All News Local News Peace

တပ်မတော်က ၅လ ကျော်ကြာ ဖမ်း ဆီးထားသည့် အမ်းဒေသခံတစ်ဦး သတင်းအစအနပင်မရရှိတော့၍ မိသားစု စိုးရိမ်နေ

တပ်မတော်က ၅လ ကျော်ကြာ ဖမ်းဆီးထားသည့် အမ်းဒေသခံတစ်ဦး သတင်းအစအနပင်မရရှိတော့၍ မိသားစု စိုးရိမ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အလယ်ကျွန်းရွာနေ ဒေသခံပြည်သူတစ်ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုက သြဂုတ်လ ၁ဝရက်နေ့က ဖမ်းဆီးခဲ့ပြီး လက်ရှိချိန်တွင် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသည့် အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိကြောင်း အမ်းဒေသခံ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူမှာ ကိုကျော်လင်းဖြိုး(ခ)ကျော်ဆွေ အသက် ၃၁နှစ်ဖြစ်ပြီး ၎င်းကို ဒါးလက်ချောင်း အလယ်ကျွန်းရွာနှင့် အနောက်ရွာသို့ သွားသည့် ဆိပ်ကမ်းအနီးတွင် ဖမ်းဆီးခေါ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ သူတို့က ၈လပိုင်း ၁ဝရက်နေ့တည်းကပေါ့။ အဲတာ အလယ်ကျွန်းကျေးရွာကနေပြီးတော့ ဒါးလက်အနောက်ရွာကို သွားတဲ့ ဆိပ်ကမ်းရှိတယ်ပေါ့။ အဲဒီဆိပ်ကမ်းမှာ သူတို့ကို ဖမ်းသွားတယ်ပေါ့။ သူတို့ဆိုတာ အဲဒီဆိပ်ကမ်းမှာ သူတို့ နှစ်ယောက်တည်းနေတယ်။ အဲတာကို တပ်မတော် စစ်ကြောင်းတစ်ခုက လာပြီး အဲဒီ ကိုကျော်ဆွေကို ဖမ်းသွားတယ်ပေါ့။ အဲဒီဖမ်းသွားပြီး နောက်ပိုင်းမှာ တစ်ပတ်အတွင်းမှာ မိသားစုတွေကို သူတို့အဝတ်အထည်တွေ ထောင်းတယ်ပေါ့။ အဲဒီနောက်ပိုင်းမှာ မိသားစုတွေနဲ့ အဆက်အသွယ် မရတော့ဘူး။ ဒေသခံတွေကတော့ ကိုကျော်ဆွေက တပ်မတော်က နှိပ်စက်ညှင်းပန်းလို့ သေဆုံးသွားပြီဆိုတဲ့ သတင်းက ပြန့်နေတယ်ပေါ့။ ပြန့်နေတော့ အဲဒါနဲ့ မိသားစုတွေက စိတ်ပူတာပေါ့။ အခုလက်ရှိအနေအထားအရ သူ့ကိုပြန်လွှတ်ပေးတာမရှိသလို သတင်းအချက်အလက်တွေလည်း မရတဲ့အနေအထားမှာရှိတယ်ပေါ့” ဟု ကိုမျိုးလွင်ကပြောဆိုသည်။

အဆိုပါ တပ်မတော်က ဖမ်းဆီးသွားသော ကိုကျော်ဆွေသည် ၎င်း၏ အမျိုးတော်စပ်သူနှင့် အရက်အတူသောက်နေစဉ် AA နှင့် ပတ်သက်သည့် ကိစ္စများ ပြောဆိုနေချိန်တွင် တပ်မတော်က ဝင်ရောက်ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု သိရကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ မိသားစုထဲက သူ့ရဲ့ ဇနီးက ကိုယ်ဝန်နဲ့ ကျန်ခဲ့တာလေ။ သူကအခုဆိုရင် သူဖမ်းဆီးခံတုန်းက ကလေးက ၂ ဦးပဲရှိတာ။ အခုက ကလေး ၃ယောက်ဖြစ်သွားတယ်။ အဲဒီအမျိုးသမီးက အဲဒီ ဒါးလက်အလယ်ကျွန်းမှာ မနေရဲတော့တဲ့အတွက် အခုမြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ပေါ်ကို ရောက်နေတယ်ပေါ့။ ကျွန်တော်သိရသလောက် သူတို့ မိသားစုတွေ ဝင်းဇိုဆိုတဲ့ လူနဲ့ သူနဲ့က အရက်အတူတူ သောက်နေတယ်ပေါ့။ ခင်ဗျားက AA ကို ရိက္ခာပို့တယ် ပုံစံမျိုးနဲ့ အသုံးအနှုန်းတွေ ခင်ဗျားကို တပ်ကို တိုင်မယ်ဆိုတဲ့ ပုံစံမျိုး အရက်မူးလာတဲ့ အခါ ကိုယ့်အချင်းချင်းပြောနေတာကို သူတို့က အဲလိုပြောနေချိန်မှာပဲ သူ့ကိုဖမ်းတယ်ပေါ့။ ကျော်ဆွေက ပထမတော့ အလယ်ကျွန်းမှာ သူများတွေ နွားဝယ်တယ်ပေါ့။ နွားဝယ်တာကို မီးလက်မောင်းကို နွားပို့တယ်ပေါ့။ အဲဒီ မှောင်ခို သမားတွေက နွားဝယ်ပြီး အဲတာကို သွားပို့တယ်ပေါ့။ အဲလိုသွားပို့ပြီး မီးလက်မောင်းက အရက်တစ်လုံး ဝယ်ခဲ့တယ်လို့ သိရတယ်ပေါ့။ အဲဒီချိန်မှာ သူ့သူငယ်ချင်းကော သူ့ဆွေမျိုးလည်း တော်စပ်တဲ့ ဝင်းဇိုနဲ့ အတူတူ အဲဒီ ဆိပ်ကမ်းနားမှာ အရက်သောက်နေတုန်းကို ဖမ်းဆီးခံရတယ်လို့သိတယ်ပေါ့” ဟု ၎င်းကပြောဆိုသည်။

ယင်းသို့ ဖမ်းဆီးခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို ၎င်း၏ ကျန်ရစ်ခဲ့သော အမျိုးသမီး ဖြစ်သူနှင့် ဆွေးနွေးမှုများပြုလုပ်ကာ မိသားစု၏ ဆန္ဒအတိုင်း ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဟု ကိုမျိုးလွင်ကပြောဆိုသည်။

ထိုသို့ ရခိုင်ပြည်နယ်အတွင်း အရပ်သားများကို တပ်မတော်က ဖမ်းဆီးသွားသည်ဆိုသည့် ဖြစ်ရပ်များကို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်များတွင် တိုင်ကြားနိုင်ပြီး တခြားတိုင်ကြားနိုင်သည့် လမ်းကြောင်းများတွင် လွတ်လပ်စွာ တိုင်ကြားနိုင်ကြောင်း ဒီဇင်ဘာ ၃ဝရက်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်လင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အမ်းဒေသခံ ကိုကျော်လင်းဖြိုး(ခ)ကျော်ဆွေကို တပ်မတော်က ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts