All News Local News Peace

တပ်မတော်၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး KNU ပြော

KNU ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးဆိုသော တပ်မတော်သတင်းထုတ်ပြန်မှု ငြင်းပယ်၊ တပ်မတော်၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး KNU ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့က အရပ်သား ပြည်သူ ၂ ဦး ပစ်ခတ် သေဆုံးမှုသည် တပ်မတော်က သတင်းထုတ်ပြန်သကဲ့သို့ KNU ၏ ပစ်ခတ်မှုကြောင့်မဟုတ်ဘဲ တပ်မတော်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဖြစ်ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်၊ နံနက် ၇ နာရီ အချိန်တွင် တပ်မဟာ(၃)နှင့် တပ်မဟာ(၅)ကြားရှိ လားလာ(နယ်ကြား)စခန်း ပတ်ဝန်းကျင်တွင် တပ်မတော်မှရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးသွားကြောင်း၊ သေဆုံးသွားသူ အရပ်သား နှစ်ဦး၏ အမည်မှာ ဦးတာ အသက်(၅၇)နှစ် နှင့် ဂျီဖိုး အသက်(၄၂)နှစ် တို့ဖြစ်ကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU -ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုကော်ဆာ)၊ အတွင်းရေးမှူး ပဒိုစောဆာဝါးက “တပ်ရင်းမှူးအဆင့်ရှိရှမ်းလေး (ခမရ ၅၇)သည် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင်မူသယ်ကျေးရွာတာဝန်ရှိသူများဖြစ်ကြတဲ့ စောစေးခေသော၊ စောခင်သန်းမူး၊ စောဂေနေမူးနှင့် စောဖားနေတို့ ကို ခေါ်ယူတွေ့ဆုံပြီးတော့ ရွာပြင်ကို ကိုက် (၅၀)ကျော်ထက်လွန်ပြီးတော့ မသွားရဘူးတဲ့။ သွားရင်သူတို့လုံခြုံရေးအတွက် ပစ်ခတ်ရမယ်လို့ ပြောခဲ့တ ယ်။ အဲ့ဒီအချိန်ကစပြီးတော့ မူသယ်ကျေးရွာသူရွာသားတွေက ရွာပြင်ကို ကိုက် ၅၀ ထက်ကျော်လွန်ပြီး မသွားရဲတော့ဘူး” ဟု KNU ၏ သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အရပ်သား ၂ ဦး ပစ်ခတ်၍ သေဆုံးသွားသည့်နေရာသည် ကျေးရွာများနှင့် အလွန်ကွာဝေးပြီး ထိုနေရာတွင် တပ်မ တော်စခန်းများသာ ရှိသည့် နေရာဖြစ်ကြောင်း KNU သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်ဘက်ကမူ အရပ်သား ၂ ဦးကို KNU တပ်မဟာ ၅ ၊ ပြည်သူ့စစ်တပ်ရင်း ၁ အဖွဲ့က အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts