Features Peace political news

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) တိုးတက်မှုမရှိဘဲ အဆင့် ထပ်မံကျဆင်း

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) တိုးတက်မှုမရှိဘဲ အဆင့် ထပ်မံကျဆင်း

By TI Myanmar

၁၉၉၅ ခုနှစ်မှစတင်၍ ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) မှ အဂတိလိုက်စားမှု လေ့လာရေးဆိုင်ရာကျွမ်းကျင်သူများ၏ အများပြည်သူနှင့် သက်ဆိုင်သည့်ကဏ္ဍများ၌ ဖြစ်ပေါ်လျက်ရှိသော အဂတိလိုက်စားမှုများအပေါ် လေ့လာတွေ့ရှိချက်များကို အခြေခံ၍ကမ္ဘာ့နိုင်ငံ အသီးသီး ၏ အဂတိလိုက်စားမှု အညွှန်းကိန်း (The Corruption Perception Index) ကိုနှစ်စဥ် ထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် အမြင့်ဆုံးရရှိနိုင်သည့် အညွှန်းကိန်းရမှတ်မှာ (၁၀၀) မှတ်ဖြစ်၍ အဂတိလိုက်စားမှု ဖြစ်စဥ်များကိုတွေ့ရှိရသည်နှင့်အမျှ ရမှတ်‌‌‌‌‌‌‌‌‌လျော့နည်းသွားသည်။ မြန်မာနိုင်ငံ၏ ၂၀၂၀ ခုနှစ်အတွက် အဂတိ လိုက်စားမှု အညွှန်းကိန်းရမှတ်မှာ (၂၈) မှတ်ဖြစ်၍ ယခင်နှစ်ကထက် (၁) မှတ်လျော့ကျသွားသည်ကို ‌‌တွေ့ရ သည်။

ကမ္ဘာ့နိုင်ငံများနှင့် အဆင့်နှိုင်းယှဥ်ချက်အရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် (၁၃၇) ဖြစ်၍ ဒိုမီနီကန်နိုင်ငံ၊ ဂီနီနိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ ပါရာဂွေးနိုင်ငံတို့နှင့် အဆင့်အတူပင် ဖြစ်သည်။ ဒေသတွင်းတွင် အာရှ-ပစိဖိတ်နိုင်ငံ (၃၁) နိုင်ငံ အနက် အဆင့် (၂၅) တွင်ရှိပြီး ဒေသတွင်း ပျှမ်းမျှရမှတ် (၄၅) မှတ်အောက် (၁၇) မှတ် ပိုလျော့ နည်းသည်။

သိသာထင်ရှားသည်မှာ လွန်ခဲ့သောနှစ်များအတွင်း မြန်မာ့အိမ်နီးချင်းနိုင်ငံများအနေဖြင့် ၄င်းတို့၏ အဂတိလိုက် စားမှု အညွှန်းကိန်း (CPI) ရမှတ်များ ပိုမိုတိုးတက်စေရန် (သို့မဟုတ်) ယခင် ရမှတ်အတိုင်း ဆက်လက်တည်ရှိ ထိန်းသိမ်းရန် လုပ်ဆောင်နိုင်ခဲ့ကြသော်လည်း မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်ကထက် နည်းပါးသော ရမှတ် အခြေအနေသို့ လျော့ကျရောက်ရှိခဲ့သည်ကို တွေ့ရသည်။

အညွှန်းကိန်းရမှတ် တစ်မှတ်၊ နှစ်မှတ်မျှ အတိုးအလျှော့ ခြားနားခြင်းသည် အကျင့်ပျက်ခြစားမှုဖြစ်စဥ်များ သို့မဟုတ် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဥ်များ၌ သိသာထင်ရှားသည့် အပြောင်းအလဲများ ဖြစ် ပေါခဲ့သည်ဟု ယူဆရန်ခက်ခဲသော်လည်း မြန်မာအစိုးရအုပ်ချုပ်ရေးယန္တရားအတွင်း အဂတိလိုက်စားမှု လျှော့ချ နိုင်ခြင်းနှင့် ပတ်သက်၍ သိသိသာသာ ကျဆင်းခြင်း (သို့) တိုးတက်ခြင်း မရှိဘဲ ၂၀၁၇ မှ စ၍ CPI ရမှတ်များ တဖြည်းဖြည်း ကျဆင်းလာသည်ကို မြင်တွေ့နိုင်သည်။

၂၀၁၆-၂၀၂၀ CPI အညွှန်းကိန်းရမှတ်များ
ဘင်္ဂလားဒေ့ရှ် ကမ္ဘောဒီးယား လာအို မြန်မာ ထိုင်း ဗီယက်နမ်
2016 26 21 30 28 35 33
2017 28 21 29 30 37 35
2018 26 20 29 29 36 33
2019 26 20 29 29 36 37
2020 26 21 29 28 36 36

နှစ်အလိုက်ရရှိခဲ့သော ရမှတ်များနှိုင်းယှဥ်ချက်အရ ယခုနှစ်ရရှိသော မြန်မာနိုင်ငံ၏ အညွှန်းကိန်းရမှတ်မှာ ရွေးကောက်ခံ ဒီမိုကရေစီအစိုးရသစ် စတင်အာဏာရယူခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့သည် ရမှတ်အနေအထား သို့ ပြန်လည်ရောက်ရှိနေကြောင်း ဖော်ပြလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် မှ ၂၀၁၆ ခုနှစ်အတွင်း အဂတိလိုက်စားမှု အညွှန်းကိန်း ရမှတ် (၆) မှတ် (၂၂ မှတ် မှ ၂၈ မှတ်) အထိ သိသိသာသာ ခုန်တက်လာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း နောက်ထပ် (၂) မှတ် ထပ်မံ ရရှိကာ ရမှတ် (၃၀) အထိ တိုးတက်လာခဲ့သည် ကိုတွေ့ရသည်။

အရပ်သားတစ်ဝက်၊ စစ်တပ်တစ်ဝက် ပါဝင်သည့် အုပ်ချုပ်ရေးပုံစံအောက်တွင် အာဏာရယူခဲ့ရသော်လည်း အစိုးရသစ်အနေဖြင့် ရေရှည်တည်တံ့သည့် ပြုပြင်ပြောင်းလဲမှုများအား စတင်အခြေတည်လာနိုင်ပြီဟု မျှော်လင့်ခဲ့ကြသည်။

ထိုအချက်ကြောင့်ပင် ရမှတ်များ တိုးတက်လာခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ ယခင်အစိုးရများ လက်ထက်တွင် အစိုးရအဖွဲ့အတွင်း အုံလိုက်ကျင်းလိုက် အဂတိလိုက်စားမှုများ ဆက်လက်တည်ရှိနေခြင်း ရှိ၊ မရှိကို အစောပိုင်းအချိန်များ၌ ထင်ရှားစွာ မတွေ့မြင်နိုင်ခဲ့ပေ။ ၂၀၁၆ ခုနှစ်မှစတင်၍ အဂတိလိုက်စားမှုများကို ထိန်းချုပ်တားဆီးရေးဆောင်ရွက်ချက်များတွင် ပြုပြင်ပြောင်းလဲမှုနှင့် ထိရောက်သော တွန်းအားပေးမှုများ အမှန်တကယ် ဖြစ်ပေါ်တိုးတက်လာခြင်း မရှိ သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် ယခင်ကရရှိခဲ့သည့် CPI အညွှန်းကိန်းရမှတ်အဆင့်မှကျဆင်းသွားရသည့် အကြာင်းအရင်း မှာ တရားဥပဒေစိုးမိုးရေးတွင် အဂတိလိုက်စားမှုများ၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဖိနှိပ်ကန့်သတ်မှုများ ရှိနေခြင်းကြောင့်ဖြစ်သည်။ ယင်းအပြင် အရပ်ဘက်အဖွဲ့အစည်းများက အများပြည်သူနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ ရယူနိုင်ရေးကန့်သတ်မှုများကြောင့် လည်းဖြစ်သည်။

လွန်ခဲ့သောနှစ်များအတွင်း၌ အထက်ပါကဏ္ဍများအပေါ် လေ့လာဆန်းစစ်ခဲ့ကြသည့် World Justice Rule of Law Index ၊ Varieties of Democracy Project ၊ World Bank CPIA တို့က မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ စံနှုန်းသတ်မှတ်ချက်များကို လျှော့ချခဲ့ကြသည်။

အထက်ပါစံနှုန်းသတ်မှတ်ချက်များ လျော့ကျလာရခြင်း၏ အဓိကအကြောင်းအရင်းမှာ အစိုးရအဖွဲ့အတွင်း အုံလိုက်ကျင်းလိုက်ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများကို ဥပဒေနှင့် အညီ စနစ်တကျ၊ ပြတ်ပြတ်သားသား အရေးယူကိုင်တွယ်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု တင်ပြလိုပါသည်။

ထို့အပြင် လွန်ခဲ့သောငါးနှစ်အတွင်း အစိုးရလုပ်ဆောင်ချက်များအပေါ် ဝေဖန်ထောက်ပြသူများနှင့် ကန့်ကွက်သူ များကို တိတ်ဆိတ်သွား‌စေမည့် စီရင်ချက်များဖြင့် တရားစီရင်ရေးမဏ္ဍိုင်က အာဏာရှိသူများအလိုကျ လုပ်ဆောင်ခဲ့သည်။

CPI အညွှန်းကိန်းရမှတ်များကို ဆန်းစစ်သုံးသပ်ချက်အရ တရားစီရင်ရေးမဏ္ဍိုင်၏ အဂတိလိုက်စားမှု အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်ကြောင်း ဖော်ပြနေသည်။ တရားစီရင်ရေးကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများနှင့် အဆင့် နှိုင်းယှဉ်ချက်အရ မြန်မာနိုင်ငံသည် အဆင့် (၁၂၈)အနက် (၁၂၂) ဆင့် အဖြစ် အောက်ဆုံးတွင် ရပ်တည်လျက် ရှိသည်။ အာရှ-ပစိဖိတ်ဒေသ အဆင့် (၁၅) ခုအနက် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ အောက်နှင့် ကမ္ဘောဒီးယားနိုင်ငံ အထက် အဆင့် (၁၄) တွင် ရပ်တည်လျက်ရှိသည်။

မကြာသေးမီကာလအတွင်း တရားစီရင်ရေးမဏ္ဍိုင်က အရပ်ဘက်အဖွဲ့အစည်းများအပေါ် မတရားဖိနှိပ်သည့် စီရင်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး ယင်းလုပ်ရပ်က တရားစီရင်ရေးမဏ္ဍိုင်၏ တည်ကြည်ဖြောင့်မတ်မှုကို ထင်ရှားစွာ ထိခိုက်စေခဲ့သည်။ (ဥပမာများ ကြည့်ရှုရန်)

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် အရေးယူဆောင်ရွက်နိင်ရေးအတွက် အပြောင်းအလဲများဖော်ဆောင်ရန် စစ်မှန်သည့် ကြိုးပမ်းအားထုတ်မှုများ မဖြစ်ပေါ်သေးသမျှ CPI ညွှန်းကိန်းရမှတ်များ ဆက်လက် ကျဆင်းနေမည် ဖြစ်သည်။

CPI အညွှန်းကိန်းသတ်မှတ်ချက် ရမှတ်အဆင့်ဆိုးရွားမှုသည် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာစံနှုန်း ကျင့်ဝတ်များကို လိုက်နာလုပ်ဆောင်သည့် ကုမ္ပဏီများ၏ စိတ်ဝင်စားမှုကိုကျဆင်းစေနိုင်ရုံသာမက နိုင်ငံ၏ အထွေထွေဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က “အဂတိလိုက်စားမှုများပါက ရင်းနှီးမြှုပ်နှံမှုနည်းပါးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကျဆင်းမည်” ဖြစ်ကြောင်း ဖော်ပြထားသည်။

အဂတိလိုက်စားမှုများလျှော့ချရေး အစိုးရအား တောင်းဆိုချက်များ

  • ကြီးကြပ်ထိန်းကျောင်းရေး အင်စတီကျုးရှင်းများ အားကောင်းခိုင်မာလာစေရန်လုပ်ဆောင်ရမည်။အရင်းအမြစ်များကို အမှန်တကယ်လိုအပ်သည့် အင်စတီကျုးရှင်းများထံသို့ သေချာစွာပံ့ပိုးပေးရန်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကြီးကြပ်ထိန်းကျောင်းရေး အင်စတီကျုးရှင်းများသည် လိုအပ်သည့် ဘဏ္ဍာငွေ၊ အရင်းအမြစ်များရရှိပြီး ၎င်းတို့၏တာဝန်များကိုထမ်းဆောင်ရာတွင် လွတ်လပ်စွာ ဆုံးဖြတ်လုပ်ဆောင်ခွင့်ရရှိရမည်။
  • စာချုပ်စာတမ်းများကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟအသိပေးရမည်။
    မမှန်မကန်ဆောင်ရွက်မှုများကို တိုက်ဖျက်ရန်နှင့် အကျိုးစီးပွား ပဋိပက္ခများကို ဖော်ထုတ်နိုင်ရန် လုပ်ဆောင်ရမည်။ မျှတသော စျေးနှုန်းသတ်မှတ်ခြင်းများ လုပ်ဆောင်ရမည်။
  • ဒီမိုကရေစီကို ခုခံကာကွယ်၍ အရပ်ဘက်အခန်းကဏ္ဍကို မြှင့်တင်ပေးရမည်။
    အစိုးရအဖွဲ့အစည်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေမည့် ကောင်းမွန်သည့် အခင်းအကျင်းကို ဖန်တီးပေးရမည်။
  • အများပြည်သူ၏ သတင်းအချက်အလက်ရယူပိုင်ခွင့်ကိုအာမခံပြီး လိုအပ်သည့်သတင်းအချက်အလက် များကို ထုတ်ပြန်ပေးရမည်။

အများပြည်သူအနေဖြင့် ပြည်သူ့ဘဏ္ဍာသုံးစွဲမှုများနှင့် အရင်းအမြစ်များဖြန့်ဖြူးမှုများအပါ အဝင် မှန်ကန်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အလွယ်တကူ လက်လှမ်း မီစေရန် လုပ်ဆောင်ပေးရမည်။ အထူးသဖြင့် အရေးပေါ် အခြေအနေများတွင် ထိုသို့လုပ်ဆောင်ရန် ပိုမိုလို အပ်မည်။

အဂတိလိုက်စားမှု အညွှန်းကိန်း (CPI)

Corruption Perception Index (CPI) အဂတိလိုက်စားမှု အညွှန်းကိန်းဆိုသည်မှာ ပုဂ္ဂလိကကဏ္ဍနှင့် ပညာရှင် များက အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ပြောဆိုကြသည့် အမြင်သဘောထားများ၏ အချက်အလက် ကိန်း ဂဏန်း အရင်းအမြစ်များ စုစည်းအခြေခံကာ နိုင်ငံပေါင်း (၁၈၀) ကို ရမှတ်အဆင့်သတ်မှတ်ထားခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ် CPI အညွှန်းကိန်းကို အဖွဲ့အစည်း (၁၂) ခု၏ သတင်းရင်းမြစ် (၁၃) ခု အပေါ် အခြေခံကာ တွက်ချက် ထားသည်။ မြန်မာနိုင်ငံအတွက်ကိုမူ မတူညီသော သတင်းရင်းမြစ် (၇) ခုကို အသုံးပြုထားသည်။ CPI အညွှန်းကိန်းသည် နိုင်ငံများ၏ အဂတိလိုက်စားမှု နှိုင်းယှဉ်သည့်ရမှတ်ကို သုည (အဂတိလိုက်စားမှုအမြင့်ဆုံး) မှ တစ်ရာ (အဂတိလိုက်စားမှု အကင်းရှင်းဆုံး) အဖြစ် တိုင်းတာကာ နှစ်စဉ်ထုတ်ပြန်သည်။

၂၀၂၀ ခုနှစ် CPI အညွှန်းကိန်းအရ နိုင်ငံစုစုပေါင်း၏ သုံးပုံနှစ်ပုံသည် ရမှတ် (၅၀) အောက်တွင် ရောက်ရှိနေသဖြင့် ယခင်နှစ်အတွင်း အဂတိလိုက်စားမှု ကိစ္စရပ်များနှင့်ပတ်သက်၍ အနည်းငယ်သာ တိုးတက်လာခဲ့သည်ဟု မှတ်ယူနိုင်ပြီး တိုးတက်မှုမရှိသလောက် ဖြစ်ခဲ့သည်ဟုလည်း သတ်မှတ်နိုင်သည်။

နိုင်ငံများ၏ ပျမ်းမျှရမှတ်သည် (၄၃) မှတ်ခန့် ဖြစ်သည်။ ထိုရလဒ်များအရ ကိုဗစ်-၁၉ ကပ်ရောဂါသည် ကျန်းမာရေး နှင့် စီးပွားရေးပြဿနာ သာမက အဂတိလိုက်စားမှုပြဿနာ လည်းဖြစ်ပေါ်စေသည်။ ယခင်နှစ် အတွင်း ကိုဗစ် – ၁၉ ကပ်ဘေးကာလတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် အစီရင်ခံစာများ ကမ္ဘာတစ်ဝန်း ထွက်ပေါ် ခဲ့သည်။

အဆိုပါ အစီရင်ခံစာများအရ အဂတိလိုက်စားမှုများသည် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်မှုနှင့် အတူ ပိုမိုများပြားကျယ်ပြန့်လာသည်ကို ဖော်ပြနေသည်။ ထိုအဂတိလိုက်စားမှုများတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန်၊ ကုသရန်နှင့် အခြားသော ကျန်းမာရေးဝန်ဆောင်မှုများအတွက် လာဘ်ပေးလာဘ်ယူမှုများမှသည် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် အရေးပေါ်ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ အားလုံးအတွက် လာဘ်ပေးလာဘ်ယူမှုများအထိ ပါဝင်သည်။

အဂတိလိုက်စားမှုများသည် ကမ္ဘာ့ကျန်းမာရေးကဏ္ဍ၏ ကိုဗစ်-၁၉ရောဂါဆိုင်ရာ တုံ့ပြန်မှုကို ထိခိုက်စေရုံ သာမက ဒီမိုကရေစီအကျပ်အတည်း ဆက်လက်ဖြစ်ပေါ်စေသည်။ အဂတိလိုက်စားမှု မြင့်မားသည့် နိုင်ငံများ သည် အကျပ်အတည်းများကို တုံ့ပြန်ရာတွင် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ တုံ့ပြန်နိုင်စွမ်းလည်း နည်းပါး သည်ကို တွေ့ရသည်။

CPI အညွှန်းကိန်းပါ အစိုးရဌာနများ၏ အဂတိလိုက်စားမှု သရုပ်သဏ္ဍန်တွင် လာဘ်ပေးလာဘ်ယူခြင်း၊ ပြည်သူ့ ဘဏ္ဍာအားလွှဲပြောင်းအသုံးပြုခြင်း၊ အဂတိလိုက်စားမှုများကို ထိရောက်စွာ စွဲချက်တင်ခြင်း၊ လုံလောက်သော တရားဝင် မူဘောင်များချမှတ်ခြင်း၊ သတင်းအချက်အလက် လက်လမ်းမှီစေခြင်းနှင့် ထုတ်ဖော် ပြောကြား သူများ၊ သတင်းပေးသူများ၊ သတင်းထောက်များ၊ စုံစမ်းစစ်ဆေးသူများကို ဥပဒေအရ ကာကွယ်ပေးခြင်းများ အထိ ပါဝင်သည်။

CPI အညွှန်းကိန်းသည် အခွန်ဆိုင်ရာ မသမာမှု၊ ငွေကြေးခဝါချမှု၊ ဘဏ္ဍာငွေကြေးဆိုင်ရာ လျှို့ဝှက်မှု၊ ငွေမည်း များ တရားမဝင် စီးဆင်းမှု(သို့) အခြားသော ပုဂ္ဂလိကကဏ္ဍများ၏ အဂတိလိုက်စားမှုများကို တိုင်းတာခြင်း မရှိပေ။

Transparency International ကထုတ်ပြန်သည့် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) ကို အသေးစိတ် လေ့လာရန် –
https://www.transparency.org/en/press/2020-corruption-perceptions-index-reveals-widespread-corruption-is-weakening-covid-19-response-threatening-global-recovery

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts