All News interview Peace

တပ်မတော်၏ တရားစွဲမှု ခံနေရသော ရခိုင် DMG သတင်းဌာနအခြေအနေကို အယ်ဒီတာချုပ် ဦးအောင်မင်းဦးနှင့်ဆက်သွယ်မေးမြန်းချက်

တပ်မတော်၏ တရားစွဲမှု ခံနေရသော ရခိုင် DMG သတင်းဌာနအခြေအနေကို အယ်ဒီတာချုပ် ဦးအောင်မင်းဦးနှင့်ဆက်သွယ်မေးမြန်းချက်

By Western News

ရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတစ်ခုဖြစ်သည့် DMG သတင်းဌာနမှ ဒု-တာဝန်ခံအယ်ဒီတာနှင့် သတင်း ထောက် တစ်ဦးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က ဇန်ဝါရီလ ၂၄ ရက်နေ့က တရားစွဲဆိုခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး DMG ၏ အယ်ဒီတာချုပ်နှင့် အမှုဆောင်အရာရှိဖြစ်သူ ဦးအောင်မင်းဦး နှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ DMG ကတာဝန်ခံအယ်ဒီတာရယ်၊ သတင်းထောက်တစ်ယောက်ရယ် ၆၆ (ဃ)နဲ့ တရားစွဲခံရတယ်ဆိုတော့ လက်ရှိ DMG အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ လက်ရှိရုံးအခြေအနေကတော့ အာဏာပိုင်တွေအနေနဲ့ဖြစ်ဖြစ်၊ စစ်တပ်ကပဲဖြစ်ဖြစ် နောက်နယ်မြေခံ ရဲပဲဖြစ်ဖြစ် အကြောင်းကြားတာတို့ ရုံးကိုလာပြီးတော့ ရှာဖွေတာတို့ ဘာတို့ ဘာမှမရှိသေးဘူး။

လက်ရှိအခြေ အနေမှာတော့ ဘာမှမဖြစ်သေးဘူးပေါ့။ ဒါပေမယ့် တရားစွဲတာကတော့ သေချာတယ်လို့ပြောလို့ရတယ်။ တစ်ခုရှိတာကတော့ စစ်တပ်ကစွဲတယ်ဆိုပေမယ့်လည်း ဥပမာ- ဘယ်တပ်ရင်း ဘယ်လိုသူတွေစွဲတယ်ဆိုတာ အသေးစိတ်ကိုတော့ မသိရသေးဘူး။

ဒီနေ့တော့ ကျွန်တော်တို့ရဲစခန်းကို သွားမယ်လို့ လုပ်ထားတယ်။ အခြေအနေဘယ်ထူးလာမလဲ ကျွန်တော်တို့လည်း စောင့်ကြည့်နေတုန်းပဲရှိသေးတာပေါ့။

မေး။ ။ ဘာကြောင့်တရားစွဲတယ်ဆိုတာကို သိထားတာတွေရောရှိပါသလား။

ဖြေ။ ။ အဓိကတော့ဗျာ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှာ ၂၀၂၀ အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့် တပ်တော်တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ကြတယ်။ အဲဒီမှာရွာသားတွေက ဟိုဘက်ဒီဘက်ပေါ့နော် ကြားညှပ်တာပေါ့။ တိုက်ပွဲတွေဖြစ်တော့ စစ်တပ်ကနေဝင်လာတယ်။ ဖမ်းဆီးတာတွေရှိတယ်။ သေဆုံးတာ တွေရှိတယ်။

ရွာသားတွေက မနေရဲတော့ပဲ ကျောက်တော်မြို့ပေါ်ကို ရွာလုံးကျွတ်ထွက်ပြေးသွားတာတွေ ရှိတယ်။ မာလာကျေးရွာက နှစ်ခုပေါ့။ ရခိုင်ရွာရှိတယ်။ မြိုရွာဆိုပြီးတော့ရှိတယ်။ အဲဒီမှာရွာသားတွေ အကုန်လုံး ထွက်ပြေးသွားတော့ ကျွဲနွားကအစ သူတို့ပိုင်ဆိုင်သမျှအကုန်လုံးထားခဲ့ရတာရှိတယ်။ ကျွန်တော်တို့သိသလောက် ရွာသားတွေကိုဆက်သွယ်မေးမြန်းမှုအရဆိုရင်တော့ စပါးတောင်းရေ ၁၈၀၀၀ ကျော်လောက် ကျန်ခဲ့တယ်လို့ပြောတယ်။

အဲဒါကို စစ်တပ်ကတစ်ချို့တပ်ရင်းတွေက အဲဒီရွာက ထော်လာဂျီတွေနဲ့ယူတယ်။ နောက်ပြီးတော့ မြိုကျေးရွာမှာ ဆန်စက်၂ လုံးရှိတယ်လို့ပြောတယ်။ အဲဒီမှာအလှည့်ကျနဲ့ ထိုးတယ်။ မထိုးလို့လည်းမရဘူးဆိုတော့ သူတို့ဆန်တွေကို ယူသွားကြတယ်။

နောက်ရွာသားတွေရဲ့ ပိုင်ဆိုင်မှုတစ်ချို့ကိုလည်း ယူတယ်လို့ပြောတယ်။ အဲဒါကို ကျွန်တော်တို့ သတင်းထောက် နှင်းနွယ်ကနေပြီးတော့ ရွာသားတွေရဲ့ ဆုံးရှုံးမှုတွေကို အင်တာဗျူးပြီးတော့ပေါ့လေ သတင်းလုပ်ထားတာရှိပါတယ်။

အဲဒါမှာ နှစ်ဘက်အသံပေါ့နော် ရွာသားတွေကိုရော မာလာမြို ရွာက ဆန်စက်ပိုင်ရှင်တို့ ကို အင်တာဗျူးလုပ်ပြီးတော့ သတင်းလုပ်တာတွေရှိတယ်။ အဲဒီမှာ နှစ်ဖက်အသံပါအောင် အတွက် စစ်တပ်ဖက်ကိုမေးတာရှိတယ်။ စစ်တပ်ဖက်မှာက သတင်းနဲ့ပတ်သက်ပြီး ဖြေကြားတာမရှိဘူး။
ကျွန်တော်တို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့တယ်။ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို တောင်မကဘူး။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကိုလည်း မေးခဲ့တာတွေရှိတယ်။ သူတို့ကဖြေကြားတာမရှိဘူး။

ဖြေကြားတာမရှိဘူးဆိုတော့ ကျွန်တော်တို့လည်း ဒီအတိုင်းပဲဖေါ်ပြလိုက်တယ်။ အဲဒါကိုသူတို့က မကျေနပ်လို့ထင်တယ်ဗျ။ အဲဒီသတင်းအရ ကျွန်တော်တို့ကို တရားစွဲတယ်လို့သိရပါတယ်။

မေး။ ။ လက်ရှိ ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်တွေပြင်ဆင်ထားတာတွေရှိပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့က ရှောင်လွှဲလို့မရဘူး။ တရားဥပဒေအတိုင်းပြင်ဆင်ထားတယ်။ တရားဥပဒေအတိုင်း ကျွန်တော်တို့ရင်ဆိုင်မယ်။ ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပေါ့။ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကို တိုင်ကြားဖို့အတွက်လုပ်ဆောင်ထားတာရှိပါတယ်။ ဒီနေ့စာပို့မယ်။

တချို့ မဟာမိတ်မီဒီယာတွေကိုလည်း အမှုနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ကို အသိပေးသွားမှာပေါ့။ နောက်နိုင်ငံတကာအသိုင်းအဝိုင်းတွေကိုလည်း လက်ရှိကြုံနေရတဲ့ မီဒီယာဖိနှိပ်မှုတွေပေါ့။
သတင်းထောက်တွေ တရားစွဲခံနေရတယ်။ ပုဒ်မအမျိုးမျိုးနဲ့ ကျွန်တော်တို့ တရားစွဲခံနေရတဲ့ဟာကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ အတတ်နိုင်ဆုံးဖြေရှင်းသွားမယ်။ နောက် ဥပဒေအပိုင်းပေါ့နော့ ကျွန်တော်တို့ ရှေ့နေတွေဘာတွေနဲ့ ဒီအမှုကို ပြီးဆုံးအောင်ရင်ဆိုင်သွားမယ်လို့ပြင်ဆင်ထားပါတယ်။

မေး။ ။ အခုလိုတရားစွဲဆိုခံရတဲ့အပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ DMG ကတော့ တစိုက်မတ်မတ်ပေါ့နော်။ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော ကဏ္ဍပေါင်းစုံရှိတယ်။ အဓိကတော့ ကျွန်တော်တို့လုပ်တာက တိုက်ပွဲသတင်းတွေ၊ နောက် နိုင်ငံရေးအရ သတင်းတွေကို အဓိကလုပ်တယ်လေ။ ကျွန်တော်တို့မြင်တာကတော့ ထိရောက်မှုရှိတာပေါ့။

စစ်တပ်မှာလူ့ အခွင့်အရေးချိုးဖောက်မှုတွေ အဲဒါတွေကို ထောက်ပြဝေဖန်ပြီတော့ တစိုက်မတ် မတ်လုပ်နေတာ တွေရှိတယ်။ နောက်တစ်ခုက မြန်မာလိုရောအင်္ဂလိပ်လိုရော တောက်လျှောက်ပေါ့နော် နိုင်ငံတကာကလည်း သူတို့ဖိအား တွေပေးလာတယ်။ ကျွန်တော်တို့ကို အငြိုးအတေးထားလာတယ်။ မီဒီယာကို မီဒီယာလို့ မမြင်တော့ဘူးပေါ့။

ရန်သူလိုမျိုးသဘောထားတယ်လို့ ကျွန်တော်တို့သတ်မှတ်တယ်။ အဲဒါကကျတော့ အခုလိုမျိုးမြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲတစ်ခုကိုတည်ဆောက်ဖို့အတွက် လုပ်နေတဲ့အချိန်မှာ မီဒီယာရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်နေတယ်လို့ ကျွန်တော်တို့မြင်တယ်။ ကျွန်တော်တို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ သတင်း သမားတွေ၊ အယ်ဒီတာတွေ၊ သတင်းဌာနတစ်ခုလုံးကို လုံးဝရပ်တည်လို့ မရအောင် လုပ်တယ်လို့ ကျွန်တော် မြင်တယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ DMG မှာဆိုရင် သတင်းဌာနလိုင်စင်ကိုတင်ထားတာ ၂၀၁၉ မတ်လ ၁၁ ရက်နေ့ကနေ တင်ထားတာ အခုဆိုရင် ၂ နှစ်ပြည့်တော့မယ်။ ဒါပေမယ့်အခုထိ သတင်းဌာန လိုင်စင်တွေ ထုတ်မပေးဘူး။

နောက်တစ်ခုက ကျွန်တော်တို့မှာ Development News Journal ဆိုပြီးတော့ တစ်လ ၂ ကြိမ် ပုံမှန်ထုတ်ဝေလာတာရှိတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းနဲ့ ၂၀၁၂ ဇန်နဝါရီလမှာတည်ထောင်တာ ထုတ်ဝေလာတာပေါ့။ အဲဒီဂျာနယ်ကိုလည်း ၂၀၁၉ ဒီဇင်ဘာလကနေ ရပ်လိုက်ရတယ်။

ကျွန်တော်တို့မှာ ဂျာနယ် လိုင်စင်ရှိတယ်။ ဒါပေမယ့် သက်တမ်းတိုးမဲ့ဟာတွေ။ နောက်တစ်ခုက ထုတ်ဝေသူနာမည် အပြောင်းအလဲတင်ထားတယ်။ အဲဒါတွေကိုလည်း သူတို့က ထုတ်မပေးဘူး။ ဆိုတော့ အခုက DMG ကတရားမဝင်သလိုဖြစ်နေတယ်။ အဲဒါကို သူတို့က အခွင့်ကောင်းယူပြီးတော့ သူတို့လုပ်တာ။

တရားစွဲတာတို့ ဘာတို့ဆိုရင် ကျွန်တော်တို့ အတွက် ပိုပြီးစိန်ခေါ်မှုတစ်ခုဖြစ်သွားတာပေါ့။
သတင်းဌာနလိုင်စင်တွေမရှိဘူး။ နောက်တစ်ခုက ဂျာနယ်ထုတ်ဝေခွင့်လိုင်စင်လည်းမရှိဘူးဆိုတော့ သတင်းထောက် တွေက ပိုပြီးတော့ အကြောက်တရားဝင်လာတယ်။ အဲဒီလိုမျိုးဖြစ်အောင် သူတို့က ဖန်တီးထားတာပေါ့။ ကျွန်တော်မြင်တာကတော့ အစိုးရမှာတာဝန်ရှိတယ်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts