All News China Watch Local News

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ၏ မြန်မာခရီးစဉ်တွင် သဘောတူညီမှု ၆ ခု လက်မှတ်ရေးထိုးပြီး တရုတ်ကိုဗစ်ကာကွယ်ဆေးအလုံး ၃ သိန်း ကူညီမည်ဟုဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတကို တွေ့ဆုံ၊ သဘောတူညီမှု ၆ ခု လက်မှတ်ရေးထိုးပြီး တရုတ်ကိုဗစ်ကာကွယ်ဆေးအလုံး ၃ သိန်း ကူညီမည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်။ သမ္မတဦးဝင်းမြင့်တို့နှင့် ယနေ့တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ရေးဆေး အလုံးရေ ၃ သိန်း ကူညီပံ့ပိုးမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

သမ္မတဦးဝင်းမြင့်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေးအတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ အကြား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ယွမ် ၃ သန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက် ရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် မြန်မာပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးသွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုခရီးသွားနှစ် အကောင် အထည်ဖော်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်သွား ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည် ဖော်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့စဉ် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများနှင့် နှစ်နိုင်ငံ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦ စီမံကိန်းများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင် အထည်ဖော်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြန်မာ ပြည်သူများအတွက် တရုတ်နိုင်ငံက ထောက်ပံ့သွားရေး၊ မြန်မာ-တရုတ်ယဉ်ကျေးမှု ခရီးသွားလာရေးနှစ် အခမ်းအနားများကို ၂၀၂၁ ခုနှစ်တွင် ဆက်လက် ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက် သွားရေး၊ ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာ စာတို့တွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လာမည့်အစိုးရသက်တမ်းတွင် ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆက်လက်၍ အပြုသဘောကူညီပံ့ပိုးပေးသွားရေး ကိစ္စရပ်တို့ကို ဆွေးနွေး ပြောကြားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း တရုတ်နိုင်ငံ အကြီး အကဲများက မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းစကား ပါးလိုက်ပါကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ယခုခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး နှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ၅ နှစ် ဖွံ့ဖြိုးမှုအစီအစဉ်၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကျေးလက်လမ်း တံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေး မှတ်တမ်းလွှာ၊ ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အတွက် ငွေကြေးအထောက်အပံ့ ပေးအပ်ရေးစာလွှာနှင့် တရုတ်အတိုးမဲ့ ချေးငွေဖြင့် ဝယ်ယူသည့် လူစီးရထားတွဲများဆိုင်ရာ စာလွှာများကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts