Local News Peace political news

တပ်မတော်စခန်းများ ရုပ်သိမ်းရေး အပါအဝင် ကရင်ပြည်သူများ ၏တောင်းဆိုချက် မလိုက်နာလျှင် တာဝန်ရှိသည့်အလျှောက် လုပ်ဆောင်မည်ဟု KNU မူတြော်ခရိုင်က ထုတ်ပြန်

တပ်မတော်စခန်းများ ရုပ်သိမ်းရေး အပါအဝင် ကရင်ပြည်သူများ၏တောင်းဆိုချက် မလိုက်နာလျှင် တာဝန်ရှိသည့်အလျှောက် လုပ်ဆောင်မည်ဟု KNU မူတြော်ခရိုင်က ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ဒွဲလိုမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားပြည်သူများက တပ်မ တော် တပ်စခန်းများ ရုပ်သိမ်းရေး အပါအဝင် တောင်းဆိုချက်များကို တပ်မတော်အနေဖြင့် လေးစားလိုက်နာမှုမရှိပါက ပြည်သူလူထု၏ အကျိုးစီးပွားနှင့်လုံခြုံရေးအား အကာအကွယ်ပေးရန် KNU – ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်အမြဲတမ်းကော်မတီက တာဝန်ရှိသည့် အလျှောက် လုပ်ဆောင်သွားမည်ဟု ဇန်နဝါရီ ၇ ရက်နေ့ နေ့စွဲဖြင့် သတိပေး ကြေညာချက် တစ်ရပ် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၆ရက်နေ့တွင် မူတြော် (ဖာပွန်)ခရိုင် ဒွဲလိုမြို့နယ်အတွင်းရှိ မယ်ဝေ၊ မယ်သူ၊ လေးခေါ့ထိနှင့် နာကိုးထ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူလူထုတစ်ထောင်ကျော်ခန့်က အဆိုပါကျေးရွာဒေသများအတွင်း မြန်မာ့တပ်မတော်မှ တပ်စခန်းလာရောက်ချထားခြင်းကန့်ကွက်ပြီး အမြန်ရုပ်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါဒေသခံများ၏ တောင်းဆိုချက်များအပေါ် မြန်မာ့တပ်မတော်မှလေးစားလိုက်နာလုပ်ဆောင်ပေးရန်နှင့် ဆောင်ရွက်ပေးခြင်းမရှိပါကပြည်သူလူထု၏အကျိုးစီးပွားနှင့် ဘဝလုံခြုံရေးအား အကာအကွယ်ပေးရန် ခရိုင်အမြဲတမ်းကော်မတီမှ တာဝန်ရှိသည့်အလျောက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် အဆိုပါဒေသများအတွင်းလှုပ် ရှားဆောင်ရွက်နေမှုများကြောင့် ဒေသခံပြည်သူလူထုများအတွက် ခြိမ်းခြောက်မှုနှင့် ကြောက်ရွံမှုများဖြစ်ပေါ်နေကြောင်း ၊တပ်မတော်အနေဖြင့် သတ်မှတ်နယ်မြေကျော်လွန်၍ လှုပ်ရှားသွားလာသောကြောင့် တိုက်ပွဲများဖြစ်ပွားခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်မှုများကြောင့် ကျေးရွာနှင့် ပြည်သူ လူထုလယ်ယာ လုပ်ငန်းခွင်အတွင်း ကျည်များကျရောက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ထို့ အပြင် ပြည်သူလူထုကိုအကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်းများရှိနေကြောင်းလည်း KNU၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင်ပြည်သူလူထုနေထိုင်ရာ နှင့်လုပ်ကိုင်စားသောက်ရာ နေရာများအား တပ်မတော်မှမောင်းသူမဲ့လေယာဉ်များဖြင့် ထောက်လှမ်းခြင်းများလုပ်ဆောင်နေကြောင်း၊ တပ်မတော်၏ တပ်စခန်းများအားတိုးချဲ့လာပြီး အချို့တပ်စခန်းများသည် ကျေးရွာများအတွင်း အထိရောက်ရှိ နေခြင်းများနှင့် စစ်ဆင်ရေးအတွက် ကားလမ်းများတိုးချဲ့ဖောက်လုပ်ခြင်း၊တပ်အင်အားတိုးချဲ့ခြင်း၊ တပ်သားများ ကိုစေလွှတ်၍ ချောင်းမြောင်းပစ်ခတ်ခြင်းများလုပ်ဆောင်နေခြင်းများကြောင့် ပြည်သူလူထုကြောက်ရွံ့စိုး ရိမ်နေရ ကြောင်း KNU ထုတ်ပြန်ချက်အရသိရသည်။

ထိုကဲ့သို့ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများအလုပ်အကိုင်ခက်ခဲခြင်း၊ သွားလာရခက်ခဲခြင်း ၊စာသင်ကျောင်းများ ပိတ်ထားရခြင်း စသော ထိခိုကခံစားရမှုများရှိလာသဖြင့်တပ်မတော်မှ ဆန္ဒပြပြည်သူများ၏ တောင်းဆိုချက်များအား လေးစားလိုက်နာဆောင်ရွက်ပေးရန် ကရင်အမျိုး သားအစည်းအရုံး KNU ၏ မူတြော်(ဖာပွန်)ခရိုင် ခရိုင်အမြဲတမ်း ကော်မတီ၏ ထုတ်ပြန် ကြေညာချက်တွင်တောင်းဆိုထားသည်။

၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့တွင်လည်း ကရင်ပြည်နယ် လူသောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၂စုမှ ဒေသခံပြည်သူလူထု အင်အားတစ်သောင်းကျော်ကတပ်မတော်က တပ်စခန်းများရုပ်သိမ်းပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ဖာပွန်(မူတြော်ခရိုင်)တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU တပ်မဟာ ၅ အခြေချထားပြီး တပ်မတော်နှင့် နယ်မြေအငြင်းပွားမှုများကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရှိရသည်။

တပ်မတော်ဘက်ကမူ KNU လက်အောက်ရှိ တပ်တချို့နှင့် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး KNU ဗဟိုသို့ အကြောင်းကြားထားပြီး ပြေလည်စွာ ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မကြာသေးမီက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts