All News China Watch Features Peace

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်တွင် မြန်မာအစိုးရက ထုတ်ပြန်ခဲ့ခြင်းမရှိသော နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တချို့က ဘာတွေလဲ

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်တွင် မြန်မာအစိုးရက ထုတ်ပြန်ခဲ့ခြင်းမရှိသော နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တချို့က ဘာတွေလဲ

By ရန်ကုန်ခေတ်သစ်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ အထိ လာရောက်လည်ပတ်ခဲ့ပြီး ယင်းခရီးစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့မှု အကြောင်းအရာများကို နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့သော်လည်း မြန်မာအစိုးရ၏ ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြခြင်းမရှိဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်အချက် ၁၂ ချက် သဘောတူညီခဲ့ကြောင်း၊ ၈ ချက်ကို တရားဝင်ထုတ်ပြန် လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijianက ဇန်နဝါရီလ ၁၃ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို အလေးထားသည့် အနေဖြင့် ဦးစွာ သွားရောက်လည်ပတ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲအပြီး သွားရောက်သည့် ပထမဆုံးသော နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး တရုတ်- မြန်မာဆက်ဆံရေးအရေးကြီးမှု ပြသကြောင်း၊ ခရီးစဉ်တွင် နှစ်ဖက်စလုံးက ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း၊ တရုတ်အနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်တိုက်ဖျက်ရေး၊ ကာကွယ်ဆေး ပံ့ပိုးခြင်းနှင့် ဆေးပစ္စည်းများ ဆက်လက်ကူညီပံ့ပိုးရန် အဆင်သင့်ဖြစ်နေကြောင်း၊ တရုတ်အနေဖြင့် စီးပွားရေးနှင့် မြန်မာပြည်သူများ၏ ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရသစ်ကို ထောက်ခံပြီး တရုတ်- မြန်မာစီးပွားရေးစ င်္ကြန်နှင့် စက်မှု ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပင်လုံစိတ်ဓာတ် အကောင်အထည်ဖော်မှုများကို တတ်နိုင်သမျှ ကူညီထောက်ပံသွားမည်ဖြစ်ကြောင်း၊ တရုတ်အစိုးရအနေဖြင့် တရုတ်- အာဆီယံ ဆက်ဆံရေးအတွက် မြန်မာနိုင်ငံ၏ ညှိနှိုင်းရေးမှူး အခန်းကဏ္ဍကို ကြိုဆိုပြီး လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီး ဝမ်ရိ၏ ခရီးစဉ်တွင် သဘောတူညီခဲ့သော အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် ၁၂ ချက်ထုတ်ပြန်ခဲ့ပြီး တချို့သော သဘောတူညီချက်များမှာ မြန်မာအစိုးရဘက်က ထုတ်ပြန်ခဲ့ခြင်းမရှိသော အချက်များ ပါဝင်နေသည်။

တရုတ်- မြန်မာ သဘောတူညီခဲ့သော နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် ၁၂ ချက်

၁-တရုတ်သမ္မတရှီကျင့်ပင် ခရီးစဉ်တွင် သဘောတူညီချက်များကို ပူးတွဲ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်

၂- ကိုဗစ်ရောဂါ ကာကွယ်တားဆီး တိုက်ဖျက်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုအတွက် နှစ်နိုင်ငံ Green Channel ထူထောင်ရေး တိုးတက်မှုရှိစေရေး ဆက်လက်ဆောင်ရွက်ရန်

၃- တရုတ်- မြန်မာ စီမံကိန်း ၃ ခုဖြစ်သည့် ကျောက်ဖြူစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ တရုတ်- မြန်မာ နယ်စပ်အထူးစီးပွားရေးဇုန်များကို လျှင်မြန်စွာ အကောင်အထည်ဖော်ရန်

၄- တရုတ်- မြန်မာကုန်သွယ်ရေး ၅ နှစ်စီမံကိန်းကို လက်မှတ်ရေးထိုးခဲ့ခြင်း

၅-တရုတ်- မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အဖြစ် ပြည်သူများအချင်းချင်း ပူးတွဲ ကျင်းပမည့် ပွဲများကို ၂၀၂၁ ခုနှစ်တွင် ပြန်လည် လုပ်ဆောင်ကျင်းပရန် သဘောတူညီခြင်း

၆- တရုတ်- မြန်မာဆက်ဆံရေးတွင် မြန်မာနိုင်ငံအနေဖြင့် ညှိနှိုင်းရေးမှုးအဖြစ် ဆောင်ရွက်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအထိ ဦးတည်ရန်

၇- မြန်မာနိုင်ငံအနေဖြင့် မဲခေါင် ပူးတွဲဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်ရန်

၈- နှစ်ဖက်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ကို လေးစားပြီး ဗိုလ်ကျစိုးမိုးမှုနှင့် ခြယ်လှယ်မှုများ ရှောင်ကြည်ရန် သဘောတူညီခြင်း

၉- နှစ်နိုင်ငံအနေဖြင့် တရုတ်- အာဆီယံ အွန်လိုင်း လုံခြုံမှု အသိုက်အဝန်းဖြစ်ပေါ်ရေး ပူးတွဲ ဆောင်ရွက်ရန် သဘောတူညီခြင်း

၁၀- နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို အလေးထားပြီး အစိုးရ၏ ရွေးကောက်အပြီး ဖြစ်ပေါ်တိုးတက်မှုများကို တရုတ်က ထောက်ပံ့ကူညီရန်

၁၁- နယ်စပ်ဖြတ်ကျော် လောင်းကစား၊ လိမ်လည်မှုနှင့်မှုခင်းများကို ပူးတွဲဖြေရှင်းပြီး နယ်စပ် ဒေသ တည်ငြိမ်ရေး ပူးတွဲ ဆောင်ရွက်ရန် သဘောတူညီခြင်း

၁၂- တရုတ်အနေဖြင့် ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ဆက်လက် ထောက်ခံပြီး ဘင်္ဂလားဒေ့ရှ်- မြန်မာ ဆွေးနွေးညှိနှိုင်းမှုကို ထောက်ခံ ပံ့ပိုးရန်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts