Editorial Peace political news

တိုင်းပြည်နှင့် ပြည်သူ သန်း ၅၀ ကျော်ကို ထောက်ရှုကြရန် အရေးကြီးပြီ

တိုင်းပြည်နှင့် ပြည်သူ သန်း ၅၀ ကျော်ကို ထောက်ရှုကြရန် အရေးကြီးပြီ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုက်နာလျှင် ဖျက်ပစ်ရမည်ဟုပြောဆိုပြီး ယခင် စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းအစိုးရလက် ထက်၊ ၁၉၈၈ ခုနှစ် စစ်အာဏာရှင် အစိုးရလက်ထက် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ဖျက်သိမ်းမှုနှင့် ဥပမာပေးချိန်ထိုး ပြောဆိုလိုက်သည်။

ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေမှာ စိုးရိမ်စရာအကောင်းဆုံးအခြေအနေဖြစ်လာနေပြီး အာ ဏာသိမ်းမည်ဟူသော ယူဆချက်များကြောင့် ပြည်သူများအကြား ထိတ်လန့်လာနေကြသည်။

အတိတ်က စစ်အာဏာသိမ်းမှုဖြစ်စဉ်တိုင်းတွင် သန်းပေါင်းများစွာသော ပြည်သူအားလုံး ဒုက္ခများစွာ ခါးစည်းခံခဲ့ရပြီး အသက်သွေးချွေးမြောက်မြားစွာ ရင်းနှီးပေးဆပ်ခဲ့ရသည်။ တိုင်းပြည်သည် နယ်ပယ်ကဏ္ဍအသီးသီး တွင် ခေတ်နောက်ကျခဲ့ပြီး ကမ္ဘာ့အဆင်းရဲနှင့် ဖွံ့ဖြိုးမှု အနည်း ဆုံး နိုင်ငံစာရင်းဝင် ဖြစ်ခဲ့ရသည်။

လွတ်လပ်ရေးရပြီးသည်အထိ ခေတ်အဆက်ဆက် ပြန်လည်ထောက်ကြည့်မည်ဆိုလျှင် မြန်မာ နိုင်ငံသည် ငြိမ်းချမ်းစွာဖြင့် ရှင်သန်ဖွံ့ဖြိုးနိုင်သော ကာလအချိန်ဆိုသည်မှာ မရှိသလောက် နည်း ပါးလှသည်။

နိုင်ငံတော်နှင့်ပြည်သူများမှာ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ နိုင်ငံရေးပဋိပက္ခနှင့် ပြည်တွင်းစစ်မီး အမျိုးမျိုးအကြား ရုန်းကန်ခဲ့ရသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် စစ်အာဏာရှင်စနစ်၊ တစ်ပါတီ အာဏာရှင်စနစ်တို့ဖြင့်လည်း အယူမှား၊ အလွဲမှားဖြင့် တိုင်းပြည် နောက်ကောက်ကျခဲ့ရသည်။ ၁၉၈၈ ခုနှစ် ၂၀၁၀ အထိ စစ်အာဏာရှင်အစိုးရလက်ထက် ဥပဒေမဲ့ အုပ်ချုပ်မှုဖြင့် သန်းပေါင်းများစွာပြည်သူများ ဒုက္ခမျိုးစုံ ရင်ဆိုင်တွေ့ကြုံခဲ့ရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၀ အထိလည်း စစ်အာဏာရှင်စနစ်မှ လွန်မြောက်၍ အသက်ရှုချောင်နိုင်ရုံမျှသာ ရှိနေသေးချိန် အာဏာသိမ်းမည်ဆိုသော လေသံပစ်မှုများကြောင့် အိပ်မက်ဆိုးတို့ တကျော့ ပြန်လာမလားဟု လူထုက စိုးရိမ်လာနေကြသည်။

ပုဂ္ဂိုလ်ရေး၊ အယူဝါဒ၊ အကျိုးစီးပွား မည်သည့်အတွက်ကြောင့် အာဏာသိမ်းသည်ဖြစ်စေ အာဏာသိမ်းမှုတိုင်းသည် ဆယ်စုနှစ်ပေါင်းများစွာ နစ်မွန်း ဒုက္ခရောက်နေသော နိုင်ငံတော်ကို ပျက်စီးမှုများ ဖြစ်ပေါ်စေမည်မှာ အသေအချာပင်ဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို တည်ဆဲအခြေခံဥပဒေနှင့် အစိုးရကို ဖျက်သိမ်း၍ အာဏာသိမ်းမှုဖြစ်ပေါ်တိုင်း ယင်းနိုင်ငံတွင် နေထိုင်သော ပြည်သူများအပေါ် များစွာသော ဆိုးကျိုးများ သက်ရောက်လေ့ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုအပေါ် အခြေခံသော ယနေ့ နိုင်ငံရေး တင်းမာမှု ၏ အဓိက စိန်ခေါ်ချက်မှာ အာဏာရှိသူနှင့် လက်နက်ကိုင်သူတို့အကြား ညှိနှိုင်းစကားပြောမှု ပျောက်ဆုံးနေခြင်းဖြစ်သည်။

ချင်းစိမ်းနှင့် မိဿလင်၊ သူကြင်မှ ကိုယ်ကြင် ဆိုသကဲ့သို့ သဘောမထားကြဘဲ တိုင်းပြည်နှင့်သန်း ၅၀ ကျော်၏ မျက်နှာကို ထောက်ရှု၍ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးကြရန်လိုအပ်သည်။ မဖြစ်မနေ တွေ့ဆုံဆွေးနွေးကြခြင်းဖြင့် အဖြေရှာရမည့် အချိန်လည်းဖြစ်သည်။

ယခုကာလသည် ကိုဗစ်ကပ်ရောဂါဆိုးကြောင့် မြန်မာအပါအဝင် တစ်ကမ္ဘာလုံး ဒုက္ခ ပင်လယ်ဝေနေချိန် ဖြစ်ရာ နှစ်ဦးနှစ်ဖက် ဆွေးနွေးတိုင်ပင်အဖြေရှာကြခြင်းဖြင့် အဆိုးကျော့သံသရာ မလည်စေရန် တားဆီးရမည့်အချိန်လည်းဖြစ်သည်။

နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေရှာကြသည်ဆိုရာဝယ် တစ်ဖက်နှင့်တစ်ဖက် အောက်ကျို့သည်ဟု မယူဆကြဘဲ တိုင်းပြည်နှင့် ပြည်သူ သန်း ၅၀ ကျော်မျက်နှာကို ထောက်ရှုကြရန် အရေးကြီးသော အချိန်ဖြစ်ပါကြောင်း။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts