Local News Peace political news

ဖာပွန်တွင် တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကျေးရွာသား ၁ဦး ပွဲချင်းပြီး သေဆုံး

ဖာပွန်တွင် တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကျေးရွာသား ၁ဦး ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် တနှေးတော (မဲချို) ကျေးရွာတွင် ဇန်နဝါရီလ ၁၂ရက်နေ့က ကျေးရွာအတွင်း တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ကရင်လူငယ်ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်ချိုကပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၈နာရီ မိနစ် ၃ဝ အချိန်တွင် တနှောတောကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့ပြီး တနှေးတောကျေးရွာ သူကြီး စောမော်သာစဲ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ သေဆုံးသူ စောမော်သာစဲသည် အသက် ၃၅ နှစ်ရှိနေပြီဖြစ်ကြောင်း၊ သေဆုံးချိန်တွင် ဇနီးသည်နှင့် သားသမီး ၆ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

“အဲတာက ၁၂ရက်နေ့ ၁လ ၂ဝ၂၁မှာပဲ စကခ (၈) ရဲ့ လက်အောက်ခံ ခမရ (၄၀၄) ကနေပြီးတော့မှ အဝေးကနေပြီးတော့မှ လက်နက်ကြီး ၂လုံး လှမ်းပစ်တယ်။ အဲမှာ လိုက်ကြည့်လိုက်တော့ ဒီရွာသားက ချက်ချင်းသေဆုံးသွားတယ်။ သေဆုံးတဲ့ ရွာသားက အသက် ၃၅နှစ်ပဲရှိသေးတယ်။ သူ့မည်က စောမော်သာစဲ အသက်က ၃၅နှစ်ပေါ့။ သူက ကလေး ၆ယောက်အဖေပေါ့။ မိန်းကလေးက ၂ယောက်ယောကျင်္ားလေး က ၄ယောက်ပေါ့။ သူက ရွာရဲ့ ဥက္ကဋ္ဌပဲ။ အချိန်ကတော့ ည ၈နာရီ ၃ဝမိနစ်အချိန်ပေါ့။ ကရင်နှစ်သစ်ကူး မတိုင်ခင် အဲလိုဖြစ်သွားတာပေါ့” ဟု ၎င်းကပြောဆိုသည်။

တပ်မတော်အနေဖြင့် တပ်စခန်းများအား ပြည်သူများနေထိုင်ရာ အနီးအနားများတွင် တပ်ချထားခြင်းများသည် ဒေသခံပြည်သူများ အတွက်နစ်နာမှုများရှိနေပြီး တပ်နေရာတိုးချဲ့ခြင်းများ စစ်အင်အား တည်ဆောင်မှု ပြုပြင်မွမ်းမံမှုများသည် ငြိမ်းချမ်းရေးကို မလိုလားသည့်အခြေအနေဖြစ်ကြောင်း စောအဲလ်ဘတ်ချိုကပြောဆိုသည်။

“ တပ်မတော်အနေနဲ့က ဒီလိုမျိုး တိုက်ပွဲတွေဖြစ်တဲ့အခါမှာ သူက လူကို Cover အမြဲတမ်းယူတယ်ပေါ့။ တပ်မတော်က အမြဲတမ်းလိုလို သူ့ရဲ့ တပ်စခန်းတွေကို ဒီဒေသကျေးရွာတွေရှိတဲ့နေရာကိုပဲ ချထားတယ်။ တိုက်ပွဲတွေဖြစ်တဲ့အခါမှာဆိုရင် သူ့ဘက်က ပစ်တယ်။ ဟိုဘက် ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေ ပြန်ပစ်တဲ့ ဘက်ဆိုရင် သူတို့က ဒေသခံကို အကာအကွယ်ယူပြီးတော့ ဒေသခံထိရင် အဲလိုမျိုး မလှိမ့်တပတ် လုပ်တဲ့အကျင့်လည်းရှိတယ်ပေါ့။ ကျွန်တော်ပြောချင်တာက ဒီလိုမျိုး အရာမျိုးက အလုပ်မဖြစ်ဘူးပေါ့။ ဒီဒေသခံတွေပဲ နစ်နာတယ်။ ပြီးတော့လည်း ဘာမှ အကျိုးလည်းမရှိဘူး။ ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်တဲ့အရာမဟုတ်ဘူးပေါ့။ သေချာတာတစ်ခုကတော့ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ကတော့ နေပြည်တော်လည်း တက်ပြီးတော့ တိုက်မှာမဟုတ်သလို ဘယ်သူမှကိုလည်း ဒုက္ခပေးမှာမဟုတ်ဘူး။ သူ့ရဲ့ ပြည်နယ်ကိုပဲ သူကကာကွယ်ပေးချင်တယ်။ တပ်မတော် အနေနဲ့ သိရမှာက ၂ဝ၁၁ တည်းက ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် လုပ်လာတဲ့ အခင်းအကျင်းမှာ ငြိမ်းချမ်းရေးလုပ်တဲ့အတွက်ကြောင့်မို့လို့ တပ်နေရာလည်း ချဲ့စရာမလိုသလို ကရင်တွေရှိတဲ့နေရာလည်း လာစရာမလိုဘူး။ သူကငြိမ်းချမ်းရေးတည်ဆောက်တဲ့ကာလမှာ သူ့ရဲ့ စစ်တပ်အင်အားတွေပြန်ပြီး တည်ဆောက်လာတယ်။ ပြန်ပြီး ပြုပြင်မွမ်းမံတယ်ပေါ့။ ဒါတွေဟာ ငြိမ်း ချမ်းရေးကို မလိုလားဘူးလို့ပဲမြင်တယ်” ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် တပ်မတော်၏ တုံ့ပြန်ချက်ရရှိရန် တပ် မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များကို ဆက်သွယ်သော်လည်း တာဝန်ခံဖြေဆိုမည့်သူမရှိပေ။

လတ်တလော တပ်မတော်နှင့် KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ ၅၊ တပ်မဟာ ၁၊ တပ်မဟာ ၃တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဇန်နဝါရီလအတွင်း ဒေသခံပြည်သူ ၄၀၀၀ ကျော် နေရပ် ခွန့်ခွာ တိမ်းရှောင်နေရကာ စစ်ရှောင်ပြည်သူများ ကူညီသူမဲ့နေကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts