All News interview Peace

တပ်မတော်သား ၂၅ ရာခိုင်နှုန်းကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခက်ခဲနေဦးမည်ဟုဆို

လွှတ်တော်သစ်က အစိုးရသစ်ကို ယခင်ထက်ပိုမိုထိန်းကျောင်းနိုင်ခြေရှိသော်လည်း တပ်မ တော်သား ၂၅ ရာခိုင်နှုန်းကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခက်ခဲနေဦးမည်ဟုဆို

By ရန်ကုန်ခေတ်သစ်

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှတ်တော်သစ်များ စတင်ခေါ်ယူပြီး ပြည်ထောင်စု၊ တိုင်းနှင့်ပြည်နယ်အစိုးရသစ်များကို ဖွဲ့စည်းသွားမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ အထိ လွှတ်တော်တွင်လည်း NLD ပါတီက အများစု အနိုင်ရရှိခဲ့ပြီး ၂၀၂၁-၂၀၂၅ လွှတ် တော်သစ်တွင်လည်း NLD ကပင် အများဆုံးအနိုင်ရရှိထားရာ အစိုးရသစ်နှင့် လွှတ်တော်သစ် အကြား ၂၀၁၅-၂၀၂၀ လွှတ်တော်ကာလကဲ့သို့ပင် ထိန်းကျောင်းမှု နည်းပါးစွာဖြင့် အလိုက်သင့် ကုန်ဆုံးမည်လော၊ ထိန်းကျောင်းနိုင်မှု ပိုမို ပီပြင်လာနိုင်မည်လော ဆိုသည်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက NLD လွှတ်တော်ကိုယ်စားလှယ်များကို ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါ်ဖြူဖြူသင်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းလောက်က စတာပေါ့။ ၅နှစ်ဆိုတဲ့အခါကျတော့ အနေအထားအရတော့ သက်တမ်းကလည်း နုတယ်။ နောက်တစ်ချက်က အဲဒီအချိန်မှာ ကျွန်မတို့က ပြဿနာ ဘာလဲဆိုတော့ လုပ်မှားကိုင်မှားတွေရှိမယ်။ လုပ်မှားကိုင်မှားဆိုတာကတော့ အဂတိ လိုက်စားတာတွေဆိုရင်လည်း အစိုးရကိုယ်တိုင်က ဖမ်းဆီးတာတွေဘာတွေရှိတာပေါ့။ လုပ်မှားတာတွေရှိမယ်။

ဒါတွေကိုတော့ ကျွန်မတို့ ၅နှစ်သက်တမ်းမှာတော့ တော်တော်များများက ပူးပေါင်းဆောင်ရွက်တဲ့ပုံစံနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တယ်ပေါ့။ ဒီ၅နှစ်ကတော့ သက်တမ်းက ဘာပဲပြောပြော သက်တမ်းတစ်ခုကို ကျော်ဖြတ်လာခဲ့ပြီ ကျော်ဖြတ်လာခဲ့ပြီ ဖြစ်တဲ့အတွက် ဒီတစ်ခါကတော့ နည်းနည်းလေး ပိုပြီးတော့ အစိုးရရဲ့ လုပ်ရကိုင်ရမယ့် ကိစ္စရပ်တွေဟာ ပိုပြီးတော့ နားလည်နေပြီလို့ ယူဆတယ်ပေါ့။

ဆိုတဲ့အခါကျတော့ ပိုပြီးတော့ လိုလိမ့်မယ်လို့ မြင်ပါတယ်။ ကျွန်မတို့ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၅နှစ်သက်တမ်းကတော့ ခုနပြောခဲ့သလိုပဲလေ ထိန်းကျောင်းတာ တစ်ယောက်နဲ့တစ်ယောက် မှားနေတာတွေ မှန်နေတာတွေကို နည်းလမ်းပေါင်းစုံသုံးပြီးတော့ ပြောတာတွေရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရအဖွဲ့တွေနဲ့ပေါ့။

တချို့ကိစ္စတွေမှာတော့ အပြင်ကိုတော့ အသံကြီး ကျယ်ကျယ်လောင်လောင်ကြီး ဖြစ်မသွားတာပဲရှိတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ သဘောမျိုးနဲ့ လုပ်ခဲ့တာပေါ့။ တကယ်တော့ အစိုးရနဲ့ လွှတ်တော်ဆိုတာက သူ့ရဲ့ သဘော သဘာဝအရကို အမြဲတမ်းထောက်ပြတာ ဝေဖန်တာ လုပ်နေရမယ့် အနေအထား၊ အခြေအနေဖြစ်တဲ့အတွက် ဒီသက်တမ်း ၅နှစ်ကတော့ ပိုပြီးတော့ အစိုးရအဖွဲ့ကလည်း သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ သူ့ရဲ့တာဝန်တွေ ကောင်းကောင်းကြီးကို ကျေညက်နေလိမ့်မယ်လို့လည်း ယုံကြည်တယ်ပေါ့။

ဒီဘက်က လွှတ်တော်ဘက်ကလည်း လွှတ်တော်ရဲ့ တာဝန်တွေဖြစ်တဲ့ အစိုးရကို ထိန်းကျောင်းတာတွေ တခြား ဘတ်ဂျတ်ကိစ္စတွေ ဥပဒေကိစ္စတွေလည်း ပါတာပေါ့။ သူ့ကဏ္ဍအလိုက် တိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော် အစရှိသဖြင့် သူ့ရဲ့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးကတော့ ဒီ ၅နှစ်မှာတော့ နည်းနည်းလေးပိုပြီးတော့ အရင် ၅နှစ်ထက်ပိုပြီး လုပ်ကိုင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်မတော့ မြင်တာပေါ့။

နောက်တစ်ခုကကတော့လည်း ဒီဘက် ပါတီဘက်ကလည်း ဒီ၅နှစ်မှာတော့ အရင်လိုမဟုတ်ဘဲနဲ့ သေသေချာချာပေါ့။ သေသေချာချာ သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောထားတာရှိပြီးသားပေါ့။ ဒီပါတီရဲ့ သဘောထားကော နောက်ပြီးတော့ အစိုးရကော လွှတ်တော်ကော ဒီ ၅နှစ်မှာတော့ ကျွန်မမြင်ပါတယ်။ ပိုပြီးတော့ ထောက်ပြ ဝေဖန်နိုင်လိမ့်မယ်လို့ ကျွန်မမြင်ပါတယ်။

ပြီးခဲ့တဲ့ အကြိမ်မှာလည်း ကျွန်မတို့အနေနဲ့ ပိုပြီးကောင်းစေချင်တယ်။ လုပ်စေချင်တယ်။ ကျွန်မတို့ရဲ့ လွှတ်တော်ရဲ့ သဘောထားကိုက ဒီ ၂၅ရာခိုင်နှုန်း ရှိနေတဲ့အခါကတော့ လုပ်ရတော့ လွတ် လွတ်လပ်လပ်ပေါ့၊ လုပ်ခွင့်မရတာတော့မဟုတ်ဘူး။ တချို့ကိစ္စတွေမှာကတော့ ပြောရမယ်ဆိုရင် ကျွန်မတို့အနေနဲ့ လွှတ်တော်နဲ့ ပတ်သက်ပြီး ဘယ်လိုပြောင်းလဲချင်တယ်။ ဘယ်လိုလုပ်ချင်တယ်။ ဘယ်လိုလုပ်ချင်တယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေ တော်တော်များများမှာလည်း ရှိကြတယ်။

ဒါပေမယ့် လက်ရှိအနေအထားအရကတော့ ဒီ ၂၅ရာခိုင်နှုန်းရှိနေတဲ့ အချိန်မှာကတော့ အများကြီးပြောင်းလဲလို့တော့မရဘူး။ ဒါပေမယ့် ပြောင်းလဲလို့ရတဲ့အထဲကနေ ဥပမာအားဖြင့် လုပ်လို့ရတဲ့အနေအထားထဲကနေပြီးတော့ လုပ်ရမယ့် ဟာတွေအများကြီးရှိတယ်။

လွှတ်တော်ရဲ့ တာဝန်တွေက အစိုးရကို ထိန်းကျောင်းတာ တစ်ခုတည်းမဟုတ်ဘူး။ ခုနပြောသလိုပဲ ဥပဒေတွေအများကြီး ပြုပြင်ဖို့တွေရှိတယ်။ နောက်တစ်ခုကတော့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ဟာမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလွဲတွေ အမှားတွေပေါ့။ အရင် ၅နှစ်ကတော့ အသစ်ဖြစ်နေတယ်။

နောက်ပြီးတော့ နည်းနည်းစတင်ကာစ ဖြစ်တဲ့အခါကျတော့ နည်းနည်းတော်တော်များများက သည်းညဉ်းခံတယ်ပေါ့။ အဲလိုပုံစံမျိုးနဲ့သွားတာ ဒီ ၅နှစ်ကတော့ ကျွန်မတို့ ကတော့ လွှတ်တော်ကကော အစိုးရအဖွဲ့ကလည်း ဘယ်လိုပဲဖြစ်ဖြစ် ၅နှစ်အတွေ့အကြုံကလည်း အရင်တုန်းကတော့ ကျွန်မတို့ပါတီဘက်ကနေ အစိုးရဖွဲ့တာ ပထမဦးဆုံးအကြိမ်ပေါ့။

အခုကတော့ ၁ဝနှစ် သက်တမ်းကို ရောက်လာပြီဆိုတဲ့အတွက် အစိုးရလည်း အစိုးရတာဝန် လုပ်ရမယ့် သူ့ရဲ့လုပ်ပိုင်ခွင့်ပေါ့။ လွှတ်တော်ကလည်း လွှတ်တော်ရဲ့ တာဝန် လုပ်ရမယ့် လုပ်ပိုင်ခွင့်ကတော့ သေသေချာချာ ဒီ၅နှစ်ကတော့ ပိုပြီးတော့ လုပ်ဖြစ်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။

နော်ခရစ္စထွန်း (ခ) အားကာမိုး ၊ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

လွှတ်တော်အခု ပထမသက်တမ်းထက်စာရင် ဒုတိယသက်တမ်းက ပိုပြီးတော့ ထိန်းကျောင်းနိုင်တာပဲလေ။ ပထမသက်တမ်းတုန်းကတောင် ထိန်းကျောင်းမှုမရှိသလောက်ဖြစ်နေတာလေ။
ဒုတိယသက်တမ်းမှာဆိုရင် လွှတ်တော် အားကောင်းတာပဲ အစိုးရကို လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတာကို ကြည့်ရင် ဒါအစိုးရကို အများကြီးထိန်းကျောင်းနေတယ်ဆိုတာ သိသာတယ်လေ။

ပထမထက်စာရင် ဒုတိယက ပိုအားကောင်းလာမှာပဲ။ ဒီမိုကရေစီ သဘောအရတော့ လွှတ်တော်အားကောင်းမှ အစိုးရအားကောင်းမှာလေ ဆိုတော့ ဒီမိုကရေစီ သက်တမ်း ရင့်လာတာနဲ့အမျှ အပြန်အလှန်ထိန်းကြောင်းမှုက ပိုပြီးတော့ အားကောင်းလာမှာပဲ ဒီမိုကရစီ သက်တမ်းရင့်တာတာနဲ့အမျှပေါ့။ ဒါကျွန်မအမြင်ပါ။

ပထမ သက်တမ်းမှာတုန်းက ပါတီစုံ ဒီမိုကရေစီ စတင်တဲ့နှစ်လေ။ ရှင်းရှင်းပြောရရင်တောင်မှ လွှတ်တော်က လုံးဝတောင်မှ အစိုးရကို မထိန်းကျောင်းနိုင်ဘူးပေါ့။ လွှတ်တော်အားမကောင်းဘူး ပြောရင်တောင်ရတယ်။ ဘာဖြစ်လို့လဲဆိုရင် အပြန်အလှန် ပွတ်တိုက်မှုတွေ မတွေ့ရဘူးပေါ့။

ဒုတိယအကြိမ်ဆို အများကြီး ထောက်ပြတာတွေ အများကြီးတွေ လွှတ်တော်မှာ ဆွေးနွေးချက်တွေကြည့်လိုက်ရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးပဲလေ ထောက်ပြတဲ့ဟာတွေ အများကြီးပဲလေ။ အဲဒါကြောင့်မို့ ဒုတိယအကြိမ် လွှတ်တော်ဟာ ပထမအကြိမ်ထက် အများကြီးအားကောင်းခဲ့တယ်။ တတိယအကြိမ် ဆိုတာလည်း ဒီမိုကရေစီ သက်တမ်းရင့်လာတာနဲ့ အမျှ ဒါကအားကောင်းနေမှာပဲ တစ်ဆင့်ပြီးတစ်ဆင့်တက်သွားမှာပဲ ဒါက ဒီမိုကရေစီ ကျင့်စဉ်ပဲလေ။

ဦးအောင်ကြည်ညွန့် ၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

အနာဂတ်ကို ငါဘယ်ပြောတတ်ပါ့မလဲ။ ဘာပဲပြောပြော လွှတ်တော်အနေနဲ့ အစိုးရကိုလည်း ထိန်း ကျောင်းနိုင်မှုရော လွှတ်တော်အနေနဲ့ စီစဉ်ဆောင်ရွက်ရမယ့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းရပ်မျိုးတွေကို ပိုမိုပြီးတော့ ပြီပြင်အောင် ဆောင်ရွက်ရမှာတော့ အမြဲတမ်းကြိုးစားနေရာမှာပဲလေ လွှတ်တော် အတွေ့အကြုံတွေ သက်တမ်း တစ်ခုနဲ့တစ်ခုကြားထဲမှာ ပိုမိုပြီးတော့ တိုးတက်လာအောင်တော့ လုပ်ကြရမှာပဲ။

ဦးနေမျိုးထက် ၊ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ကျွန်တော်ကတော့ ထိန်းကျောင်းလာနိုင်မယ်လို့မြင်ပါတယ်။ ကျွန်တော်တို့ ဒီများသောအားဖြင့်က ကျွန်တော်တို့ ကိုယ်စားလှယ် အဟောင်းတွေ ပြန်ပါတယ်ပေါ့။ ကိုယ်စားလှယ် အဟောင်းတွေ ပြန်ပါတဲ့အတွက် ကျွန်တော်တို့ ရှေ့ ၅နှစ်တုန်းကလည်း အတွေ့အကြုံကလည်းရှိနေပြီ နောက်ပြီးတော့လည်း ထိန်းကျောင်းမှုအင်အား ပိုကောင်းလာမယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒေါ်ဇင်မာအောင် ၊ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ထိန်းကျောင်းလာနိုင်မှာပါ။ အရင်တစ်ခေါက်ကထက် ဘာလို့လဲဆိုတော့ လွှတ်တော်ကိုယ် စားလှယ်တွေ တော်တော်များများကလည်း အဟောင်းတွေဖြစ်တယ်။ နောက်ပြီးတော့ ပိုထိန်း ကျောင်းမယ်။ မထိန်းကျောင်းဘူးဆိုတာထက် ပိုပြီးတော့ check and balance ဖြစ်တယ်။ ပိုပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပိုပြီးတော့ တက်ကြွတဲ့ အခန်းကဏ္ဍကနေပြီးတော့ လွှတ်တော်က ပိုပြီးတော့ ပါဝင်လာနိုင်မယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts