Local News Peace political news

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကရင်နှစ်ကူးနေ့ သဝဏ်လွှာ မှား ယွင်းမှုများ ပါဝင်နေ၍ KNU Concerned Group က ကန့်ကွက်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကရင်နှစ်ကူးနေ့ သဝဏ်လွှာ မှားယွင်းမှုများ ပါဝင်နေ၍ KNU Concerned Group က ကန့်ကွက်၊ အကြီးအကဲတစ်ဦးအနေဖြင့် အထူးဂရုပြုရန်တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၂၁

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ ကျရောက်ခဲ့သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပေးပို့သော သဝဏ်လွှာတွင် မှားယွင်းမှုများပါဝင်နေ၍ ကန့်ကွက်ကြောင်း KNU Concerned Group က ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် မြန်မာနိုင်ငံအတွင်းသို့ ကရင်လူမျိုးများ စတင် အခြေချ ရောက်ရှိနေထိုင်လာကြသည့် ခုနှစ်သက္ကရာဇ်ကို ရေတွက်ရာတွင် ဘီစီ ၇၃၉ အစား အေဒီ ၇ ရာစုနှင့် ၈ ရာစုခန့် အတွင်းကပင် ဟု မှားယွင်းစွာ ဖော်ပြထားခြင်းအပေါ် လုံး၀ ကန့်ကွက်ကြောင်း၊ ကရင်အမျိုးသားများသည် ခေတ်အဆက်ဆက် ပထဝီဝင်နိုင်ငံရေးအရ ကရင်ပြည်နယ် နယ်နမိတ်တစ်ခုအတွင်းသာ နေထိုင်ကြသည်မဟုတ်ဘဲ နေရာအနှံ့အပြား ပြန့်ကျဲစွာ နေထိုင်လျက်ရှိကြောင်း၊ တပ်ချုပ်အနေဖြင့် ကရင်ပြည်နယ်ကိုသာ ဖော်ပြ ညွှန်းဆိုခြင်းသည် ကရင်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေသဖြင့် အထူးသတိပြု ရှောင်ရှားစေလိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် တိုင်းရင်းသား လူမျိုးစုများ၏ သမိုင်းမှန်အထောက် အထားများကို မှားယွင်းထုတ်ဖော်ရေးသားခြင်း၊ ဖျောက်ဖျက်ခြင်းများ အား လုံး၀ မလုပ်ဆောင်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုသည် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းဆောက်ရေးကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊ တပ်ချုပ်အနေဖြင့် တိုင်းရင်းသား လူမျိုးစုများ၏ သမိုင်းအမျန်များကို မှားယွင်းစွာ ထုတ်ဖော်ပြောဆိုခြင်း၊ စည်းလုံးညီညွတ်မှု ထိခိုက်စေနိုင်သည့် ပြောဆို ရေးသား ခြင်းများကို အထူးဂရုပြု ရှောင်ရှားစေလိုကြောင်း အလေး အနက်တိုက်တွန်းပါကြောင်း ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts