All News Local News Peace

တပ်မတော်ဂုဏ်သိက္ခာညိုးနွမ်းစေမှုဖြင့် NLDအမတ်ဦးခင်မောင်မြင့်ကို တရားစွဲဆိုမှု ဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်ထားဟု ဒေါက်တာမျိုးညွန့်ပြော

တပ်မတော်ဂုဏ်သိက္ခာညိုးနွမ်းစေမှုဖြင့် NLDအမတ်ဦးခင်မောင်မြင့်ကို တရားစွဲဆိုမှု ဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်ထားဟု ဒေါက်တာမျိုးညွန့်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကချင်ပြည်နယ် ၊ ဖားကန်မြို့နယ်မှ NLDအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်(ခ) ဦးချိုကို တပ်မတော်က ဂုဏ်သိက္ခာညိုးနွမ်းစေမှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုကို တရားဥပဒေအတိုင်း ဆက်လက် ရင်ဆိုင်မည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ဖားကန့်မြို့နယ်တွင် တပ်မတော်ဖမ်းဆီးခဲ့သည့် ကားများသည် တပ်မတော်မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စစ်တိုင်းမှူး ခွင့်ပြုချက်နှင့် ရောက်ရှိနေခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတထံ တင်ပြ တိုင်တန်းမှုသည် တပ်မတော်ဂုဏ်သိက္ခာညိုးနွမ်းစေသဖြင့် ပုဒ်မ ၅၀၀ ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ဒါကတော့ တရားဥပဒေအရတော့ နစ်နာတယ်ထင်ရင် တရားရုံးမှာ စွဲခွင့်ရှိပါတယ်။ တရားစွဲလာရင်တော့ ကျွန်တော်တို့က ဥပဒေအချက်အလက်အရ သူတို့စွဲဆိုတဲ့ ပြစ်မှုမမြောက်ကြောင်းကို ပြန်လည်ဖြေရှင်းဖို့အတွက် ကျွန်တော်တို့အသင့်ပြင်ထားပြီး ဖြစ်ပါတယ်။ အဲဒါတွေ ကျွန်တော်တို့ မပြောလိုတော့ပါဘူး။ တရားရုံးရောက်နေတဲ့ အမှုဖြစ်တဲ့အတွက် ကျွန်တော်တို့ မှတ်ချက်သိပ်မပေးလိုပါဘူး။ကျွန်တော်တို့ကတော့ တိတိကျကျ ဘယ်သူဟာ ဘယ်ပြစ်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲလာရင်တော့ ကျွန်တော်တို့ အချက်အလက်နဲ့ ကျွန်တော်တို့ ပြန်လည်ဖြေရှင်းမှာ ယေဘုယျပေါ့။ ထင်မြင်ရတယ်။ ယူဆရတယ်။ ဆိုတဲ့ စွပ်စွဲမှုမျိုးကိုတော့ ကျွန်တော်တို့ ဘယ်လိုမှဖြေရှင်းလို့လည်း မရဘူးလို့ ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

NLD အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်မြင့်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က ဖားကန့်မြို့နယ် တရားရုံးမှာ ဦးတိုက်တရားစွဲခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

“တပ်မတော်က မြောက်ပိုင်းတိုင်းက ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားစွဲတော့ ကျွန်တော်လည်း ရုံးတက်နေရတာ။ ဖားကန့် မြို့နယ် တရားရုံးမှာ။ ဒါကတော့ အဓိကကတော့ဗျာ ပြည်သူတွေ လိုလားနေတာပေါ့။ တပ်မတော်နဲ့ အစိုးရကြီးနဲ့ ရင်ကြားစေ့သွားရင် ဒီကိစ္စတွေက ပေါ်လာတော့မှာမဟုတ်ဘူးလေ။ ဒါပဲပေါ့။ ဒါတွေကတော့ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ ဒါပဲ လိုတာပဲလေ ပြည်သူတစ်ရပ်လည်း ဒါပဲလိုတာပဲလေ ဒါတော့ အားလုံးလိုလားတဲ့ဆန္ဒပဲနော်” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေးနှင့်ပတ်သက်ပြီး တရားမဝင် တူးဖော်မှုများစွာရှိနေပြီး ယင်းတရားမဝင်တူးဖော်မှုများသည် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ် လုပ်ကိုင်နေသည်ဆိုသော ဝေဖန်သုံးသပ်ချက်များ ရှိနေခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts