Local News Peace political news

တပ်မတော်နှင့် KNU တပ်မဟာများအကြား တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ရ၊ ဒုက္ခသည်များကို ကူညီသူမဲ့နေ

တပ်မတော်နှင့် KNU တပ်မဟာများ အကြား တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ရ၊ ဒုက္ခသည်များကို ကူညီသူမဲ့နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

တပ်မတော်နှင့် KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ ၅၊ တပ်မဟာ ၁၊ တပ်မဟာ ၃တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော် နေရပ် ခွန့်ခွာ တိမ်းရှောင်နေရကြောင်း ကရင်လူငယ်ကွန်ရက် (ရန်ကုန်) ပြောရေး ဆိုခွင့်ရှိသူ စောအဲလ်ဘတ်ချိုကပြောဆိုသည်။

“ ပြီးခဲ့တဲ့ မနေ့က စစ်ပွဲဖြစ်တဲ့ ဒေသက တပ်မဟာ ၃ပေါ့။ ညောင်လေးပင်မှာရှိတဲ့ ဒီကျောက်ကြီးမြို့နယ် KNU အုပ်ချုပ်တဲ့ နေရာမှာပေါ့။ အဲနေရာမှာ စစ်ပွဲဖြစ်တော့ ဒေသခံက KNLA ထုတ်ပြန်ချက်အရတော့ ၅ဝဝ ကျော် ၆ဝဝ နီးပါး ထွက်ပြေးနေရတယ်ပေါ့။ ထွက်ပြေးတာက အနီးအနားမှာ ရှိတဲ့ ဒေသတွေ ထွက်ပြေးတာပေါ့။ ကြုံတဲ့ နေရာ နားရတဲ့ ပုံစံမျိုးတော့ရှိတာပေါ့။ အဲလိုအခက်အခဲရှိတယ်။ လက်ရှိအခြေအနေအရတော့ KNU ဘက်ကကော အရပ်ဘက်ကကော ကူညီမှု ချက်ခြင်း ပေးနိုင်တာမျိုးတော့ မရှိသေးဘူးပေါ့” ဟု ၎င်းကပြောဆိုသည်။

ထို တိုက်ပွဲများကြောင့် တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲရှောင် ၃၀၀၀ ကျော်ရှိနေပြီး လက်ရှိအချိန်တွင် စုစုပေါင်း တိုက်ပွဲရှောင် ၄၀၀၀ ကျော​ေ ရှိလာပြီဖြစ်ကြောင်း စောအဲလ်ဘတ်ချိုကဆက်လက်ပြောဆိုသည်။

“ အခုကတော့ ခန့်မှန်းခြေပေါ့။ အားလုံးပေါင်းမယ်ဆိုရင် တပ်မဟာ ၅ဖက်မှာ ဆိုရင်တော့ ၃၀၀၀ ကျော်ပေါ့။ အခုတပ်မဟာ ၃ပေါ့။ ကျောက်ကြီးဘက်က ပဲခူးတိုင်းပေါ့။ အဲမှာကကျတော့ ၅ဝဝကျော် ၆ဝဝနဲ့ ဆက်ပြီး များလာဖို့ပဲရှိတယ်။ ဒါပေမယ့် ပြဿနာက ဒီတပ်မဟာ ၁ ဒီမွန်ပြည် ဘီးလင်းဘက်မှာပေါ့။ အဲမှာက တပ်မတော်က သူက စခန်းတွေကို ချတဲ့အခါမှာ ရွာနဲ့ အနီးစပ်ဆုံးရွာရဲ့ ဘေးမှာ ဘုန်းကြီးကျောင်းဘေးမှာ အဲလိုချထားတာပေါ့။ အဲတော့ ထိတွေ့မှုလေးတွေ ဖြစ်လာတဲ့ အခါမှာ ပြည်သူလူထုက အရမ်းဒုက္ခရောက်တယ်။ ဘယ်နေရာမှပြေးလို့မရတော့ဘူး။ ဘယ်နေရာမှ ပြေးလို့မရဆိုတော့ အဲမှာပဲ ချောင်ပိတ်နေတဲ့ အခြေအနေဖြစ်နေတယ်။ ခုနက တပ်မဟာ ၃တို့ တပ်မဟာ ၅တို့ကတော့ ပြေးလို့အခွင့်အရေးရှိရင် ရှိဦးမယ်။ ဒါပေမယ့် အဲဘက်က လူတွေကတော့ တော်တော်ပြဿနာရှိတာပေါ့။ အဲလိုမျိုးဒေသခံတွေအတွက် အခက်အခဲတော့တွေ့ရတာပေါ့” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေအပေါ် လက်ရှိအစိုးရက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိသည့်အပေါ် ပြည်သူများသိရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ဟု စောအဲလ်ဘတ်ချိုကပြောဆိုသည်။

“ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ရပ်တည်ချက်အတိုင်းပဲ ဆက်လုပ်သွားစရာရှိတာ ဆက်လုပ်မယ်။ အဓိကကျွန်တော်တို့က ဘယ်လိုဆက်လုပ်သွားမလည်းဆိုတာကတော့ လက်ရှိတပ်မတော်ရဲ့ ရပ်တည်ချက် လက်ရှိ အစိုးရရဲ့ ရပ်တည်ချက်တွေကို ကျွန်တော်ပြည်သူလူထုကို ပိုပြီးတော့မှ နားလည်အောင်သိလာအောင် ဘယ်လိုပုံစံမျိုးလဲဆိုတော့ တပ်မတော်အနေနဲ့ကလည်း နိုင်ငံတော် နိုင်ငံတပ်မတော်အနေနဲ့ ရပ်တည်တာမဟုတ်ဘဲနဲ့ အကျိုးစီးပွားအတွက် တိုင်းရင်းသားအချင်းချင်းကို ညီကိုအချင်းချင်းကို ပြန်တိုက်နေတဲ့ တပ်မတော်ကို ပြည်သူတွေ ပိုသိအောင် အစိုးရအနေနဲ့ ကျတော့လည်း အစိုးရဖြစ်သည့်အားလျော်စွာ အခုဒီလောက်တိုက်ပွဲဖြစ်နေတယ်။ ကရင်နှစ်သစ်ကူးက မနက်ဖြန်စတော့မယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူကရွေးကောက်တဲ့ ပြည်သူ့အစိုးရဟာ ပါးစပ်တစ်ခွန်းမှ မဟဘူးပေါ့။ ဒီလိုမျိုး အစိုးရကို ကျွန်တော်တို့ ယုံရအုန်းမလားပေါ့။ အဲလိုပုံစံမေးခွန်းထုတ်ပြီးတော့ အစိုးရကိုလည်း ကျွန်တော်တို့ ဖိအားဆက်ပေးဆက်ပေးသွားဖို့ ရှိတယ်” ဟု၎င်းကပြောဆိုသည်။

မကြာသေးမီက ကျင်းပခဲ့သော နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက KNU နှင့် NRPC တို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမည်ဟု ပြောဆိုထားသော်လည်း လက်ရှိချိန်ထိ တွေ့ဆုံညှိနှိုင်းမှု မရှိသေးကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts