interview Peace political news

တပ်မတော်က ဖမ်းဆီးသွားပြီးနောက် ကုလားတန်မြစ်ကြောင်းတွင် အပိုင်း ပိုင်းပြတ်အလောင်းပြန်ရသော ဦးကျော်လှိုင် အသတ်ခံရမှု တရားမျှတမှု ဖော်ဆောင်ရန် တောင်းဆို

တပ်မတော်က ဖမ်းဆီးသွားပြီးနောက် ကုလားတန်မြစ်ကြောင်းတွင် အပိုင်းပိုင်းပြတ်အလောင်းပြန်ရသော ဦးကျော်လှိုင် အသတ်ခံရမှု တရားမျှတမှု ဖော်ဆောင်ရန် တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ပိုက်သည်ရပ်ကွက်မှ အသက် ၃၀ ကျော် အရွယ် ဦးကျော်လှိုင်သည် ဇူလိုင် ၂ ရက်နေ့ ညနေပိုင်းက တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားပြီးနောက် ဇူလိုင်လ ၇ ရက်နေ့တွင် ဦးကျော်လှိုင်၏ အလောင်းကို အပိုင်းအပိုင်းပြတ်ပုံစံဖြင့် ရွာအနီး ကုလားတန်မြစ်ကမ်းစပ်တွင် ပြန်လည်ရရှိခဲ့သည်။

အဆိုပါအမှုအတွက် ဦးကျော်လှိုင်ဇနီးဖြစ်သူ ဒေါ်စုချေက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရဲစခန်းတွင် လူသတ်မှု၊ အလောင်းဖျောက်မှုများဖြင့် အမှုဖွင့်ထားပြီး မျက်မြင်သက်သေများက ဦးကျော်လှိုင်ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သက်သေထွက်ဆိုထားကြသည်။

ဦးကျော်လှိုင်သည် ဘူးခွံ့ပုလင်းခွံ့ ရောင်းသည့် အလုပ်ဖြင့် အသက်မွေးသူဖြစ်ပြီး လက်ရှိအချိန်တွင် ဦးကျော်လှိုင် အသတ်ခံရမှု တရားမျှတမှု ရရှိရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်ပေးရန် ဇနီးဖြစ်သူ ဒေါ်စုချေနှင့် အမှုကို လိုက်ပါ ကူညီဆောင်ရွက်ပေးသူ ဦးကျော်လှမြင့်တို့က တောင်းဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားပြီးနောက် အပိုင်းပိုင်းပြတ် အလောင်းသာ ပြန်ရသော ဦးကျော်လှိုင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါသည်။

ဦးကျော်လှမြင့်

(ဦးကျော်လှိုင်အသတ်ခံရမှု အမှုပေါ်ပေါက်ရေးနှင့်တရားမျှတမှုရရှိရေး ဦးဆောင်နေသူ)

ကျနော်တို့ သိရသလောက်ကတော့ ဒီဇန်နဝါရီလ ၇ ရက်နေ့မှာ တပ်မမှူး၊ ရဲတပ်ဖွဲ့မှူးရယ်၊ ရဲစခန်းမှူးရယ် ပူးပေါင်းအဖွဲ့တွေနဲ့ အဲဒီသက်သေထွက်ဆိုထားတဲ့သူတွေ မေးသွားတယ်လို့သိရတယ်။ ဦးကျော်လှိုင်ရဲ့ မိန်းမ ဒေါ်စုချေကိုလည်း မေးသွားတယ်လို့ သိရတယ်။ တွေ့တော့ မတွေ့ရဘူး။ ဒါနဲ့ ထူးခြားမှု တစ်ခုတော့ ဖြစ်လာမယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်။

ရဲစခန်းက အမှုလက်ခံထားတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ ဒေါ်စုချေကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ တိုင်ထားတယ်။ အဲဒီတိုင်တဲ့စာမှာ တရားခံတွေ ဘယ်သူက တရားခံလဲ။ ဘယ်သူက သက်သေ လဲဆိုတာ တိတိကျကျ မသိရတဲ့အတွက် ဆက်ပြီးစုံစမ်းအရေးယူပေးဖို့ တိုင်တန်ထားတယ်။ ကျနော်တို့ ဒီဇင်ဘာ ၃၀ ရက်နေ့က တင်ပြတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့က ဦးအောင်ကျော်ဦးနဲ့ ဆရာတော် ဦးစန္ဒိမာတို့က ရဲစခန်းမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ မှာ သက်သေထွက်ဆိုထားတယ်။ ဇန်နဝါရီလ ၃ ရက်နေ့မှာ သက်သေခံ ဦးထုပ်တစ်လုံး ရဲစခန်းမှာ သက်သေတင်တယ်။ နောက်ပြီးတော့ ဇန်နဝါရီ ၇ ရက်နေ့မှာ တပ်မမှူး ရဲစခန်းမှူးဘက်က သက်သေထွက်တဲ့သူတွေကို စစ်ဆေးမေးမြန်းတာတွေရှိခဲ့တာပေါ့။

ဇူလိုင် ၂ ရက်နေ့ ညနေ ၄ နာရီမှာ ဦးကျော်လှိုင်က ဘူးခွံပုလင်းခွံတွေ သယ်လာတယ်။ ဘူးခွံပုလင်းခွံ အထုပ်ကို ဖြည်ပြီးတော့ ရွေးနေတဲ့အချိန်မှာ တပ်က သူ့ကို ဖမ်းပြီးတော့ ဓမ္မာရုံထဲကို ခေါ်သွားတယ်။ အဲဒီ ဓမ္မာရုံထဲမှာရောက်တော့ သူ့ကို နောက်ပြန်ကြိုးတုပ်ပြီးတော့ ချည်ထားတာကို နောက်တစ်နေ့ ဇူလိုင် ၃ ရက်နေ့ မနက်မှာ ဆရာတော် ရေချိုးရင်း မြင်သွားတယ်။

ဆရာတော်ကို ဦးကျော်လှိုင်က ခေါ်တယ်။ ဆရာတော်က ပြန်ဖြေတော့ မျက်နှာတွေမှာ ဖူးရောင်ဒဏ်ရာတွေနဲ့ အသံကလည်း မပီတပီ ခေါ်တဲ့အသံမျိုးပေါ့။ အဲဒီလို ခေါ်တာနဲ့ နောက်ပြန်ကြိုးတုပ်ထားတဲ့ လက်ကိုလည်း ပြတယ်။

ဆရာတော်က တပ်မတော်သားတွေ ၀ိုင်းကြည့်နေတဲ့အတွက် မသွားရဲဘဲ ဓမ္မာရုံထဲကို ပြန်ဝင်သွားတာပေါ့။ ပြီးတော့ မနက်ဆွမ်းစားပြီးတော့ နောက်တစ်ခေါက် ထပ်ကြည်တဲ့အခါ အဲဒီမှာ တိုင်လေးတိုင် စိုက်ပြီးတော့ တာပေါ်လင်စတွေနဲ့ ကာရန်ထားတာတွေ့ရတယ်။ လူကိုတော့ မမြင်ရဘူး။

ဒါပေမယ့် ငိုသံတွေ အော်သံတွေ ကြားခဲ့ရတယ်ဆိုပြီးတော့ ဆရာတော်က သက်သေ မိန့်ဆိုထားတယ်။ စစ်တပ်က တပ်မတော်စစ်ကြောင်း ပြန်ထွက်သွားတဲ့ အချိန်မှာ ချည်နှောင်ထားတဲ့သူက မရှိတော့ဘူး။ နောက် ၁ ရက် ၊ ၂ ရက်အကြာမှာ ဓမ္မာရုံအရှေ့ဘက် ကုလားတန်မြစ်ထဲမှာ ဦးကျော်လှိုင်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ပြန်တွေ့ရတာ။ ပီနန်အိတ်ခွံ့ထဲမှာ ထည့်ပြီးတော့ ဖျောက် ဖျက်ထားတာတွေ ပြန်တွေ့ရတယ်။

အမှုဖွင့်ထားတယ်။ ပ နံပါတ် ၃၁ /၂၀၂၀ ၊ ပုဒ်မ ၃၀၂ နဲ့ ၂၀၁ ပေါ့။ လူသတ်မှုနဲ့ အလောင်းဖျောက်မှုပေါ့။ ကျနော်တို့ တရားခံကိုလည်း သက်သေပြတဲ့သူတွေက မြင်ပြီးသားဖြစ်တဲ့အတွက် တရားခံ အမှန်တကယ်ပြစ်မှုကျူးလွန်တဲ့သူနဲ့ ပြစ်ကျူးလွန်တဲ့အဖွဲ့အစည်းကို ဒါ တရားဥပဒေနဲ့ အညီ လုပ်ဆောင် အရေးယူပေးမယ်လို့ ယုံကြည်ပါတယ်။

ဒါမှ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ဖြစ်လာမှာပဲလို့ ယုံကြည်ပါတယ်။ ဥပဒေမဲ့ အပြစ်မဲ့ပြည်သူကို သတ်သွားတာ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဥပဒေကို ဖောက်ဖျက်တာကိုတော့ ဥပဒေနဲ့အညီ ရပိုင်ခွင့် တရားမျှတမှု ရမယ်လို့ ယုံကြည်ပါတယ်။

ဆရာတော်ဦးစနိ္ဒမာ

(ဦးကျော်လှိုင်ကို တပ်မတော်စစ်ကြောင်း ဖမ်းသွားမှု မျက်မြင်သက်သေ)

ဦးဇင်းက မနက် ၆ နာရီလောက်မှာ ရေအမြဲတမ်းချိုးပါတယ်။ ရေချိုးတဲ့အခါ ဦးကျော်လှိုင်ကို ပိန္နဲပင်အောက်မှာ ချည်ထားတယ်။ ဦးကျော်လှိုင်က ငါ့ကို ဆရာတော် ဆရာတော်ဆိုပြီး ခေါ်တယ်။ မျက်နှာတွေက ဖူးရောင်နေတယ်။ အသံကလည်း နဂိုအသံမဟုတ်။ နောက်ငါလည်း ရေချိုးပြီးတဲ့အချိန်မှာ ကျောင်းပေါ်တက်ပြီးတော့ ပြန်ကြည့်တော့ ပိန္နဲပင်အောက်မှာ တိုင်လေး တိုင်စိုက်ထားတယ်။ တိုင်လေးတိုင်စိုက်ပြီးတော့ တာလပတ်နဲ့ကာထားတယ်။ အော်သံတွေလည်း ကြားရတယ်။ နောက်ရက်ကျတော့ ဦးကျော်လှိုင်ကို ခေါင်းတစ်ပိုင်း ကိုယ်တစ်ပိုင်းနဲ့ လက်တစ်ပိုင်းနဲ့ ပြန်ရတယ်။ ရက်စက်တယ် ဒကာကြီး။

ဦးအောင်ကျော်ကျော်ဦး
ဘူးခွံ့ပုလင်းခွံအဝယ်ဒိုင်

(ဦးကျော်လှိုင်ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားမှု မျက်မြင်သက်သေ)

ဖြစ်စဉ်ကို ပြောပြခဲ့တယ်လေ။ ဦးကျော်လှိုင်က ကျနော်တို့ဆီမှာ ပစ္စည်းတွေ လာရောင်းတဲ့အချိန်မှာ အနောက်ကနေ စစ်ကြောင်းဝင်လာတာပေါ့။ အချိန်ကလည်း ၄ နာရီလောက်ရှိနေပြီ အဲဒီမှာ စစ်သားတွေ ဝင်လာတော့ လူတွေက တံခါးတွေ ပိတ်၊ ခြံတွေပိတ်ပြီးတော့ လုံခြုံဝင်နေရတာပေါ့။ ကျနော်လည်း အိမ်တံခါးပိတ်ပြီး ဝင်တော့မှ ဦးကျော်လှိုင်က အဲဒီအချိန်မှ လာမယ်။

လာတဲ့အချိန်မှာ အထဲကို မဝင်ခင် ပစ္စည်းအထုပ်တစ်ထုပ်ကို ချပြီးတော့ ရပ်နေတဲ့အချိန်မှာ စစ်သားက မေးတယ်။ နာမည်ဘယ်သူလဲမေးတယ်။ အဲဒါ သူကလည်း ဘာပစ္စည်းတွေဆိုတာ ထုတ်ပြတယ်။

အဲဒီမှာ မေးရင်းမေးရင်းနဲ့ သူ့ကို တစ်ခါတည်း စစ်ကြောင်းက ဓမ္မာရုံကို​ ခေါ်သွားမယ်။ ဓမ္မာရုံမှာ သူ့ကိုထားပြီးတော့ ရိုက်နှက်နေမှာပါ။ ၃ ရက်မြောက်မှာ သူ့အလောင်းကို ကမ်းစပ်မှာ တွေ့ရတယ်ပေါ့။ ဖြစ်စဉ်က အဲဒါပဲ။ တပ်မတော်စစ်ကြောင်းက သူ့ကို ဖမ်းသွားတာပါ။

ဇန်နဝါရီလ ၇ ရက်နေ့မှာ တပ်မမှူးက ကျနော်တို့ မျက်မြင်သက်သေတွေကို ခေါ်စစ်တယ်။ စကခ ၉ တာဝန်ခံ တပ်မမှူးပေါ့။ ကျနော်တို့ ကို ပြောတယ်။ တာဝန်အရ လာစစ်ဆေးတာပေါ့။ ရွှေကျောင်းဓမ္မာရုံမှာ စစ်တာ။

တပ်မတော်ဘက်က ပြောတာက တပ်မမှူးက ပြောတာက ဘုန်းကြီးကို မေးနေတာ ကျနော်ကြားတာပေါ့။ ရှေ့မှာ မေးနေတာဆိုတော့လေ။ ဆရာတော်တဲ့ ဦးကျော်လှိုင်ကို ချည်ထားတဲ့နေရာကို မျက်စိနဲ့ တပ်အပ်မြင်သလားတဲ့။

ဘုန်းကြီးက မြင်ပါတယ် ဒကာကြီးပေါ့။ ဒီလိုမြင်တယ်ပေါ့။ ဘုန်းကြီး နံနက် ၇ နာရီမှ ရေချိုးတယ် ။ ချိုးတဲ့အခါ ဦးကျော်လှိုင်ကို ချည်နှောင်ထားတာတွေ့တယ်ဆိုပြီး ဘုန်းကြီးက ပြန်ပြီးပြောပြတယ်။ အဲဒါ ဦးကျော်လှိုင်က ဆရာတော် ဆိုပြီးလှမ်းခေါ်ပြီးတော့ သူ့လက်ကို ချည်နှောင်ထားတာကို ပြတာပေါ့။ ဆိုတဲ့အခါ ဦးကျော်လှိုင်ကို တစ်ကိုယ်လုံး ရိုက်နှက်ထားတာ ဖူးရောင်​နေတယ်ပေါ့။

ဆိုတော့ တပ်ရင်းမှူးပြောတာက အဲဒီမှာ ဦးကျော်လှိုင် မဖြစ်ခင်လေးမှာ သူတို့စစ်သားတစ်ယောက်က ကျည်ထွက်ပြီး ခေါင်းထိသေသွားတာ တစ်ယောက်ရှိတယ်။ အဲဒီဥစ္စာကို ကျည်ထွက်သွားတဲ့ စစ်သည်ကို ဖမ်းပြီး ချည်နှောင်ပြီးတော့ ချည်ထားတယ်။ အဲဒါကို ဦးကျော်လှိုင်လို့ ထင်သလား။ အတိအကျမေးတာပေါ့။ တပ်ရင်းမှူးက ဦးကျော်လှိုင်မဟုတ်ဘူး။ ချည်နှောင်ထားတဲ့ စစ်သည်ပါလို့ ပြောချင်တာ။ ဒါက စောပါတယ်။

ဦးကျော်လှိုင်ဖြစ်စဉ်နဲ့ မတိုက်ဆိုင်ပါဘူး ။ ရက်ကလွဲနေတယ်။ မျက်မြင်သက်သေ တစ်အိမ်ဦးလွန်ဇော်ဦးဆိုတာကလည်း သူကလည်း မျက်မြင်သက်သေပေါ့။ ရဲစခန်းမှာ သက်သေထွက်ဆိုထားပါတယ်။ သူ့ရှေ့မှာ ဖမ်းသွားတာကို မြင်တယ်ပေါ့။ မျက်မြင်သက်သေပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts