All News Local News Peace

တပ်မတော်ထောက်ခံပွဲ သတင်းယူမည့် သတင်းမီဒီယာများကို ၀ိုင်းဝန်းရိုက်နှက်၍ တိုက်ခိုက်ကြမည်ဟုအမျိုးသားရေးလှုပ်ရှားသူများ လှုံ့ဆော်နေ

တပ်မတော်ထောက်ခံပွဲ သတင်းယူမည့် သတင်းမီဒီယာများကို ၀ိုင်းဝန်းရိုက်နှက်၍ တိုက်ခိုက်ကြမည်ဟုအမျိုးသားရေးလှုပ်ရှားသူများ လှုံ့ဆော်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်မြို့တွင် အမျိုးသားရေးလှုပ်ရှားသူများက နေ့စဉ် ရက်ဆက် တပ်မတော်ထောက်ခံပွဲများ ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် သတင်းယူမည့် မီဒီယာများကို ဝိုင်းရိုက်၍ တုတ်လက် ဆောင်ပေးမည်ဖြစ်ကြောင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက လူမှုကွန်ရက်စာမျက်နှာများတွင် လှုံ့ဆော်ကြွေးကြော်ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး(MNO) မှ ဦးဆောင်သူများနှင့် အဖွဲ့ဝင်များဖြစ်သည့် ကျောက်ခဲ၊ ဗိုလ်သံလုံး၊ လှိုင်မျိုးသူ အပါအဝင် အမျိုးသားရေးလှုပ်ရှားသူ ၂၀၀ ကျော်က သတင်းမီဒီယာများအနေဖြင့် ၎င်းတို့၏ ဆန္ဒပြပွဲများကို သတင်းဖော်ပြရာတွင် လိမ်လည်ဖော်ပြသည်ဟု စွပ်စွဲထားပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ သတင်းလာယူမည့် သတင်းမီဒီယာများကို ရိုက်ပွဲ ဆင်နွှဲရန် ကြွေးကြော်နေကြခြင်းဖြစ်သည်။

MNO ဦးဆောင်သူတစ်ဦးဖြစ်သူ ဗိုလ်သံလုံးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/bo.lonebama တွင် “မနက်ဖြန်ကျွန်သဘောက်မီဒီယာ တိုက်ပွဲ ဒီကနေ့ ပြည်ပစွတ်ဖက်မှုများအားရှုတ်ချပွဲနှင့်ပတ်သက်၍ လိုသလိုစွဲရေးသား မီဒီယာကျင့်ဝတ်နှင့်မညီပဲ တစ် ဖက်သတ်စွတ်စွဲသတင်းများ မဟုတ်မမှန်တင်နေသော DVB မီဒီယာ RFA မီဒီယာနှင့် မြန်မာနောင်းမီဒီယာများအား (မနက်ဖြန်) အမျိုးသားရေးတက်ကြွသူများမှ ရိုက်ပွဲကျင်းပပါမည် ဖြစ်ပါကြောင်း” ဟု ရေးသားထားသည်။

အလားတူ MNO ဦးဆောင်သူတစ်ဦးဖြစ်သော ကျောက်ခဲက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/profile.php?id=100030299300214 တွင် “မနက်ဖြန်ကျွန်သဘောက်မီဒီညာများအား ရိုက်ပွဲ၊ ဒီနေ့ အမေရိကန် နှင့် ပြည်ပနိုင်ငံများ ၏ ဝင်ရောက်စွက်ဖက်မှု့ကို ရှုတ်ချပွဲနှင့် ပါတ်သက်၍ လိုသလိုမဟုတ်မမှန် ရေးသားသော အမျိုးယုတ် ကျွန်သဘောက် မီဒီညာများအား မနက်ဖန် ရိုက်ပွဲကျင်းပမည်ဖြစ်ကြောင်း အများသိစေရန် ကြေငြာသည်” ဟု ရေးသားထားသည်။

အလားတူ MNO အဖွဲ့ဝင်တစ်ဦးဖြစ်သော ဆွေသက်လင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/swe.thatliin တွင် “မနက်ဖြန် ကြေးသွန်းအရှေ့ကိုလာခဲ့ကြပါအုန်းအမျိူးတို့မီဒီယာ များသို့ ဆွမ်းကြီးလောင်း မယ်။ဇမရှိရင်နောက်ဆုတ်လိုက် ပါ” ဟု ရေးသားထားသည်။

ထို့အပြင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ လှိုင်မျိုးသူ ၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/hlaing.myothu.1610 တွင် “မနက်ဖြန် သတင်းလိမ်ရေးတဲ့ မီဒီယာရိုက်ပွဲရှိတယ်။ ကြေးသွန်းရှေ့ကြောက်တတ်သူများ မလာရ” ဟု ရေးသားထားသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ကျင်းပမည့် တပ်မတော် ထောက်ခံပွဲတွင် မီဒီယာများကို တိုက်ခိုက်ရန် လူမှုကွန်ရက်တွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ များ၏ အကောင့်ပေါင်း ၂၀၀ ကျော်က လှုံ့ဆော်နေပြီး မှတ်ချက်ရေးသား၍ လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက Facebook လူမှုကွန်ရက် စာမျက်နှာတွင် စိစစ်တွေ့ရှိရသည်။

ယနေ့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် ကျင်းသော တပ်မတော် ထောက်ခံပွဲတွင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက ဟွန်းသံရှည် ဆွဲသည်ဟုဆိုကာ TAXI တစ်စီးကိုလည်းကောင်း၊ NLD အင်္ကျီ ဝတ်ဆင်ထားသူတစ်ဦးကို ဝိုင်းဝန်း ရိုက်နှက်ခြင်း၊ NLD အလံလွှင့်ထားသော စက်ဘီးစီးနင်းသူတချို့ကိုလည်းကောင်း ဝိုင်းဝန်း ပြဿနာရှာခြင်း၊ ရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အရှေ့ဘက်မုခ်တွင် ဈေးရောင်းသူ ဗဟန်းဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

” မြင်ရတာ အဆင်မပြေဘူး။ ကြေးသွန်းဘုရားရှေ့က ဖြတ်တဲ့ကားဆိုလည်း ရိုက်တာပဲ။ ဆိုက်ကားသမားလည်း ရိုက်၊ NLD အလံလွှင့်တဲ့ စက်ဘီးသမားလည်း ဝိုင်းပြီး ပြဿနာ ရှာတယ်။ မကြိုက်ဘူး။ အဲဒါမျိုးကိုတော့ အတော်ကြီးကို မကြိုက်ပါဘူး။ မင်းမဲ့တိုင်းပြည်လိုပါပဲ” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts