All News Election Local News Peace

ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်အစိုးရများတွင် တိုင်းရင်းသားများကို နေရာပေးရန် TNP က NLD ကို တင်ပြတောင်းဆို

ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်အစိုးရများတွင် တိုင်းရင်းသားများကို နေရာပေးရန် TNP က NLD ကို တင်ပြတောင်းဆို

By ရန်ကုန်ခေတ်သစ်

ဒေါက်တာအောင်မိုးညိုဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိပြီး တိုင်းရင်းသားပါတီတချို့နှင့် တွေ့ဆုံလျက်ရှိရာ ယမန်နေ့ တအာင်း(ပလောင်) အမျိုးပါတီနှင့် တွေ့ဆုံခဲ့သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက တအာင်း(ပလောင်) အမျိုးသားပါတီ TNP မှ အတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ NLD ပါတီနဲ့ ဆွေးနွေးတဲ့နေရာမှာ အဓိကဘယ်လိုအချက်တွေ ဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ ကျွန်တော်တို့ မနေ့က ညနေ ၄နာရီခွဲမှာ ကျွန်တော်တို့ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးညီစိန်ရယ်။ ကျွန်တော်ရယ် အစည်းအဝေးကို တက်ရောက်ပါတယ်။ တောင်ကြီးမှာပါ။ ကျွန်တော်တို့ အဓိကတော့ ဆွေးနွေးတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအရေးဖော်ဆောင်တဲ့ နေရာမှာ NLD ဦးဆောင်သွားမယ့် ကဏ္ဍမှာ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ ဘယ်လိုအခန်းကဏ္ဍမျိုး ပါဝင်ရမလဲ။ ဘယ်လိုသွားရမလဲ။

ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလည်းဆိုတဲ့ မူဝါဒဆွေးနွေးပေးဖို့ ဆွေးနွေးပါတယ်။ နောက်တစ်ခါ NLD ကနေပြီးတော့မှ ကျွန်တော်တို့တိုင်းရင်းသားပါတီတွေပေါ်မှာ ဘယ်လို မူဝါဒတွေ သဘောထားတွေ ချမှတ်ထားလည်းဆိုတာကို ရှင်းရှင်းလင်းလင်း ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ သိရှိအောင် ချပြပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

ကျွန်တော်တို့ ပါတီချင်း ဆက်ဆံရေးမှာလည်း ကျွန်တော်တို့ ဆက်ဆံရေး လမ်းကြောင်းတစ်ခုပေါ့။ ချမှတ်ပေးဖို့ ကျွန်တော်ဆွေးနွေးခဲ့ပါတယ်။ တိုင်းရင်းသားပါတီချင်းကလည်း လွှတ်တော်တွင်းမှာကော လွှတ်တော်ပြင်ပမှာကော ပါတီနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ချမှတ်ပေးဖို့ အရပ်ဖက် စစ်ဖက်ဆက်ဆံရေး ကောင်းမွန်အောင်ဖော်ဆောင်ဖို့ ဆွေးနွေးခဲ့ပါတယ်။

မေး။ ။ TNP ပါတီရဲ့ ဆွေးနွေးချက်ကို NLDပါတီက ဘယ်လို ကတိပေးပြောဆိုတာတွေရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဆွေးနွေးတဲ့ အပေါ်မှာတော့ NLDက ဆွေးနွေးတဲ့ အပေါ်မှာပဲ လာပြီးနားထောင်သွားတယ်ပေါ့။ အချက်အလက်တွေ လာယူသွားတာပေါ့။ အဲအချက်အလက်ကို မချွင်းမချန်ဘဲ သူတို့က သက်ဆိုင်ရာဗဟို ကော်မတီကို ပြန်တင်ပြပေးမယ် အဲလိုတော့ အချက်တော့ ကျွန်တော်တို့ ရခဲ့ပါတယ်။ ဒီမှာတော့ ဆုံးဖြတ်ချက်ချခဲ့တာတော့ မရှိပါဘူး။

မေး။ ။ ဒီဆွေးနွေးပွဲကို TNP ဘက်ကကော ကျေနပ်အားရရဲ့လား။

ဖြေ။ ။ အပြုသဘောဆောင်ပါတယ်။ ကျေနပ်ပါတယ်။ ဒါပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်တို့ တင်ပြချင်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းတင်ပြတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာတွေကို တင်ပြတယ်။ တော်တော်ဆွေးနွေးပါတယ်။ အပြုသဘောဆောင်ပါတယ်။ ကျေနပ်ပါတယ်။

မေး။ ။ ဆွေးနွေးတာတွေထဲက အဓိကအကြောင်းအရာက ဘာဖြစ်မလဲ။

ဖြေ။ ။ အဓိကတော့ ကျွန်တော်တို့ ပါတီချင်း ဆက်ဆံရေးတွေ ပွင့်ပွင့်လင်းလင်း မြင်သာထင်သာအောင် ချမှတ်ပေးဖို့ လိုအပ်မယ်။

နောက်တစ်ခါ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေကိုလည်း ကြည်ကြည်ဖြူဖြူ သာတူညီမျှ သဘောထားချမှတ်ပေးဖို့ တစ်ခါ ကျွန်တော်တို့ ဒီပြည်ထောင်စု အစိုးရအဖွဲ့ထဲမှာကော တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တွေမှာကော တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တော်တွေကိုလည်း တာဝန်ပေးအပ်နိုင်ဖို့ ဒါကကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။

နောက်တစ်ခါ ကျွန်တော်တို့ ဒီတိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေ ပိုမိုတိုးမြှင့်ပေးဖို့ တင်ပြဆွေးနွေးပါတယ်။ စစ်ဘေးရှောင်ကိစ္စတွေ အပစ်ခတ်ရပ်စဲဖို့ကိစ္စတွေ ဒါလည်း ဆွေးနွေးပါတယ်။

မေး။ ။ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေမှာ တိုင်းရင်းသားပါတီတွေပါ ပါဝင်ရေးကိစ္စကို ကော သူတို့ဖက်က ဘယ်လိုပြောတာရှိလဲ။

ဖြေ။ ။ အားလုံးက ကျွန်တော်တို့ တင်ပြဆွေးနွေးတာတွေ ကျွန်တော်တို့ ဆွေးနွေးချင်တဲ့ဟာကို သူတို့က အချက်အလက်တွေ စုစောင်းသွားတာပဲ သူတို့တော့ ဆုံးဖြတ်ချက်ချမပေးနိုင်ဘူး။ အချက်အလက်တွေ စုစောင်းပြီးမှ သက်ဆိုင်ရာ ဗဟိုကော်မတီတွေကို တင်ပြမယ်။

ဗဟိုကော်မတီက အဲတာကို လေ့လာပြီးမှ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ချပေးမှာပေါ့။ အဲလိုကျွန်တော်တို့ နားလည်တယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ တိုင်းရင်းသားပါတီနဲ့ အခုလက်ရှိ အစိုးရသစ်ဖွဲ့လာမယ့် NLD ပါတီနဲ့ အပြန်အလှန်ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှုအတွက်တော့ အပြုသဘောဆောင်တယ်လို့တော့ မျှော်လင့်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts