All News Local News Peace

တပ်မတော်၏ စစ်အင်အားတိုးချဲ့မှုနှင့် စစ်ဆင်ရေးများ ရပ်ဆိုင်းရေး သမ္မတနှင့်အတိုင်ပင်ခံထံ အရပ်ဘက်အဖွဲ့ ၁၇၂ ခု အိတ်ဖွင့်စာပေးပို့

တပ်မတော်၏ စစ်အင်အားတိုးချဲ့မှုနှင့် စစ်ဆင်ရေးများ ရပ်ဆိုင်းရေး သမ္မတနှင့်အတိုင်ပင်ခံထံ အရပ်ဘက်အဖွဲ့ ၁၇၂ ခု အိတ်ဖွင့်စာပေးပို့

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ကရင်ပြည်နယ်နှင့်တိုင်းရင်းသားဒေသများတွင် တပ်မတော်၏ စစ်အင်အားတိုးချဲ့မှုနှင့် စစ်ဆင် ရေး လုပ်ဆောင်မှုများသည် ငြိမ်းချမ်းရေးအတွက် ပိုမို အလှမ်းဝေးစေပြီး နိုင်ငံရေးနည်းအရ အဖြေရှာရန် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသို့ အရပ်ဘက်အဖွဲ့ ၁၇၂ ခုက ယနေ့ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့လိုက်သည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် နိုင်ငံတော်ဘဏ္ဍာကို အသုံးပြု၍ ယခုကဲ့သို့ စစ်အင်အားသုံး ဆက်လက်လုပ်ဆောင်နေမှုများသည် သင့်လျော်မှု မရှိဘဲ ငြိမ်းချမ်းရေးနှင့် လည်း ပိုမိုဝေးကွာစေကြောင်း၊ ကရင်ပြည်နယ်တွင်ဖြစ်ပွားသော တိုက်ပွဲများနှင့် တင်းမာမှုများကို သုံးသပ်လျှင် မြန်မာ့တပ်မတော်ဘက်မှ စီမံကိန်းများအပါအဝင် အကြောင်းအမျိုးမျိုးပြ၍ NCA ကို ချိုးဖောက်သည့် နယ်မြေကျူးကျော်ဝင်ရောက်မှုနှင့် စစ်အင်အားတိုးချဲ့မှုများ ဆောင်ရွက်လျက်ရှိသောကြောင့် ယခုကဲ့သို့ တင်းမာမှုနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများ ဖြစ်ပေါ်လာကြောင်း တွေ့ရှိရကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား‌ဒေသများ၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် ၎င်း၏ အကြောင်းရင်းခံများသည် နိုင်ငံရေးပြဿနာများဖြစ်သောကြောင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာသင့် ကြောင်း၊ ထိုကဲ့သို့ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရန်အတွက် နိုင်ငံရေးအရ ဖြေရှင်းနိုင်မည့် အခွင့်အလမ်းများနှင့် နည်းလမ်းများ ဖော်ဆောင်ပေးရန် နှင့် တိုင်းရင်းသားဒေသများအား စစ်ဆင်ရေးများ ပြုလုပ်ခြင်း၊ အင်အားတိုးချဲ့နေရာယူခြင်းများအားလုံး ရုပ်သိမ်း ရပ်တန့်စေရေးတို့အား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် အရပ်ဘက်အဖွဲ့အစည်း ၁၆၅ ခုက တောင်းဆိုသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU) ၏ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army – KNLA) နှင့် မြန်မာ့တပ်မတော်တို့အကြား လတ်တလောဖြစ်ပေါ်လျက်ရှိသော စစ်ရေးတင်းမာမှုနှင့် ဖာပွန်ခရိုင်၊ သထုံခရိုင်နှင့်‌ ညောင်လေးပင်ခရိုင်အတွင်း လက်ရှိအရှိန်မြင့်ဆက်လက်ဖြစ်ပွားနေသော ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု ၄,၀၀၀ ခန့်သည် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပေါ်ချိန် စိန်ခေါ်မှုများနေသည့်ကာလမျိုးတွင် ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာပြီး နီးစပ်ရာ‌ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေရသည့်အပေါ် စိုးရိမ်ပူပန်မှုကြီးစွာဖြင့် ထိုတင်းမာမှုနှင့် တိုက်ပွဲပြဿနာများကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးပါရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုကြသည်။

တပ်မတော်က KNU ၏ သတ်မှတ်နယ်မြေအတွင်းရှိ ဖာပွန်ခရိုင်နှင့် အခြားဒေသများတွင် တပ်အင်အား တိုးချဲ့မှုများနှင့် လှုပ်ရှားမှုများ လုပ်ဆောင်လာသဖြင့် မြန်မာ့တပ်မတော်နှင့် KNU တို့အကြား တင်းမာမှုများ တိုးမြင့်လာပြီး ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဖာပွန်ခရိုင်အတွင်းရှိ မဲ၀ယ်‌စခန်း အခြေစိုက် မြန်မာ့တပ်မတော် စစ်သားများ၏ လှုပ်ရှားလုပ်ဆောင်မှုများကြောင့် လုံခြုံရေးယူထားသည့် KNU လက်အောက်ခံ KNLA တပ်ရင်းနှင့် မြန်မာ့တပ်မတော်တို့အကြား ထိပ်တိုက်ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ရာတွင် မြန်မာ့တပ်မတော်သည် ရွာတွင်းနှင့် ရွာပြင်ပနေရာများအပါအဝင် ပြည်သူလူထုများ အသက်မွေး၀မ်းကျောင်း လုပ်ကိုင်သည့် နေရာဒေသများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လာခဲ့သဖြင့် ဖာပွန်ခရိုင်အတွင်းရှိ အပြစ်မဲ့ ဒေသခံပြည်သူလူထု ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု အိတ်ဖွင့်ပေးစာတွင် တိုက်ပွဲစတင်ဖြစ်ပွားမှု အခြေအနေများကို ရှင်းပြထားသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် မြန်မာ့တပ်မတော် ခလရ ၄၀၄ မှ ဖာပွန်ခရိုင်၊ မဲချိုကျေးရွာအုပ်စုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ရွာသူကြီးတစ်ဦး သေဆုံးသွားခဲ့ရကြောင်း၊ ထိုမျှမကသေး ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ဖာပွန်ခရိုင်၊ မဲဝယ်ကျေးရွာအတွင်းသို့ မြန်မာ့တပ်မတော် ခမရ ၃၃၉ မှ လက်နက်ကြီးဖြင့် ရည်ရွယ် ချက်ရှိရှိ ဆက်လက်ပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် (ကျား) တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ ခမရ ၆၀၃ မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ် ပယ်ကောခီးကျေးရွာ နေထိုင်သူ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ပဋိပက္ခများဖြစ်ပွားရာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုများအပါအဝင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများကို ပိုမိုခံစားရလေ့ရှိပြီး မိမိတို့ မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေးဆိုင်ရာသဘောတူစာချုပ် (Convention on the Elimination of all Forms of Discrimination Against Women – CEDAW) နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of Child – CRC) အား လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ၎င်းစာချုပ်များပါ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အ‌ရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာက တိုက်တွန်းထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts