All News Local News Peace

တပ်မတော်၏ ပစ်ခတ်မှုကြောင့် ကျောက်ကြီးဒေသခံပြည်သူ တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရ

တပ်မတော်၏ ပစ်ခတ်မှုကြောင့် ကျောက်ကြီးဒေသခံပြည်သူ တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

တပ်မတော်နှင့် KNU တပ်မဟာတို့ကြား တိုက်ပွဲဖြစ်နေသော ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ပကော်ခီးကျေးရွာသား တစ်ဦးကို ယနေ့ ဇန်နဝါရီလ ၁၉ရက်နေ့တွင် တပ်မတော် တပ်ရင်း ခမရ (၆၀၃)က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူငယ်ကွန်ရက် (ရန်ကုန်) ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်ချိုကပြောဆိုသည်။

အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူ အမည်မှာ အသက် ၄၁နှစ်အရွယ် စောလယ်ဘောဖြစ်ပြီး တပ်မတော်နှင့် တပ်မဟာ ၃တို့ တိုက်ပွဲဖြစ်ပွားစဉ်တွင် တောထဲသို့ တိမ်းရှောင်နေသူဖြစ်ကာ ယနေ့တွင် နေအိမ်၌ ကျန်ရှိခဲ့သော အိမ်မွေးတိရိစ္ဆာန်များကို အစာကျွေးရန် ပြန်လာစဉ် ထိုသို့ ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီနေ့က တပ်မဟာ ၃ဖက်ပေါ့(ကျောက်ကြီး)။ အဲမှာဖြစ်ပွားတာပေါ့။ မနက် ၉နာရီ ၃ဝမိနစ်လောက်က အဲမှာ ပကော်ခီးကျေးရွာမှာပေါ့။ ရွှေ့ပြောင်းပြီးတော့နေထိုင်တဲ့ တောထဲမှာ ဝင်ပြီးတော့ ခိုလှုံတဲ့သူတွေက သူတို့အိမ်မှာကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်များကို ပြန်ပြီးတော့မှ အစာတွေဘာတွေကျွေးဖို့ပြန်လာတယ်ပေါ့။ အဲဒီပြန်လာတဲ့အချိန်မှာ ဒီ ဗိုလ်မှူး မောင်မောင်သန်း ဦးဆောင်တဲ့ တပ်ရင်း ခမရ (၆၀၃)က လက်နက်ကြီး လက်နက်ငယ်နဲ့ ကျေးရွာကို ရမ်းပစ်တယ်ပေါ့။ အဲလိုမျိုး သတင်းရတယ်။ အဲလိုရမ်းပစ်တော့ ဒီ ဒေသခံတစ်ဦးက လက်ငယ်ထိသွားတာဖြစ်သွားတယ်ပေါ့။ သေနတ်ထိသွားတဲ့ ဒေသခံ အမည်က စောလယ်ဘော အသက်က ၄၁နှစ်ပေါ့” ဟု စောအဲလ်ဘတ်ချိုကပြောဆိုသည်။

ထိုသို့ လက်နက်ငယ် ထိမှန်ခဲ့ခြင်းကြောင့် ခြေထောက် နှစ်ဖက်တွင် သေနတ်ဒဏ်ရာရရှိချိန် လဲကျသွား၍ ဦးခေါင်းတွင်လည်း ထပ်မံထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေနတ်ထိမှန်ခဲ့သော ဒဏ်ရာသည် ပြင်းထန်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ သေနတ်က ပေါင်နှစ်ဖက်ထိတယ်။ ပြီးတော့ ဦးခေါင်းလည်းထိတာပေါ့။ ခြေထောက်ထိတော့ ပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့မှ လက်ရှိချိန်တော့ ဆေးကုသမှုတွေ ခံယူနေတယ်လို့သိရတယ်” ဟု စောအဲလ်ဘတ်ချိုကပြောဆိုသည်။

ထိုသို့ တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့်အတွက် လက်ရှိချိန်တွင် ကလေးငယ်များ ပညာသင်ကြားနိုင်ခြင်းမရှိဘဲ တပ်မတော်က အင်အားတိုးချဲ့မှုများ ပိုမိုလုပ်ဆောင်လာကြောင်း၊ တပ်မတော်စစ်ကြောင်းများ ပြန်လည် ဆုပ်ခွာပေးရန် ဒေသခံများ ဆန္ဒရှိနေကြောင်း စောအဲလ်ဘတ်ချိုကပြောဆိုသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း တပ်မတော်နှင့် KNU တပ်မဟာ ၃တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်ရှိချိန်တွင် စစ်ရှောင် ပြည်သူ ၁ဝဝဝ ခန့်ရှိကာ တောတွင်း၌ ခိုလှုံနေကျရကာ ရာသီဥတုဒဏ်ခံစားနေရပြီး ကူညီသူမဲ့နေကြောင်း ကရင်လူငယ်ကွန်ရက်ထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts