ်။ ဒီအထဲမှာနေတယ် အဆင်ပြပါတယ်ဆိုတဲ့ စာတော့ရတယ်။ တွေ့ခွင့်ကတော့မရသေးဘူးပေါ့။ ဝရမ်းပြေးနေတဲ့ ကျောင်းသားတွေမှာတော့ အခက်အခဲကတော့ မရှိပါဘူး။ ဒီဖွဲ့စည်းပုံအောက်က ဒီအစိုးရဖြစ်နေမှတော့ ဒီပြဿနာတွေက ဒီကျောင်းသားတွေပေါ်မှာ ဖိနှိပ်နေတာဆက်ရှိနေမှာပဲ။ ဒီအစိုးရရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာလည်း ဟန်ဆောင်ပြီးတော့ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေပဲဖြစ်တယ်။

ဝရမ်းထုတ်တယ်။ ကျောင်းသားတွေကို ဖမ်းတယ်ဆိုတဲ့ဟာကတော့ မဖြစ်သင့်တဲ့ကိစ္စပေါ့။ ကျောင်းသားတွေကကျတော့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားတောင်းဆိုကျတာတွေ လုပ်တာကိုမှ အစိုးရကနေပြီးတော့ ဖမ်းဆီးထောင်ချတယ်ဆိုတာက ငြိမ်းချမ်းရေးကို မလိုချင်လို့မို့လို့ ငြိမ်းချမ်းရေးဆိုတဲ့ဟာကို မကြားချင်လို့မို့လို့ သူတို့ပိတ်ပင်တားဆီးတယ်လို့ပဲ မြင်ပါတယ်။

အစိုးရတစ်ရပ်လုံးကနေပြီးတော့ ကျောင်းသားထုအပေါ်ပေါ့။ အမြဲတမ်းကျောင်းသားတွေရဲ့ လှုပ်ရှားမှုအပေါ် သူတို့ကန့်ကွက်တယ်။ ပြီးရင်ကျောင်းသားထုအပေါ် ပိတ်ပင်တားဆီးတာတွေရှိတယ်။ ဒါကတော့ ခေတ်အဆက်ဆက် ဖိနှိပ်တဲ့အစိုးရ အာဏာရှင်အစိုးရတွေလက်ထက်ကနေစပြီးတော့ အခုချိန်ထိ အစိုးရအဆက်ဆက်ကနေပြီးတော့ လုပ်ဆောင်လာခဲ့တဲ့ ဖိနှိပ်မှု ယန္တရားပေါ့။

ဒီဖိနှိပ်မှု ယန္တရားက ယနေ့အထိ အသက်ဝင်နေတယ်။ သူတို့ရဲ့ ဗျူရိုကရက် ယန္တရားတွေက ယနေ့ထိ အသက်ဝင်နေတယ်။ နှစ်ဖက် အပစ်ရပ်တယ်ဆိုတာကလည်း လတ်တလော အခြေအနေ ရပ်ထားတယ်လို့ပဲမြင်တယ်။ တကယ့်ငြိမ်းချမ်းရေးဆွေးနွေးမှု နိုင်ငံရေးအရ ဆွေးနွေးမှုတွေမရှိဘဲနဲ့ အပစ်ခတ်ရပ်စဲတယ်ဆိုတာ ညီညွတ်ရေးက ကော်နဲ့ကပ်ထားလို့ရတာမဟုတ်ဘူးပေါ့။

ကော်နဲ့ ကပ်တဲ့ ညီညွတ်ရေးက ကွာမှာပဲ လက်ရှိအနေအထားကတော့ ကျောင်းသားတွေပြန်ပြီးတော့ လွတ်မြောက်ရေးအတွက် ကျွန်တော်တို့လုပ်ဖို့ဟာတွေရှိတယ်ပေါ့။ ဒီကျောင်းသားတွေအပေါ် ဖိနှိပ်တာတွေကတော့ ခေတ်အဆက်ဆက်ရှိလာသလိုပဲ ကျွန်တော်တို့က ကျောင်းသားတွေ ဒီလိုဖမ်းခံရတဲ့အတွက် ကျောင်းသားတွေ ပြန်လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ သမဂ္ဂတွေကနေပြီးတော့ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်သွားမယ်ပေါ့။

ကိုပိုင်ဖြိုးဇင်

ဥက္ကဋ္ဌ၊ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ

လောလောဆယ်တော့ သူတို့ကို ဖမ်းထားတာတော့ အမိန့်ချပြီး ချုပ်ရက်တွေပါ ထည့်တွက်ရင်တော့ ၃လကျော်ထဲတော့ရှိပြီပေါ့။ ထောင်ဝင်စာ သူတွေ့ခွင့်တော့မရဘူး။ ပစ္စည်းတွေဘာတွေတော့ ပို့လို့ရတယ်။ ဒါပေမယ့် တစ်ခါတလေကျရင် သူတို့က ပစ္စည်းကို ၃၁ရက်နေ့ လာပေးပါဆိုပြီးတော့ ၃၁ရက်နေ့သွားပေးတော့ အဲနေ့သွားတော့ ရုံးပိတ်ရက်ဖြစ်နေလို့ဆိုပြီး သူတို့ပဲ ချိန်းထားတဲ့ ရက်ကို ရုံးပိတ်ရက်ဆိုပြီး ပစ္စည်းလက်မခံတာမျိုးတွေ ဘာတွေတော့ရှိတယ်။

ကျန်တဲ့ကိစ္စတွေကတော့ အဆင်ပြေပါတယ်။ ထောင်ထဲမှာ ဖိနှိပ်ခံရတာမျိုး ဘာမျိုး မရှိဘူးလို့လည်း ကြားတယ်။ ပေါင်းတည်မှာ ကျွန်တော်တို့ လက်ရှိ ဖမ်းဆီးခံထားရတဲ့ကျောင်းသား ၂ယောက် ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုထက်အောင်နဲ့ ပြည်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဋ္ဌ ကိုကျော်ရဲသူ ၂ယောက်ပေါ့။

စက်တင်ဘာလမှာ လုပ်တဲ့ စတစ်ကာ ကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ ပေါင်းတည်မှာလုပ်တဲ့ စတစ်ကာ ကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ ဖမ်းထားတာ ၅ဝ၅ (ခ)နဲ့စွဲပြီး ၁နှစ်အမိန့်ချလိုက်တယ်ပေါ့။ ကိုရဲရင့်နိုင် သူကမှားဖမ်းတာဆိုပြီးတော့ ၂၄နာရီ ချုပ်ပြီးတော့ ပြန်လွှတ်ပေးတယ်။ ကိုကျော်ရဲသူနဲ့ ကိုထက်အောင်ကို မဖမ်းခင် ကိုရဲရင့်နိုင်ကို ပြည်အမှတ် ၃စခန်းကဖမ်းပြီးတော့ ညတွင်းချင်း ပေါင်းတည်စခန်းကိုပို့ပြီးတော့ အချုပ်ချတယ်။

၂၄နာရီပြည့်တော့မှ ပြန်လွှတ်ပေးတာပေါ့။ မှားဖမ်းတာဆိုပြီးတော့ ကျွန်တော်တို့ တောင်းဆိုခဲ့တာသည် စစ်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့က တောင်းဆိုခဲ့တာဖြစ်တယ်။ လူသားချင်းစာနာစိတ်နဲ့ပေါ့။ အဲလိုတောင်းဆိုတဲ့အခါမှာ ဒီစတစ်ကာ ကပ်တာလောက် လေးနဲ့တော့ ဒီမတရားဥပဒေပုဒ်မတွေ တက်ပြီးတော့ ကျွန်တော်တို့ဖမ်းဆီးတယ် ထောင်ချတယ်။

အဲတာတောင်မှ သူတို့စစ်ပွဲကို အရှိန်လျော့သွားခြင်းမရှိဘူး။ သူတို့အရှိန်လျော့ချင်တဲ့အခါကျတော့ အခုချက်ခြင်းလက်ငင်းကြီး သူတို့ပါးစပ်တစ်ပေါက်နဲ့ စစ်ပွဲက ရပ်ချင်သလိုရပ် အဲလိုဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ကျတော့ ကျွန်တော်တို့လုပ်သာသည် လူသားချင်းစာနာသည့်အပေါ်လုပ်တာဖြစ်တဲ့အတွက် စစ်ပွဲရပ်တယ်ဆိုတာသည် ကျွန်တော်တို့ သူတို့အခုဖြစ်နေတဲ့ စစ်ပွဲဆိုတာ သူတို့ကိုယ်ကျိုးစီးပွားအတွက် ဒီစစ်တပ်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဖြစ်နေတဲ့ စစ်ပွဲတွေသာဖြစ်တယ်။

ပြည်တွင်းစစ်မဖြစ်သင့်ဘဲနဲ့ ကြာရှည်နေတဲ့ စစ်ပွဲတွေဖြစ်တယ်ပေါ့။ အဲတာကြောင့် ကျွန်တော်တို့က ဒီစစ်ပွဲကို အမြစ်ပြတ်ရပ်ဖို့ ကျွန်တော်တို့က တောင်းဆိုတာဖြစ်တယ်။ ဒီကိုယ်ကျိုးစီးပွားကြောင့် တောင်းဆိုတာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ မတရားတဲ့ ဥပဒေပုဒ်မတွေနဲ့ အခုလိုထောင်ချခံတာမျိုးဟာ ကျွန်တော်တို့ကတော့ သဘောမကျဘူး။ ကန့်ကွက်တယ်။

ကျွန်တော်တို့အနေနဲ့ ပြည်တွင်းစစ်ရပ်စဲရေးတင်မကဘူး။ ကျွန်တော်တို့ ရည်မှန်းထားတာသည် ၂ဝဝ၈ အခြေခံ ဥပဒေဖျက်သိမ်းရေးအထိပါ ရည်မှန်းထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ လှုပ်ရှားမှုတွေက ဆက်လုပ်သွားဖို့တော့ရှိမှာပါ။

ပြည်မြို့နယ် တစ်ဝိုက် ပေါင်းတည်မှာဆိုရင် ဖမ်းဆီးခံကျောင်းသားကတော့ ၂ယောက်ပေါ့။ ဝရမ်းထုတ်ခံထားရတဲ့ ကျောင်းသားတစ်ယောက်တော့ရှိတယ်။ ဒါပေမယ့် သူကတော့ မီဒီယာတွေမှာ မဖြေချင်လို့ အမည်မဖော်လိုဘူးပေါ့။ သူ့ကိုတော့ ကျွန်တော်တို့က ရှောင်ခိုင်းထားတယ်။ ဝရမ်းထုတ်ခံထားရတာ ပြီးတော့ ကျွန်တော်တို့ကို ပြီးတော့ အမှတ် ၂မှာ အမှုတွဲတွေရှိတယ်လို့ စုံစမ်းသိရတယ်။

ဒါပေမယ့် ကျွန်တော့်တို့ကို ဝရမ်းထုတ်ထားခြင်းတော့မရှိဘူး။ သက်သေအထောက်အထားမပြည့်စုံလို့ ဝရမ်းထုတ်ထားခြင်းတော့ မရှိသေးဘူးပေါ့။ သူတို့အနေနဲ့ ဝရမ်းထုတ်ထားတဲ့ တစ်ယောက်ကိုပဲ လိုက်နေတယ်လို့ကြားတယ်။ ကျွန်တော်တို့လည်း ရှောင်ခိုင်းထားတာဖြစ်တဲ့အတွက် လွတ်တော့လွတ်ပါတယ်။ အဖမ်းမခံရသေးဘူး။ ဒီရက်ပိုင်းအတွင်းတော့ လိုက်နေတယ်ဆိုတဲ့ အသံတော့မကြားဘူး။ ငြိမ်တော့ငြိမ်နေတယ်။

ပေါင်းတည်မှာက ဖမ်းခံရတာ ၁ယောက် ဝရမ်းထုတ်ခံထားရတာက ပြည်မှာပေါ့။ ကျွန်တော်တို့ အနေနဲ့ အမှန်တရားအတွက်တောင်းဆိုတာ ပြည်သူလူထုအတွက် တောင်းဆိုတာကို အစိုးရရယ် စစ်တပ်ရယ် အနေနဲ့ ဒီလောက်ထိ စပ်စပ်ထိမခံပေါ့။ ဒီလောက်ထိ မတရားဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးနေတာ တအားကြီးမြင်ရတာ လူရယ်စရာကောင်းတယ်လို့မြင်တယ်။ သူတို့ အနေနဲ့ပေါ့။ သူတို့ပဲပြောတယ်။

ဖက်ဒရယ်အရေး ဖက်ဒရယ်နိုင်ငံတော် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်ရေး ဒီမိုကရေစီအရေး အော်ဟစ်နေပြီးတော့ သူတို့ကိုယ်တိုင် လုပ်နေကျတာတွေကျတော့ ဥပဒေဆိုတဲ့ စကားလုံးကို သူတို့ပါးစပ်ပေါက်မှာ အမျိုးမျိုးပြောင်းလဲပြီးတော့ လုပ်ချင်တိုင်းတွေလုပ်နေတဲ့ဖြစ်ရပ်ကို ကျွန်တော့်အနေနဲ့ ကန့်ကွက်ရှုပ်ချတယ်လို့ပြောချင်ပါတယ်။

ကိုခိုင်စိုးလင်း

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင်

ပြည်တွင်းစစ်ရပ်စဲရေးအတွက် တောင်းဆိုတဲ့ ကျောင်းသားတွေ ဖမ်းဆီးခံရတဲ့ အခုလက်ရှိအခြေအနေကတော့ သူတို့ ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ ရုံးထုတ်လာခြင်းတော့မရှိသေးပါဘူး။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်၁၉ ကို အကြောင်းပြပြီးတော့ ရုံးထုတ်စစ်ဆေးခြင်းကတော့ လုံးဝမရှိသေးပါဘူး။

ကျွန်တော်တို့အနေနဲ့ကတော့ ထောင်ဝင်စာသွားတွေ့ရင်ကတော့ ကိုဗစ် ၁၉ကို အကြောင်းပြပြီးတော့ တွေ့ခွင့်မရပါဘူး။ ကျွန်တော်တို့က ပစ္စည်းတွေပို့ခွင့်ရတယ်။ သူတို့နဲ့ စာအဆက်အသွယ်လုပ်ခွင့်ရတယ်။ စာအဆက်အသွယ်ရှိတဲ့အတွက် သူတို့ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်တယ်လို့တော့ သိရပါတယ်။ လူချင်းကတော့ လုံးဝမတွေ့ရသေးပါဘူး သူတို့ဖမ်းဆီးသွားတဲ့အချိန်ကစပြီးတော့ ကျွန်တော်တို့ လူချင်းတွေ့ခွင့်လုံးဝမရသေးပါဘူး။

ဖိနှိပ်မှုတွေရှိလားဆိုတော့ ထောင်ထဲမှာတော့ ကျွန်တော်တို့ တနေ့ကတော့ ထောင် ပစ္စည်းပို့တဲ့နေရာမှာ တင်းမာမှုနည်းနည်းတော့ရှိခဲ့တယ်။ တင်းမာမှုနည်းနည်းရှိခဲ့တယ်ဆိုတာက ကိုဗစ် ၁၉ စည်းကမ်းချက်တွေ ထုတ်ထားတဲ့အတွက် ထောင်ဝင်စာက နှစ်ပတ်မှ တစ်ကြိမ်ပဲ တွေ့ခွင့်ပေးတာရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ကျောင်းသားတွေကိုကတော့ ပြည်သူတွေက ထောက်ခံတဲ့အတွက် အဖွဲ့အစည်းအများကြီးက လာပြီးတော့ ထောင်ဝင်စာတွေ ပေးတာရှိတယ်။

အဲလိုပေးတဲ့အတွက်ကို နှစ်ပတ်အတွင်းမှာ တစ်ကြိမ်တည်းမကဘူး။ များနေတဲ့ အတွက် ပစ္စည်းတွေလက်မခံလို့ တင်းမာတာတွေရှိတယ်။ ဒါပေမယ့် အဲနေ့ကပဲ အထက်လူကြီးတွေနဲ့ ညှိနှိုင်းပြီးတော့ အဆင်ပြေခဲ့ပါတယ်။ စစ်တွေမှာကတော့ ဖမ်းဆီးခံထားရတဲ့ကျောင်းသားကတော့ ၄ဦးပေါ့။ ကျွန်တော်တို့ ရခိုင်ပြည်ကျောင်းသား သမဂ္ဂက ကျောင်းသား၄ဦးဖမ်းခံရတာရှိတယ်။ ပြီးတော့ အဲဒီဆန္ဒထုတ်ဖော်ပွဲပြီးပြီးချင်းအချိန်မှာ ပါဝင်ခဲ့တဲ့ကျောင်းသားတွေကို စုံစမ်းတာတွေမျိုးတော့ရှိတာပေါ့။ သူတို့ကတရားစွဲဆိုဖို့ ဖမ်းဆီးဖို့အတွက် စုံစမ်းတာမျိုးတော့ရှိခဲ့တယ်။

ဒါပေမယ့် အခုချိန်မှာတော့ ဝရမ်းပြေးပြေးနေတဲ့ အဆင့်ထိတော့ သူတို့ဘက်က မလုပ်ပါဘူး။ အခုလို ပြည်တွင်းစစ် ယာယီရပ်စဲနေတဲ့ကာလပေါ့။ ယုံကြည်မှုတွေ တည်ဆောက်နေရတဲ့ ကာလဖြစ်တယ်။ အဲကာလမျိုးမှာ အရင်ကဖြစ်ရပ်တွေ နှစ်ဖက် တပ်မတော်တွေကတောင်မှ ပြစ်မှုကျူးလွန်တဲ့သူတွေ ဖမ်းဆီးထားတဲ့သူတွေကိုတောင်မှ လွှတ်ပေးနေကျတဲ့အခြေအနေဖြစ်တယ်။

အဲဒီအချိန်မှာ နိုင်ငံတော် အစိုးရအနေနဲ့ကတော့ အရင်တုန်းက တိုက်ပွဲတွေဖြစ်နေတုန်းက ဖြစ်ရပ် (ကျောင်းသားများကို ဝရမ်းထုတ်ဖမ်းဆီးခြင်းကိစ္စ) တွေကို အခုချိန်မှာ ပြန်ဖော်ထုတ်တယ်ဆိုတာကတော့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တည်ဆောက်နေတဲ့ ယုံကြည်မှုတွေကို ပြိုလဲသွားအောင် ကြားကဝင်ပြီးတော့ ဖျက်စီးနေတဲ့ ပြုမူဆောင်ရွက်ခြင်းမျိုးလို့ မှတ်ချက်ပြုချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts