All News Local News Peace

ဗကသ ကျောင်းသားကိုဘုန်းမြင့်ကျော်ကို ပုဒ်မ ၅၀၅ ဖြင့် ထောင် ၁ နှစ်ချမှတ်

ဗကသ ကျောင်းသားကိုဘုန်းမြင့်ကျော်ကို ပုဒ်မ ၅၀၅ ဖြင့် ထောင် ၁ နှစ်ချမှတ်၊ ထောင်တွင်းဖိနှိပ်မှု ရှိနိုင်ပြီး ထောင်ကျကျောင်းသားများ၏ကျန်းမာရေးစိုးရိမ်ရ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ်တွင် စစ်ပွဲများရပ်စဲရေး ဆန္ဒပြခဲ့သော ဗကသကျောင်းသား ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမရပူရမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ)တို့ဖြင့် ထောင််ဒဏ် ၁ နှစ် ချမှတ်လိုက်ပြီး ဖမ်းဆီးခံကျောင်းသားများ ထောင်တွင်းဖိနှိပ်မှုများ ရှိနိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က တရားဝင် ထုတ်ပြန်ပြောဆိုသည်။

“ကိုဘုန်းမြင့်ကျော်က အောင်မြေသာစံမြို့နယ်တရားရုံးမှာ ဆက်ပြီး တရားရင်ဆိုင်ရမယ်။ အမှု နှစ်ခု ကျန်သေးတယ်။ အမရပူရတရားရုံးကတော့ ထောင်ဒဏ် ၁ နှစ်ချထားတယ်” ဟု ဗကသ ဒုတိယ ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လတ်တလော ရခိုင်စစ်ပွဲရပ်ဆိုင်းရေး ဆန္ဒပြခဲ့ကြသော ကျောင်းသားများကို ထောင်ဝင်စာတွေ့ခွင့်မရခြင်း၊ ရုံးမထုတ်ဘဲ ရုံးချိန်းမှာ တောက်လျှောက်ဆိုသလို ရွှေ့ဆိုင်းနေခြင်းများ ရှိနေကြောင်း၊ ဖမ်းဆီးခံ ကျောင်းသား စုစုပေါင်း ၁၆ ဦးရှိလာနေပြီး တိမ်းရှောင်နေရသော ကျောင်း သား ၃၀ ခန့်ရှိကြောင်း၊ ဖမ်းဆီးခံကျောင်းသားများ ‌ထောင်တွင်းဖိနှိပ်မှုများ ရင်ဆိုင်ရနိုင်ကြောင်း၊ ထောင်ကျကျောင်းသားများ၏ ကျန်းမာရေးအခြေအနေကိုလည်း စိုးရိမ်ရကြောင်း ၎င်းက ပြောဆိုသည်။

“မိတ္ထီလာနဲ့ မုံရွာက ကျောင်းသားတွေဆိုရင် အဖမ်းခံရပြီးကတည်းက တစ်ခါမှ ရုံးမထုတ်ဘူး။ ရုံးချိန်းတွေ ရွှေ့နေတယ်။ ၂၀၂၀ ဩဂုတ်လလောက်ကတည်းက ။ မန္တလေးလူတွေက အမိန့်ချပြီးပြီ။ ဒါပေမယ့် ထောင်ဝင်စာတွေ့လို့မရဘူး။ ကျနော့်အနေနဲ့ ထောင်တွင်းဖိနှိပ်မှုတွေ ရှိနိုင်တယ် ။ မန္တလေးမှာ အဖမ်းခံရတဲ့ ၁၃ ဦးဆိုရင် သူက ပုံမှန်ဆိုရင် အမှုတွဲတစ်ခုတည်းဆိုရင် နေရာက အတူတူထားမှာပေါ့။ အခုက ခွဲထားတယ်လို့ သိရပါတယ်” ဟု ကိုအောင်ပြည့်စုံဖြိုးက ဆိုသည်။

၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း ရခိုင်စစ်ပွဲရပ်တန့်ရေး ကျောင်းသားများ ဦးဆောင်၍ ဆန္ဒပြ များ၊ စတေကာကမ်ပိန်းများ အပါအဝင် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သဖြင့် အာဏာပိုင်များက ကျောင်းသားများကို ဖမ်းဆီးကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ကြီးလေးသော ပုဒ်များဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts