Local News Peace political news

ကျောက်ကြီးတွင် KNU နှင့် တပ်မ တော် တိုက်ပွဲဖြစ်ပွားမှု ပိုမိုများပြားလာပြီး စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ရှိလာ

ကျောက်ကြီးတွင် KNU နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားမှု ပိုမိုများပြားလာပြီး စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ရှိလာ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ၊ ကျောက်ကြီးမြို့နယ်အတွင်းတွင် KNU ကရင်အမျိုး သားအစည်းအရုံး လက်အောက်ခံ တပ်မဟာ ၃ နှင့် တပ်မတော်တို့အကြားတိုက်ပွဲဖြစ်ပွားမှု ပိုမို များပြားလာပြီး စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်ရှိလာကြောင်း ဒေသခံများနှင့် ကရင်လူငယ်ကွန်ရက်ထံမှ စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်းအတွင်း KNU တပ်မဟာ ၃ နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ထိတွေ့ ဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း၊ မူလက တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူ ၅၀၀ ကျော်ခန့်သာ ရှိရာမှ လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူ ၁၀၀၀ ကျော်ရှိလာကြောင်း၊ ကျောက်ကြီးနယ်မြေအတွင်းရှိ ကျေးရွာလူကြီးများနှင့် ဖုန်းအဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း ကျောက်ကြီးဒေသခံများထံမှ သိရှိရသည်။

ကျောက်ကြီးဒေသခံတစ်ဦးဖြစ်သူ စောနိုဗယ်က “အခုလက်ရှိကတော့ တိုက်ပွဲကတော့ ဖြစ်နေတာပေါ့။ အခုအခြေအနေက ရွာလူကြီးနဲ့ ဆက်သွယ်တာ ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။ အဆက် အသွယ်ပြတ်တောက်နေတယ်။ အဓိက ၁၉ ရက်ဟိုဘက်ကတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ နေ့တိုင်းလည်းဖြစ်တယ်။ လက်ရှိကတော့ ဒေသခံရွာသားတွေကို အချိတ်အဆက်မမိဘူး။အဆက်အသွယ်လုပ်လို့မရတာ ၃ ရက်လောက်ရှိနေပြီ။ တိုက်ပွဲတွေကတော့ ဖြစ်နေတယ်။ လက်ရှိကျေးရွာ ၅ ရွာက လူဦးရေ ထောင်ကျော်နေပြီ စစ်ဘေးရှောင်တာက ” ဟု ပြောဆိုသည်။

ကရင်လူငယ်ကွန်ရက်(ရန်ကုန်)၏ ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်ချိုကမူ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် KNU တပ်မဟာ ၅ နယ်မြေဘက်တွင် တိုက်ပွဲများ လျှော့ကျသွားသော်လည်း ပဲခူးတိုင်းကျောက်ကြီး KNU တပ်မဟာ ၃ နယ်မြေဘက်တွင် တိုက်ပွဲများ အရှိန်မြင့်တက်လာနေ ကြောင်း၊ စစ်ဘေးရှောင်အရေအတွက်လည်း တိုးလာနေပြီး စစ်ဘေးရှောင် စုစုပေါင်း ၅၀၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း ပြောဆိုသည်။

“တပ်မတော်က လမ်းဖောက်ချင်နေတဲ့ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် KNU အုပ်ချုပ်ရေးနယ်မြေ၊ ကျောက်ကြီးဘက် မူသဲရွာကားလမ်းမတစ်လျောက် တိုက်ပွဲတွေဖြစ်နေတယ်။ ပြင်းထန်တယ်လို့ သိရပါတယ်။ ကျောက်ကြီးဘက်မှာ စစ်ဘေးရှောင်က ၅၀၀ လောက်နေ အခုကတော့ ၁၀၀၀ ကျော်ပြီလို့ ပြောလို့ရတယ်။ တပ်မတော်ဘက်က လမ်းဖောက်ချင်တဲ့နေရာတွေမှာ ထိတွေ့မှုတွေ ပိုဖြစ်နေတာ။ လတ်တလောပေါ့ ပြည်သူတွေ ထိခိုက်တာမျိုးတော့ မကြားရသေးဘူး”ဟု စောအဲလ်ဘတ်ချိုက ပြောဆိုသည်။

လက်ရှိ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသော KNU လက်အောက်ခံ တပ်မဟာ များနှင့် တပ်မတော်အကြား တိုက်ပွဲများမှာ ဆွေးနွေးမှု တစ်စုံတစ်ရာ မလုပ်ပါက ရပ်တန့်မည့် အခြေအနေမရှိကြောင်း၊ အစိုးရအနေဖြင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေမှုကို ရပ်တန့်ရန် တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိကြောင်း၊ တပ်မတော်၏ စစ်အသုံးစရိတ်ကို လွှတ်တော်က အတည်ပြုခြင်းဖြစ်၍ အစိုးရအနေဖြင့် ဟန့်တားပြောဆိုရန် တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

KNU တပ်မဟာ ၅ ၊ တပ်မဟာ ၁ ၊ တပ်မဟာ ၃ နယ်မြေများတွင် တပ်မတော်နှင့် တောက် လျှောက်ဆိုသလို ထိတွေ့မှုဖြစ်ပွားလျက်ရှိပြီး ကရင်တိုင်းရင်းသား ဒေသခံပြည်သူများကလည်း တပ်မတော်တပ်စခန်းများ ရုပ်သိမ်းရေးနှင့် NCA အပစ်ရပ်စာချုပ် ခိုင်မာရေး ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts