All News Local News Peace

မြန်မာအစိုးရအနေဖြင့် ယိုယွင်းနေသော လူ့အခွင့် အရေးအခြေအနေများ ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်း

မြန်မာ့လူ့အခွင့်အရေးမှတ်တမ်းကို ကုလသမဂ္ဂက လေ့လာသုံးသပ်ချိန် အစိုးရအနေဖြင့် ယိုယွင်းနေသော လူ့အခွင့်အရေးအခြေအနေများ ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက လေ့လာသုံးသပ်နေချိန်တွင် မြန်မာအစိုးရအနေဖြင့် မြန်မာအစိုးရအနေဖြင့် ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာလုပ်ဆောင်ရန်နှင့် နိုင်ငံတစ်ဝန်း ယိုယွင်းပျက်စီးလာနေသည့် လူ့အခွင့်အရေးအခြေအနေများကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံအရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက လေ့လာသုံးသပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ကာလကြာရှည် နေရပ်စွန့်ခွာထွက်ပြေးထွက်တိမ်းရှောင်ရမှု၊ အမုန်းစကားများ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ပြုပြင်ပြောင်းလဲရေးတို့နှင့် စပ်လျဥ်း၍ (UPR) သို့ တင်ပြချက်များ တင်သွင်းခဲ့သော မြန်မာနိုင်ငံ အရပ်ဘက်လူထု အဖွဲ့အစည်း (CSO) များက မြန်မာအစိုးရအား တိုက်တွန်းတောင်းဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

UPR သည် The Universal Periodic Review (UPR) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွးနွေးပွဲ (UPR) လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ လုပ်ငန်းအဖွဲ့တစ်ခုဖြစ်ကာ နိုင်ငံများ၏လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေး အကောင်အထည်ဖော် လေ့လာစိစစ်ခြင်းဖြစ်သည်။

“ဒီ UPR လုပ်ငန်းစဥ်က လွှတ်တော်နေရာအများစုကို ဒုတိယအကြိမ် အနိုင်ရထားပြီး ပြည်သူ လူထုရဲ့ တာဝန်ပေးအပ်ခြင်းခံထားရတဲ့ မြန်မာအစိုးရအတွက် ပြည်သူလူထုအားလုံးရဲ့ အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးတဲ့ အခွင့်အရေးအခြေခံတဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ကတိကဝတ် ပြုမှုကို ပြသနိုင်မယ့် အခွင့်အလမ်းတစ်ခု ဖြစ်တယ်။ အစိုးရအနေနဲ့ လူ့အခွင့်အရေးတွေအပေါ် နောက်ထပ်ငါးနှစ် ဆက်ပြီး မျက်ကွယ်ပြုနေတာ၊ နိုင်ငံကို ဆက်လက် နောက်ကြောင်းပြန်လှည့်စေတာတွေကို ရပ်ဆိုင်းရမယ်။” ဟု ရှေ့ပြေးအသံအဖွဲ့မှ နန်းဇွန်မိုးက ပြောသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UPR အလုပ်အဖွဲ့၏ ၃၇ ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းကို သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ်မြောက် သုံးသပ်ခံရခြင်းဖြစ်ပြီး ပထမနှင့် ဒုတိယ အကြိမ် သုံးသပ်မှုများကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ မြန်မာအစိုးရ က တင်သွင်းသည့် စာမျက်နှာ ၁၉ မျက်နှာပါ အစီရင်ခံစာတွင် ကုလသမဂ္ဂနှင့် CSO များ ထောက်ပြထားသော နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ကွယ်ပြုထားကြောင်း သိရှိရသည်။

အပစ်အခတ်ရပ်စဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစိုးရသည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခြင်းနှင့် ပူးတွဲအပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းမှုများအပါအဝင် လုပ်ငန်းစဉ်အများအပြားကို ချမှတ်ထားသော်လည်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး လတ်တလော အချိန်တွင်ပင် ကရင်ပြည်နယ်အတွင်း၌ ကလေးများအပါအဝင် အရပ်သားပြည်သူ အများအပြားအား ထိခိုက်သေဆုံးစေမှုနှင့်အတူ အရပ်သားပြည်သူ ၄၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရစေသည့် ပဋိပက္ခက နှစ်အစတွင် စတင်ပြင်းထန်လာနေသည်ဟု CSO များ၏ ထုတ်ပြန်ချက်က ထောက်ပြထားသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်တွင် အများစုဖြစ်ပြီး မွေးကင်းစကလေးငယ်များ အပါအဝင် ကလေးသူငယ် (၃၂၀) ဦးအား သေဆုံး ဒဏ်ရာရစေသော ကလေးသူငယ်များအပေါ် ဆိုးရွားလှသည့် ချိုးဖောက်မှု (၉၉၄) ခုကို ကုလသမဂ္ဂမှ အတည်ပြု ဖော်ပြခဲ့ကြောင်း၊ ၎င်းသည် ကလေးသူငယ်များနှင့် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည့်ဆိုသော အစိုးရ၏ ပြောဆိုမှုများ ရှိနေသည့်ကြားမှ ဖြစ်ပွာခဲ့ခြင်း ဖြစ်ပြီး “မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“တိုင်းရင်းသားဒေသတွေမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ IDP နဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အတိဒုက္ခတွေအပေါ် မြန်မာအစိုးရရဲ့ နှုတ်ဆိတ်မှုနဲ့ မျက်ကွယ်ပြုလိုတဲ့ဆန္ဒတို့ရဲ့ နောက်ဆက်တွဲတွေကို တောတောင်တွေထဲမှာ မျိုးဆက်နဲ့ချီပြီး ထွက်ပြေး ပုန်းအောင်း ကြီးပြင်းရင်း သူတို့ရဲ့ ကလေးတွေ၊ မိသားစုဝင်တွေ အသတ်ခံရတာကို ကိုယ်တိုင် မြင်တွေ့ကြရတဲ့ တိုင်းရင်းသားပြည်သူလူထုတွေက ခါးစည်းရင်ဆိုင် ခံစားကြရတယ်။” ဟု ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှ မွန်းနေလီ က ပြောသည်။

“ဒီအပေါ်မှာ အစိုးရအနေနဲ့ တိကျခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ ချက်ချင်းလုပ်ဆောင်ရမှာ ဖြစ်ပြီး အလုံးစုံ ပျက်စီးယိုယွင်းမှု ဖြစ်စေတဲ့ ဒီပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့အတွက် အရေးတကြီး လုပ်ဆောင်ရမယ်။” ဟု ၎င်းက ဆက်ပြောသည်။

မကြာသေးခင်က CSO (၁၇၂) ဖွဲ့မှ ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နယ်မြေအတွင်း တပ်အင်အားတိုးချဲ့မှုအပါအဝင် မြန်မာစစ်တပ်မှ NCA ကို ချိုးဖောက်ခဲ့သည့် လှုပ်ရှားမှုများကြောင့် ပဋိပက္ခဖြစ်ပွားမှု ဖြစ်ပေါ်စေခဲ့သည့်အပေါ် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ခဲ့ကြသည်။

ထိုအဖွဲ့အစည်းများက မြန်မာအစိုးရအနေဖြင့် တင်းမာမှုနှင့် ပဋိပက္ခများကို ဖြေရှင်းရေးအတွက် အရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင်ရန် နှင့် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းလမ်းများဖြင့် အဖြေရှာရန် တိုက်တွန်းတောင်းဆိုထားသည်။

အစိုးရ၏ နိုင်ငံအဆင့်အစီရင်ခံစာတွင် NMHRC ကို ပါရီအခြေခံမူများနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားသည်ဟု ဆိုနေချိန်တွင် MNHRC ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (CSOs Working Group on MNHRC Reform) အပါအဝင် ကုလသမဂ္ဂနှင့် CSO များက MNHRC သည် လွတ်လပ်အမှီခိုကင်းမှု မရှိခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စွပ်စွဲချက်များ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခ အခြေအနေများအတွင်း ဖြစ်ပွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်မှု မရှိခြင်းတို့အပေါ် ဆက်လက်၍ မှတ်ချက်ပြုထားကြသည်။

“ကျူးလွန်ခံရသူများနှင့် ရှင်ကျန်ရစ်သူတွေမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပြည်တွင်း လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်း ရှိမနေသေးဘူး။” ဟု မျိုးဆက်လှိုင်းအဖွဲ့မှ ဘိုဘို က ပြောသည်။

“အစိုးရအနေနဲ့ MNHRC ကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ သီးခြားလွတ်လပ်ပြီး ဘက်မလိုက်ဘဲ ကာကွယ်ပေးနိုင်မယ့် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင် လုပ်ဆောင်ရမယ်။ အဲလိုမှမဟုတ်ရင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေဟာ အပြစ်ပေးအရေးယူ မခံရဘဲ ဆက်လက်ကျူးလွန်နေဦးမှာ ဖြစ်တယ်။” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် အစိုးရ၏ နိုင်ငံအဆင့်အစီရင်ခံစာတွင် “တပ်မတော်သားများ၏ မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးကိုမဆို အတားအဆီးမရှိဘဲ လူကိုယ်တိုင်သော်လည်းကောင်း၊ သက်ဆိုင်ရာ တပ်မှူးထံသို့ စာြဖင့်လည်းကောင်း တိုင်ကြားမှုများ ပြုလုပ်နိုင်သည်” သို့မဟုတ် သမ္မတ၊ လွှတ်တော်ကော်မတီများ၊ MNHRC နှင့် မီဒီယာများထံသို့လည်း ပေးပို့နိုင်သည်ဟု ဆိုထားသည်။

သို့ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်သူများမှာ အသရေဖျက်မှုများနှင့် မြန်မာနိုင်ငံ၏ မြောက်မြားစွာသော ကန့်သတ်ချုပ်ချယ်သည့် ဥပဒေများအား အသုံးပြု၍ ပစ်မှတ်ထား တရားစွဲဆိုခြင်းများ ခံနေကြရသည်ဟု CSO များ၏ ထုတ်ပြန်ချက်က ထောက်ပြထားသည်။

တစ်ဖက်တွင်လည်း အစိုးရသည် လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများ အထူးသဖြင့် ရိုဟင်ဂျာများနှင့် မွတ်စလင်မ် လူနည်းစုများအပေါ် အမုန်းတရားနှင့် အကြမ်းဖက်လှုံ့ဆော်မှုများ လုပ်ဆောင်နေသော ဗုဒ္ဓဘာသာ အစွန်းရောက် အမျိုးသားရေးဝါဒီများ၏ လှုပ်ရှားမှုများနှင့် ပြုမူဆောင်ရွက်မှုများကို ဆက်လက် လျစ်လျူရှုထားဆဲ ဖြစ်ကြောင်း သည်ဟု ဝေဖန်ထားသည်။

“လူနည်းစုတွေအပေါ် အမုန်းစကားနဲ့ ပစ်မှတ်ထား လုပ်ဆောင်နေတဲ့ အလေ့အထတွေဟာ မြန်မာနိုင်ငံရဲ့ ဖယ်ကျဉ်ခြင်းနဲ့ စနစ်တကျ ခွဲခြားဆက်ဆံခြင်း ယဥ်ကျေးမှုကို ထင်ဟပ်နေတယ်။” ဟု မြန်မာ့ယဥ်ကျေးမှုသုတေသနအသင်း မှ ရဲဟိန်းအောင် က ပြောသည်။

“အမုန်းစကားတွေကို သေချာတည်ဆောက်ထားတာဖြစ်ပြီး အဲ့ဒါကို အစိုးရနဲ့ စစ်တပ်အပါအဝင် အာဏာရှိသူတွေက စနစ်တကျ ဖြန့်ချိ မြှင့်တင်နေတာ ဖြစ်တယ်။ အခုအချိန်က အစိုးရအနေနဲ အမုန်းစကားရဲ့ အကြောင်းရင်းခံတွေကို ဖြေရှင်းဖို့အတွက် ခိုင်မာတဲ့ ကတိကဝတ်တွေ ချမှတ်လုပ်ဆောင်ရဖို့ အရေးကြီးတဲ့ အချိန်ဖြစ်တယ်။” ဟု ၎င်းက ဆက်ပြောသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကဲ့သို့သော ခွဲခြားဆက်ဆံသည့် ဥပဒေများက နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအောက်တွင် တားမြစ်ထားသည့် နိုင်ငံသားဖြစ်မှုကို ဖယ်ရှားခြင်း၊ အားနည်းမှုကို မြင့်တက်စေခြင်း နှင့် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်အပါအဝင် ရိုဟင်ဂျာများနှင့် အခြားသော လူနည်းစုများအပေါ် ကျူးလွန်နေသည့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ မလုပ်ဆောင်ရေး တားမြစ်ချက်နှင့် ဆန့်ကျင်နေကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသော အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ထားသည်။

သို့ရာတွင် အစိုးရသည် ယခင် သုံးသပ်ချက်များအတွင်း ဤကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရန် အဓိကကျသော အကြံပြုတိုက်တွန်းချက်များကို သဘောတူညီခြင်း မရှိသေးဘဲ မြန်မာအစိုးရမှ အတည်ပြုလက်မှတ်ရေးထိုးထားသော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့် အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေး သဘောတူညီစာချုပ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီစာချုပ် (CRC) နှင့် CRC ဆိုင်ရာ ပြဌာန်းထားသော နောက်ဆက်တွဲလုပ်ထုံးလုပ်နည်းများ အပါအဝင် ၎င်း၏ နိုင်ငံတကာတာဝန်ဝတ္တရားများကို ပြောင်ပြောင်တင်းတင်း ဆက်လက် ဆန့်ကျင်နေဖြစ်သည်ဟု CSO များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts