Local News Peace political news

တပ်မတော်က ရုရှားထံမှ Pantsir S1 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့်Orlan-10E ကင်း ထောက်မောင်းသူမဲ့လေယာဉ်များ ဝယ်ယူ

တပ်မတော်က ရုရှားထံမှ Pantsir S1 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့်Orlan-10E ကင်း ထောက်မောင်းသူမဲ့လေယာဉ်များ ဝယ်ယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

တပ်မတော်အနေဖြင့် ရုရှားနိုင်ငံထံမှ Pantsir S1 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် Orlan-10E ကင်းထောက်မောင်းသူမဲ့လေယာဉ်များ ဝယ်ယူရန် လက်မှတ်ရေးထိုးလိုက်ကြောင်း ရုရှားအခြေစိုက်သတင်းဌာနများက သတင်းဖော်ပြသည်။

ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ဇန်နဝါရီလ ၂၂ ရက်နေ့ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် အဆိုပါ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ကင်းထောက်လေယာဉ်များ၊ ရေဒါစနစ်များ ရောင်းချ ဝယ်ယူကြရန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံထံမှ MiG-29 နှင့် Yak-130 လေယာဉ်များ၊ Mi-17 နှင့် Mi-24 ရဟတ်ယာဉ်များ ဝယ်ယူခဲ့ပြီး လာမည့်နှစ်တွင်လည်း စစ်ဘက်သုံး လေယာဉ်များ၊ ရုရှားလုပ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ သံချပ်ကာယာဉ်များ ပိုမို ဝယ်ယူမည်ဖြစ်ကြောင်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin က ရုရှားမီဒီယာများသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ရုရှားလုပ် Su-30 တိုက်လေယာဉ် ၆ စီးကိုလည်း ရုရှားနိုင်ငံထံမှ မှာယူထားပြီး လာမည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ယင်းလေယာဉ်များကို မြန်မာနိုင်ငံသို့ ပို့ဆောင်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့(ဇန်နဝါရီလ ၂၂ ရက်နေ့) ဆွေးနွေးမှုက အနာဂတ်ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းအဖြစ် ရှုမြင်ပါတယ်။ အထူးသဖြင့်တော့ စစ်ရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ပါ” ဟု ရုရှားကာကွယ်ရေးဝန်ကြီး Shoigu က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောဆိုကြောင်း သိရှိရသည်။

တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသည် သစ္စာရှိသော မိတ်ဆွေကောင်းဖြစ်ပြီး ခက်ခဲသော အချိန်များ အထူးသဖြင့် လွန်ခဲ့သော ၄ နှစ်ကာလအတွင်း မြန်မာနိုင်ငံကို အမြဲလိုလို ကူညီထောက်ပံ့ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရုရှားနှင့်မြန်မာနိုင်ငံတို့အကြား လေကြောင်းဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts