All News Election interview

ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်၏ တရားစွဲဆိုခြင်းခံနေရသော ချောင်းသာမြို့မှ မဲရုံမှူး အလယ် တန်းပြကျောင်းဆရာမ ကူညီသူမဲ့နေ

ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်၏ တရားစွဲဆိုခြင်းခံနေရသော ချောင်းသာမြို့မှ မဲရုံမှူး အလယ် တန်းပြကျောင်းဆရာမ ကူညီသူမဲ့နေ

By ရန်ကုန်ခေတ်သစ်

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာ- အခြေခံ ပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်ခင်မျိုးမျိုး(ခ) ဒေါ်ဘေဘီစန်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ချောင်းသာမြို့၊ ရပ်ကွက် ၂ ၊ မဲရုံ ၂ တွင် မဲရုံမှူးအဖြစ် ဆောင်ရွက်စဉ် မဲရုံမှူး ဒေါ်ခင်မျိုးမျိုးသည် လုပ်ပိုင်ခွင့် ကျော်လွန်ပြီး ကိုယ်စားမဲပေးခွင့်ပြုခဲ့သည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ဦးမိုးဝင်းဦးက ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉ ဖြင့် တရားစွဲဆိုလိုက်ပြီး ယင်းအမှုမှာ တရားရုံးသို့ ရောက်ရှိနေပြီဖြစ်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ကြံ့ခိုင်ရေးပါတီ၏ တရားစွဲဆိုခြင်းခံရသော ဆရာမ ဒေါ်ခင်မျိုးမျိုး (ခ) ဒေါ်ဘေဘီစန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တရားစွဲခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းပြပေးပါလား။

ဖြေ။ ။ ဖြစ်စဉ်က အဲဒီ ရွေးကောက်ပွဲနေ့မှာ ကျွန်မတို့ မဲပေးမယ်ပေါ့။ မဲပေးတာ ဆောင်ရွက်တာ မနက် ကျွန်မတု့ိဆိုရင် ၃နာရီလောက်ထဲက ထသွားရတယ်ပေါ့။ ၃နာရီလောက်ထဲက စတင်ပြီးတော့ ၆နာရီမှာပေးတယ်။ ပေးပြီးတော့ သူလာပေးတဲ့အချိန်မှာ ၂ချက်တီးပတ်ဝန်း ကျင်လောက်ဖြစ်နေပြီ။

ဒါပေမယ့် ကျွန်မတို့ မနက်စာရော နေ့လည်စာရော ဘာမှ မစားရသေးဘူး။ ဟို အောင်မြင်အောင် ပေါ့။ ဒီရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ချောချောမောမောဖြစ်အောင်ဆိုတဲ့ စိတ်နဲ့ပဲ ဝိုင်းဝန်းပြီး ကူညီ အကုန်လုံး တစ်စိတ်တစ်ဝမ်းတည်း လုပ်ပေးကြတာပေါ့။ အဲဒီအချိန်မှာ အဲဒီကောင်မလေးဒီ လွှတ်တော်နှစ်ရပ်ပေးပြီးသွားတဲ့ဟာကို ဆရာမတွေက မသိလိုက်ဘူး။

မသိလိုက်ဘဲနဲ့ ဆရာမတစ်ယောက်က သူတို့ရပ်ကွက်ကဆိုတော့ ဒီကောင်မလေးက မြို့ကလို့ ပြောတယ်။ အခုထိလည်း ကျွန်မသေချာမမြင်ဘူးသေးဘူး။ ပုသိမ်သူလို့ပြောတယ်။ ကောင်လေးကတော့ ဒီကပေါ့နော်။ ဒါကောင်မလေး သူကိုယ်စား သူနဲ့ တစ်ရပ်ကွက်တည်းဆိုတော့ ဆရာမသိလိုက်တယ်ပေါ့။ သိလိုက်တော့ သူအော်လိုက်တယ်ပေါ့။ အော်လိုက်တော့ ကျွန်မတို့သိတယ်။

သိလိုက်တဲ့ အခါကျတော့ ကျွန်မ ရပ်လိုက်တယ်။ ရပ်တဲ့အချိန်မှာအဲဒီကောင်မလေးက ကျွန်မကို ရန်တွေ့တယ် ဘာဖြစ်လဲ ထည့်လို့ရတယ်မှတ်လို့ ထည့်တာပေါ့ မဟုတ်ဘူး။ ထည့်လို့ရတယ်ဆိုပေမယ့်လည်း ဒီလိုကိုယ်စားမထည့်ရဘူးဆိုတာ မသိဘူးလားပေါ့ မသိလို့ လုပ်တာပေါ့နဲ့ အဲဒီ စကားများနေတဲ့အချိန်မှာ ကျွန်မတို့ မနည်းကြာတယ်။

မနည်းကြာတယ်ဆိုတာ ကျွန်မဘာလုပ်ရမှန်း ကျွန်မသိဘူး။ ဘာဆက်လုပ်ရမယ်ဆိုတာကို ကျွန်မလုံးဝမသိတာ။ ဒီကျွန်မ မသိသလို ကျွန်မဆရာမတွေလည်း သိလားဆိုတော့ သူတို့လည်းမသိဘူး။ မသိတော့ ဒါတို့ ဘယ်လိုလုပ်ကြမလဲ ဒါဆိုရင် ဒီဝန်းထဲမှာရှိနေတဲ့ ဒီထဲမှာရှိနေတဲ့ကော်မရှင် အဖွဲ့ဝင်ပေါ့။ ဦးနိုင်နိုင်ကိုပြောလိုက်မယ်။

ဦးနိုင်နိုင်ကို လှမ်းခေါ်တယ်ကျွန်မ နိုင်နိုင်ရေ ဒီမှာတော့ ဒီလိုဖြစ်နေပြီ ငါဘာလုပ်ရမှန်းမသိဘူး။ဆိုတော့ နေဦးဆရာမရေ။ ကျွန်တော်သေချာလားလို့ ကျွန်တော်လှမ်းဆက်ကြည့်မယ်ဆိုပြီး သူ့ ရပ်ကွက်ကိုသူ့ လှမ်းမေးတယ်။ သူက အဲဒီရပ်ကွက်မှာ ကော်မရှင်မှာ အဖွဲ့ဝင်ဖြစ်သလို သူတု့ိ အဲဒီရပ်ကွက်မှာ ရာအိမ်မှူးဆိုလား သူကလှမ်းမေးလိုက်တဲ့အခါကျတော့ မှန်တယ်။ မှန်တယ်ဆိုတော့ ကဲ့ ဒါဆိုလိုရှိရင် ဘာဆက်လုပ်ရမှာလဲ ငါမလုပ်တတ်ဘူးပေါ့။

ဘာလုပ်ရမှန်းကို ကျွန်မ မသိတာ ကျွန်မတု့ိလည်း ဘာဖြစ်ရင်ဘာလုပ် ဘာမှပြောမထားတဲ့အတွက် ကျွန်မဘာလုပ်ရမှန်းမသိဘူး။ မသိတဲ့အတွက်သူ့ကို လှမ်းပြောတယ် ပြောတဲ့အခါကျတော့ သူလည်းမသိဘူး။ မသိတော့ဆရာမရေ လွှတ်တော်နှစ်ရပ်ကလည်း ပေးပြီးနေပြီ ဒါပေမယ့် ဘယ်လိုလုပ်မလဲ အေး ဘယ်လိုလုပ်မလဲ အေး ငါလည်းမလုပ်တတ်ဘူး။

မလုပ်တတ်ဘူးဆိုတော့ ဒါပေမယ့် တစ်ခုရှိတာတော့နော်။ လွှတ်တော်သုံးရပ်မှာ မဲအရေအတွက် မညီရင် ငါတို့ ပြဿနာတတ်မလားမသိဘူးလို့။ အဲဒါတစ်ခုတော့ သွားတွေးမိတယ်။ ဒါဆိုရင် ဆရာမရေ ဟို လွှတ်တော်တစ်ရပ်ပဲ။ ကျန်တဲ့ဥစ္စာ နှစ်ရပ်ကတော့ထည့်ပြီးနေပြီတဲ့ ဘယ်လိုလုပ်ဖို့လည်း တစ်ရပ်ကျန်တဲ့ဟာ ထည့်ခိုင်းလိုက်တာ ထည့်ခိုင်းလိုက်မယ်။

ကောင်မလေးပါးစပ်ကလည်း သူကိုမေးတဲ့အခါမှာ ဦးနိုင်နိုင်ထည့်ခိုင်းလို့ ထည့်ပါတယ်လု့ိ ပြောထားပြီသားကော်မရှင် အစ်မတု့ိ အနေနဲ့ကလည်း ကျွန်မတု့ိအထက်မှာ ကော်မရှင်ရှိတယ်လို့ပဲ ကျွန်မတို့သိထားတာ ကျွန်မတို့က ကော်မရှင်ခိုင်း တာကိုလုပ်ရ တယ်လို့ပဲ ကျွန်မတို့ သိထားတာ အဲဒီအတွက် ကျွန်မ မလုပ်နိုင်တဲ့ မလုပ်တတ်တဲ့ ဘာလုပ်ရမှန်းမသိတဲ့အရာကို ကျွန်မ သူကို အကြောင်းကြားတာပေါ့။

အမှန်တကယ်က သူအနေနဲ့ကလည်းဖြစ်သင့် တာက ကော်မရှင်အဆင့်ဆင့်ကို သူ့ဘက်က ဆက်အကြောင်းကြားရမယ်။ အဲဒါကို သူကလည်း သူ့မသိတာ မသိလို့လည်း သူကဒီလို ဒါဆိုရင် ဒီလိုလုပ်မယ်။ လုပ်မယ်ဆိုရင် နေဦး။

အဲ ဒီမှာရှိတဲ့လူတွေ ကန့်ကွက်မယ့်သူတွေရှိရင် ကန့်ကွက်ပေးပါ။ ဒီမှာတော့ ဒီလိုဖြစ်နေပြီ။ ထည့်လက်စကိုလည်း လွှတ်တော်တစ်ရပ်ပဲ ကျန်တဲ့အတွက် ဆက်ထည့်ရမယ်။ ဆက်ထည့်လိုက်တော့မယ်ပေါ့နော်။ ဒီကော်မရှင်ကလည်း ထည့်ခိုင်းတဲ့အတွက် ဆိုတော့ ကန့်ကွက်မယ့်သူရှိရင် ကန့်ကွက်ပါဆိုတော့ ဘယ်သူမှ မကန့်ကွက်ဘူး။

မကန့်ကွက်တော့ ထည့်လိုက်တယ် ပြီးသွားရောလို့ပဲထင်တာပေါ့နော်။ အဲဒီအထိလည်းပြီးနေပြီ။ ၁၁ရက်နေ့ကမှ တိုင်တယ်ဆိုပြီးတော့ တိုင်တာ အဲဒီတော့ ကျွန်မတို့က ဘာပြောတတ်မလဲ။ ဘာမှမပြောတတ်ဘူး။

မေး။ ။ ဆရာမက ပညာရေးဌာနမှာ ဘာရာထူးတာဝန်ထမ်းဆောင်ပါလဲ။

ဖြေ။ ။ကျွန်မ လုပ်သက် (၃၀)ပြည့်ပါသွားပါပြီ အသက် (၅၄)နှစ်ပေါ့နော် ဟို ပညာရေးဌာနမှာ လုပ်သက် ၃၀အတွင်းမှာ တစ်ခါမှ ဟို ဘယ်လိုခေါ် မလဲ။

ပြစ်မှုပြစ်ဒဏ်တစ်ခါမှ မခံရပါဘူး။ ဒီပညာရေးနဲ့ ပတ်သတ်ကိုယ့်ရဲ့ဌာနပင်မဌာနနဲ့ ပတ်သတ်ပြီးတော့ ပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာလည်း တကယ်ဟို ကျွန်မ ရပ်မိရပ်ဖ အနေနဲ့ ဒီနေ့အထိပဲ ကျွန်မနေခဲ့တာပေါ့နော်။

ကျွန်မက B.Sc. သတ္တဗေဒနဲ့ကျောင်းပြီးခဲ့ပါတယ်။ ကျောင်းပြီးတဲ့နောက် ကျွန်မ ကျောင်းဆရာလုပ်တာ လုပ်သက်၃၀ပြည့်ပါပြီ။ အဲဒီအတွက် ကျွန်မတို့က ဘယ်လိုလဲဆိုတော့ အရမ်းသတိထားတယ် ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတု့ိရဲ့လုပ်သက် ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာ ပြီးတော့ နယ်ဖြစ်တဲ့အတွက် မြို့လို အဝန်းအဝိုင်းမကျယ်ဘူး။

ကျဉ်းတယ် သတင်းတစ်ခုလေးပြန့်သွားတာနဲ့ တစ်နေရာလုံး တစ်နယ်လုံးပြန့် သွားတဲ့အနေအထားဖြစ်တဲ့အတွက် ကျွန်မတို့အရမ်း ကိုယ်ကိုယ့်ကို ထိန်းတယ်။ ကိုယ့်ကိုယ်ကို စည်းကမ်းနဲ့ညီအောင် ကျင့်ဝတ်သိက္ခာနဲ့ညီအောင် ဆရာ ဆရာမတွေ ဂုဏ်သိက္ခာနဲ့ညီအောင် ဒီနေ့အထိလုပ်ဆောင်ခဲ့တယ်ပေါ့နော်။

မေး။ ။အခုလက်ရှိ အမှုနောက်ဆုံးအခြေအနေက။

ဖြေ။ ။အခုဟာ အဲဒါလည်း ၁၁ရက်နေ့မှာ ကျွန်မကို ရဲစခန်းက ခေါ်တယ်။ ခေါ်တော့ ကျွန်မ ကော်မရှင်ကို သွားပြောတယ်။ ကော်မရှင် ဥက္ကဋ္ဌ ကော်မရှင် အတွင်းရေမှူး ကျွန်မက တော့ ဒီလိုဖြစ်နေပြီ ကျွန်မကို ရဲစခန်းကခေါ်နေပြီ အဲဒီတော့ ခေါ်နေတဲ့အတွက် ကျွန်မဘယ်လိုလုပ်ရမလဲဆိုတော့ သွားသာသွားလိုက်ပါတဲ့။

ကိုယ့် ခေါ်ရင်ကိုယ့်သွားလိုက်ပေါ့တဲ့။ သွားလိုက်ပြီးတော့ ရှင်းလိုက်ရင် ပြီးသွားပါတယ်တဲ့။ ဒီကိစ္စက ရဲနဲ့လည်း မဆိုင်ပါဘူး။ ရဲအရေးပိုင်တဲ့ အမှုလည်းမဟုတ်ဘူးတဲ့ ရွေးကောက်ပွဲကော်မ ရှင် ရွေးကောက်ပွဲဆိုင်ရာဥပဒေဟာ အရပ်ဥပဒေနဲ့ မတူပါဘူးတဲ့။

ရွေးကောက်ပွဲဆိုင်ရာဥပဒေမှာ ဘာပါလည်းလဲဆိုတော့ မဲရုံမှူးဟာ ဒီအလုပ်ကို လုပ်တဲ့အခါမှာ ကြိုတင်ကြံစည်တာမဟုတ်ဘဲနဲ့ လတ်တလောပြဿနာကိုဖြေရှင်းတာဆိုရင် ပြစ်မှုမမြောက်ဘူးတဲ့ သွားပြောလိုက်ရင် ပြီးပါပြီတဲ့ သွားလိုက်ပါဆို ဘယ်သူမှ မလိုက်ဘူး။

ကျွန်မနောက်ကို အဲဒီအထိ ဘာမှ မလိုက်ဘဲနဲ့ ကိုယ်ဟာကိုယ်လုပ်ရင်းလုပ်ရင်းနဲ့ အခုတရားရုံးရောက်သွားပြီပေါ့။ ကိုယ်ဟာကိုယ့်ပဲ အဲဒီမြို့နယ်ကော်မရှင်ကို သွားပြီးတော့ ကျွန်မတိုင်စာကြားစာထပ်တင်တယ်။ ခရိုင် တိုင်း ထပ်တင်တယ်။ ဘာမှဖြစ်မလာဘူး။ ဘာမှဖြစ်မလာဖြစ်မလာဘဲနဲ့ အဲဒီလိုမျိုးပေါ့နော်။ ဖြေရှင်းလိုက်ရင်ပြီးပါတယ်။ ဖြေရှင်းလိုက်ရင်ပြီးပါတယ်နဲ့ပဲ။ အခုတရားရုံးက ဇန်နဝါရီ ၂၅ရက်နေ့ထပ်ပြီးတော့ ရုံးတက်ရမယ်ပေါ့။

မေး။ ။ဘယ်နေ့က တရားစွဲတာလဲဆရာမကိုလေ။

ဖြေ။ ။ ကျွန်မကို တရားစွဲတာက ၁၁ ရက်နေ့ ။ အဲဒါကို ကျွန်မကို ဘယ်လိုထည့်ထားလဲဆိုတော့ ၅၉ အဲဒီကောင်မလေး ၅၉(ဇ)က ကိုယ်စားမဲပေးတာ ၅၉ (ဇ)မှာ ကျွန်မကို ကြိုတင်ပူးပေါင်းကြံစည်ဆို ပြီးထည့်ထားတာ ကြိုတင်ပူးပေါင်းကြံစည်ရအောင် မဲအရေအတွက်အများကြီးလည်းမဟုတ်ဘူး။

ထည့်ပြီးသားကိစ္စကို ကျွန်မတို့ ဘယ်လိုလုပ်မလဲ။ ကျွန်မတို့ မဲပြီးတဲ့အထိ ညဘက်မှာ ကျွန်မတို့ အရင်ဆုံး ကြိုတင်မဲကိုဖောက်တာ ကြိုတင်မဲကို ကျွန်မတို့ အရင်ဆုံးရေတယ်ပေါ့။ရေတဲ့အခါကြတော့ အဲဒီ လွှတ်တော်သုံးရပ်မှာ ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က မဲအရေအတွက်ညီတယ်။ တိုင်းဒေသကြီးလွှတ်တော်မှာမဲနှစ်စောင်လျော့တယ်။

အဲဒီအထိ ကျွန်မအပါအဝင် ဆရာမတွေ အားလုံးစိတ်မှာ ဒီလွှတ်တော်သုံးရပ်မှာ မဲသုံးပုံးညီရမယ်ဆိုတာ အဲဒီ ပျောက်တဲ့မဲနှစ်စောင်ကို ကျွန်မတို့ အသေရှာတာ ဟိုဟာလောက်ကြာတယ် တစ်နာရီနီးပါးလောက်ကြာတယ်။ ဒီအထိ ကျွန်မတို့ မသိဘူးလေ။

ကျွန်မတို့ စိတ်ထဲမှာ ဒီလွှတ်တော်သုံးရပ်ဆိုရင် မဲသုံးပုံးညီရမယ် ဒီအသိပဲရှိတာ အဲဒီတော့ ကျွန်မတို့ကို ဘာမှမပြောဘဲနဲ့ ဘယ်လို ဖြစ်နေလဲဆိုတော့ ဘယ်လိုခေါ်မလဲ သွားနင်လုပ်ချီဆိုပြီးတော့ အဲဒီ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အဲဒီကလေးလုပ်တဲ့အဲဒီ အခု ကိုယ်စား လှယ်ပေါ့။ အဲဒီကလေးတွေ ပါးစပ်က ဘယ်လိုပြောလဲဆိုတော့ ကျွန်တော်တို့က ထိုင်ကြည့်နေမှာဖြစ်မှာတဲ့ ထိုင်ကြည့်နေမှ အဲဒီ အပြစ်ကို ကျွန်မတို့ အပြစ်တွေကို မြင်တဲ့ ထိုင်ကြည့်ရင်တော့ မြင်တာပေါ့နော်။

ကျွန်မတို့ကတော့အမှန်လုပ်လိုက်တာပေါ့။ သူတို့ဘက်က အပြစ်ထိုင်ကြည့်တဲ့လူကတော့ ဆရာရယ် ဆရာလည်း ထိုင်ကြည့်ကြည့်ပေါ့။ ဟုတ်တယ်မို့လား လူတစ်ယောက်ခိုင်းပြီး ထိုင်ကြည့်ကြည့်လေ အပြစ်ကတော့ ရှိမှာပေါ့။ သူရဲ့ အမြင်နဲ့ ကိုယ့်အမြင်နဲ့ အမြင်မတူတာပေါ့။ အဲဒီအမြင်မတူတာနဲ့ အယ် ရှေ့လျောက် ကျွန်မကတော့ မညစ်တော့ဘူးပေါ့။

အစကတော့ တော်တော်ရှက်လည်း ရှက်တယ်။ ရှက်လည်းရှက်တယ် အားလည်းငယ်တယ်။ဘာဖြစ်လို့လဲဆိုတော့ တကယ်ဖြစ်လာတဲ့အခါကျတော့ ကိုယ်နောက်က တစ်ယောက်မှလိုက်မဲ့သူမရှိဘူး။ ကျွန်တော်နဲ့ မဆိုင်ဘူးကြီး ဘူးခါနေတာ ရပ်ကျေးဥက္ကဋ္ဌကလည်း ကျွန်တော်နဲ့မှမဆိုင်တာတဲ့ ကိုယ်ဘာကိုယ်သွားရှင်းလိုက်ပေါ့။

ကော်မရှင် ဥက္ကဋ္ဌ ရပ်ကျေးပေါ့နော်။ ကော်မရှင် ဥက္ကဋ္ဌ အတွင်းရေးမှူး တောက်လျောက်ကို ကျွန်မပြောတာသွားပြောတာ။ အင်းတဲ့ သူတို့က ဘာထပ်ပြောလဲဆိုတော့ မဲရုံထဲမှာ ရွေးကောက်ပွဲနေ့မှာတဲ့ မဲရုံမှူးရဲ့ ဆုံးဖြတ်ချက်အမှန်လေတဲ့။

အမှန်ဆိုရင် ငါဘာကိစ္စ ရဲစခန်းရောက်ရမှာလည်း အခုဘာလို့ရောက်တာလဲ။ အဲဒီတော့ ဥပဒေတွေက ဘာတွေလဲ။ တစ်ခါ မြို့နယ်ကော်မရှင်ကို သွားပြောတဲ့အခါ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌက ဘာပြောလဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေနဲ့ အရပ်ဥပဒေနဲ့မတူပါဘူးတဲ့ ရွေးကောက်ပွဲဥပဒေက အဲဒီလိုပေါ့ ကြိုတင်ကြံစည်တာမဟုတ်ပဲနဲ့ သူ့ပါးစပ်ကကို ပြောလိုက်တာပါ။

ကြိုတင်ကြံစည်တာမဟုတ်ဘဲနဲ့ ကျွန်မလည်းအခေါက်ခေါက်အခါခါပေါ့နော်။ ကိုယ့်ငွေတွေလည်း တော်တော်ကုန်ပါပြီ။ ဟို ပုသိမ်မြို့ပေါ်မှာဖြစ်တာမဟုတ်ဘဲနဲ့ ကိုယ့်ကနယ်ကနေသွားရတဲ့အခါကတော့ ကိုယ့်စရိတ်ကိုယ်စားပြီးတော့ အိမ်မှာလည်း တော်တော်ကြီးအပြောခံနေရတယ်။

မေး။ ။တရားစွဲသူက ဘယ်သူလဲ။

ဖြေ။ ။အဲဒီ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဟိုဟာပေါ့ အခု ကိုယ်စားလှယ် မိုးဝင်းဦးပေါ့။

မေး။ ။ တရားရုံးမှာရော စွဲထားတဲ့ ပုဒ်မက ဘာပုဒ်မလဲ။

ဖြေ။ ။ကျွန်မကို ရာဇသတ်ကြီးပုဒ်မ ၁၀၉(အားပေးကူညီမှု) တဲ့ ကျွန်မဘာမှန်းတောင်မသိဘူး။

မေး။ ။ဆရာမအနေနဲ့အမှုကို ရှေ့ဆက်ပြီး ရင်ဆိုင်ဖို့ ဘာတွေ ပြင်ဆင်ထားလဲ။

ဖြေ။ ။ရှေ့ဆက်ကတော့ တော်တော်စိတ်ကုန်သွားတယ်လို့ပြောရမှာပေါ့နော်။တော်တော်ကြီးကို စိတ်ကုန်သွားပြီ ကျွန်မ ၂၀၁၀၊ ၂၀၁၅ အခု ၂၀၂၀ပေါ့။ တောက်လျောက်မှာ ဟို မဲရုံတာဝန်တွေ ထမ်းဆောင်ခဲ့ တယ်ပေါ့။ အရင်အရင်တုန်းက ဒီလိုမဖြစ်ခဲ့ပါဘူး။

ဒီလိုအမှားသေးသေးလေးတွေ လုပ်ရင်းနဲ့ အဲဒီလိုမျိုး အခုလိုမျိုး လုပ်တဲ့အလုပ်ဟာ ဟိုပေါ့ အများသဘောတူညီ ပွင့်လင်းမြင်သာ ပွင့်လင်းမြင်သာလို့ အဓိကပြောထားတာကို ကျွန်မတို့ ပွင့်လင်းမြင်သာစွာလုပ်ခဲ့တယ်။ ဘာဖြစ်လဲဆိုတော့ Hall လိုအခန်းဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမလုပ်လို့လည်းမရဘူးလေ။

ကျွန်မက ကြိတ်သွားပြီးတော့ တိုးတိုးတိတ်တိတ် လုပ်လို့ရတဲ့အလုပ်မဟုတ်ဘူး။ အများရှေ့မှာလုပ်ရတဲ့အတွက် ကျွန်မတို့ လုပ်နေတဲ့အလုပ်က ပွင့်လင်းမြင်သာလို့ပဲကျွန်မတို့ သဘောရိုးနဲ့ပေါ့။ ကျွန်မတို့လုပ်ခဲ့ကြတယ်။ မှားရင်တောင်မှ သူတို့ဘက်က အမှားလို့မြင်ရင်တောင်မှ ကျွန်မတို့ရဲ့အမှားက သဘောရိုးနဲ့ မှားတဲ့ အမှားပဲဖြစ်တယ်။ ဒီလောက်ကြီး ကြီးကြီးကျယ်ကျယ် ဖြစ်သွားလိမ့်မယ်လို့ ကျွန်မလုံးဝမထင်ဘူး။

မေး။ ။ ဖြည့်စွက်ပြောချင်တာ ရှိပါသလား။

ဖြေ။ ။ဖြစ်စေချင်တာကပေါ့နော်။ ဟို နိုင်ငံတော်ကို အုပ်ချုပ်တဲ့ ဒါအစိုးရပေါ့ အကုန်လုံးပေါ့ ဟိုပေါ့။ ဘာတွေပဲအရောင်ကွဲကွဲ ဟို ငါတို့လူမျိုး ငါတို့ နိုင်ငံသားဆိုတဲ့စိတ်ဓာတ်နဲ့ ကိုယ်ပြည်ကြီးကောင်းအောင် တိုးတက်အောင် ဝိုင်းဝန်းပြီး ကြိုးစားစေချင်တယ်။ သူတစ်လူငါတစ်မင်းနဲ့ အစိတ်စိတ်အမွှာမွှာကွဲရင် ဟို ကိုယ့်နိုင်ငံဟာ တဖြည်းဖြည်းနဲ့ တိုးတက်ရမယ့်အစား ဆုတ်ယုတ်သွားတာမျိုး မလိုချင်ဘူးပေါ့နော်။

ဖြစ်စေချင်တာကတော့ ဘယ်လိုအရောင်အသွေးတွေပဲကွဲကွဲ အကုန်စည်းစည်းလုံးလုံးညီညွတ် တိုင်းပြည်ကြီး ဟို တိုင်းပြည်မျက်နှာကိုကြည့်မယ်။ ကျွန်မတို့ ပြည်သူတွေ့ရဲ့ မျက်နှာကိုကြည့်မယ်။ အခု ကျွန်မတို့ကဘာလဲဆိုတော့ ဘယ်သူလာနင်းနင်း အနင်းခံရတဲ့ နင်းပြားဘ၀ ပညာရေးဝန်ထမ်း နင်းပြားဘဝဖြစ်နေ ဒီနင်းပြားဘဝကို ဘာပဲပြောပြော ဒီပညာရေးဝန်ထမ်းတွေရှိနေလို့လည်း ဒီကလေးတွေရဲ့ အနာဂတ်တွေ ကောင်းမွန်တာပေါ့နော်။

အဲဒီတော့ ဒီအနာဂတ်ကို အောင်မြင်အောင်ဖော်ဆောင်နေတာ ဆရာတွေအခန်းကဏ္ဍကရှေ့ဆုံးကပါတယ်။အဲဒီ ဆရာတွေအခန်းကဏ္ဍကမှာ ဆရာတွေဟာ ကျွန်မတို့ရဲ့ အလုပ်တင်မဟုတ်ပဲ ဘယ်အလုပ်မဆို ဘယ်အလုပ်ပဲခိုင်းခိုင်း အပိုအလုပ်တွေ ကျွန်မတု့ိ အကုန်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့ဘက်ကိုလည်း သနားငဲညှာသောအားဖြင့် ပြန်ပြီးတော့ ကြည့်ပေးကြပါအုံးလို့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts