All News Inequality Local News

ကိုဗစ်ကြောင့် ဆုံးရှုံးမှုများ ကုစားရာတွင် သူဌေးများက အချိန်တိုအတွင်း ပြန် နာလန်ထူသော်လည်း ဘီလီယံချီသော ကမ္ဘာ့ပြည်သူများ ဆယ်စုနှစ်တစ်ခုစာ ဆင်းရဲမွဲတေနေမည်

ကိုဗစ်ကြောင့် ဆုံးရှုံးမှုများ ကုစားရာတွင် သူဌေးများက အချိန်တိုအတွင်း ပြန် နာလန်ထူသော်လည်း ဘီလီယံချီသော ကမ္ဘာ့ပြည်သူများ ဆယ်စုနှစ်တစ်ခုစာ ဆင်းရဲမွဲတေနေမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကမ္ဘာပေါ်ရှိအချမ်းသာဆုံးလူ ၁၀၀၀ သည် ကိုးလအတွင်းသူတို့၏ COVID-19 ကြောင့် ဆုံးရှုံးခဲ့မှုများကို ပြန်လည်ကုစားနိုင်ခဲ့သော်လည်း ဘီလီယံနှင့်ချီသော ကမ္ဘာ့အဆင်းရဲဆုံးသူများမှာ ကူးစက် ရောဂါ၏စီးပွားရေးသက်ရောက်မှုများမှ နာလန်ထူနိုင်ရန်ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်နိုင်ကြောင်း Oxfam ၏အစီရင်ခံစာသစ်က ဖော်ပြသည်။

‘The Inequality Virus’ အမည်ရှိ အစီအရင်ခံစာကိုကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲနေ့တွင် ထုတ်ပြန်ခဲ့သည်။ COVID-19 သည် နိုင်ငံအားလုံးနီးပါးတွင် စီးပွားရေးမညီမျှမှုကို တပြိုင်နက်တည်းတိုးမြှင့်စေနိုင်သည့် အလားအလာရှိသည်ဟု အစီရင်ခံစာကဖော်ပြပြီး ဤသည်မှာ မှတ်တမ်းများအရ လွန်ခဲ့သော ရာစုနှစ် တစ်ခုကျော်အတွင်းပထမဆုံးအကြိမ်ဖြစ်ပေါ်ခြင်းဖြစ်သည်။

မညီမျှမှုမြင့်တက်လာခြင်းဆိုသည်မှာ Covid-19 ကူးစက်ရောဂါမတိုင်ခင်အခြေအနေကို ပြန်ရောက်ရန် ဆင်းရဲတွင်းထဲတွင်နေထိုင်နေရသူများအတွက် အချမ်းသာဆုံး ထိပ်တန်းအယောက် ၁၀၀၀ စာရင်းဝင်ဘီလျံနာများ (အများစု လူဖြူအမျိုးသားများ)ထက် ကြာချိန် ၁၄ ဆ ပိုကြာနိုင်သည်။

Oxfam က ပြုလုပ်သော Jeffrey Sachs၊ Jayati Ghosh နှင့် Gabriel Zucman တို့အပါအ၀င် နိုင်ငံပေါင်း ၇၉ နိုင်ငံမှစီးပွားရေးပညာရှင် ၂၉၅ ဦး ပါဝင်ဖြေဆိုထားသော ကမ္ဘာလုံးဆိုင်ရာသုတေသနစစ်တမ်းသစ်အရ ဖြေဆိုသူများအနက် ၈၇ ရာခိုင်နှုန်းသည် ကူးစက် ရောဂါ ၏အကျိုးဆက်အနေဖြင့် ၎င်းတို့၏ နိုင်ငံတွင် ဝင်ငွေမညီမျှ ပိုမိုတိုးမြင့်လာမည်ဟုမှန်းဆကြသည်။

Oxfam၏အစီရင်ခံစာအရ ကြီးမားသောစီးပွားပျက်ကပ်ဖြစ်နေစဥ်တွင် သန်းနှင့်ချီသောလူများမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရသော်လည်း ချမ်းသာကြွယ်ဝသောအထက်တန်းလွှာလူတန်းစားများအတွက်မူ ချမ်းသာကြွယ်ဝမှုကိုဆက်လက်ရရှိစုဆောင်းနိုင်စေရန် လက်ရှိစီးပွားရေးစနစ်က ဖန်တီးပေးထားသည်ကို ထောက်ပြလျက်ရှိသည်။

အဆိုပါအစီအရင်ခံစာတွင် ကပ်ရောဂါသည် စီးပွားရေးကွာဟမှု၊ လူမျိုးရေးနှင့် ကျား-မ ခွဲခြားမှုကိုပိုမိုနက်ရှိုင်းစေသည်ကို ထုတ်ဖော်ထားသည်။အချမ်းသာဆုံးသူများအတွက် စီးပွားရေးကျဆင်းမှုကာလမှာ ကျော်လွန်ပြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူဆယ်ဦးသည်ကူးစက်ရောဂါစတင်ခဲ့သည့် အချိန်မှစ၍ စုစုပေါင်းကြွယ်ဝမှု ဒေါ်လာ တစ်ထရီလီယံ တိုးလာသည်ကိုတွေ့မြင်ခဲ့ရသည်။

ယင်းမှာ ကမ္ဘာပေါ်ရှိလူတိုင်းအတွက် COVID-19 ကာကွယ် ဆေးကို ဝယ်ပေးနိုင်မည်ဖြစ်ပြီး၊ မည်သူ တစ်ဦးတစ်ယောက်မှ ကပ်ရောဂါကြောင့် ဆင်းရဲမွဲတေမှုသို့ မရောက်ရှိစေရန် သေချာစေသောပမာဏဖြစ်သည်။

တချိန်တည်းမှာပင်ကူးစက်ရောဂါသည်နှစ်ပေါင်း ၉၀ အတွင်းအဆိုးရွားဆုံးသောအလုပ်အကိုင် အကြပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပြီး သန်းပေါင်းရာနှင့်ချီသောလူများသည် ယခုအချိန်တွင် လစာမဲ့ (သို့) အလုပ်လက်မဲ့ဖြစ်နေကြရသည်။ ဥရောပရဲ့ဘီလျံနာ ၃၀၅ ယောက်၏ပိုင်ဆိုင်မှုများသည် မတ်လမှစပြီး ယူရိုဘီလီယံ ၅၀၀ နီးပါးတိုးမြှင့်လာတာကို တွေ့မြင်ခဲ့ရသည်။ အဆိုပါ ပမာဏသည် ဥရောပ၏အဆင်းရဲဆုံး ၁၀ ရာခိုင်နှုန်းတွင်ရှိသော တစ်ဦးချင်းစီအတွက် ၁၁,၀၉၂ ယူရိုချက်လက်မှတ်တစ်ခုရေးဖို့လုံလောက်ပါသည်။

အမျိုးသမီးများသည် ထပ်မံ၍ ထိခိုက်မှုအများဆုံးခံရသည်။ ကမ္ဘာအနှံ့တွင်အမျိုးသမီးများသည် ကူးစက်ရောဂါ ဖြစ်ပွားမှုဒဏ်အခံရဆုံးဖြစ်သည့် လစာနည်းပါးသောမရေရာသည့်အလုပ်များတွင် အများအပြားရှိနေပါသည်။ အကယ်၍ အမျိုးသမီးများသည် အဆိုပါ ကဏ္ဍများတွင် အမျိုးသားများနှင့် တူညီသောကိုယ်စားပြုခြင်းကို ရရှိပါက အမျိုးသမီး ၁၁၂ သန်းသည် သူတို့၏ ၀င်ငွေသို့မဟုတ်အလုပ်အကိုင်ဆုံးရှုံးခြင်း အန္တရာယ် ရှိတော့မည် မဟုတ်ပါ။

အမျိုးသမီးများသည် များသောဖြင့် လစာကောင်းကောင်းမရသော၊ မရှိမဖြစ်လိုအပ်သော၊ Covid-19 ကူးစက်မှုကို ခံရနိုင်သော ကမ္ဘာ့ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုလုပ်သားအင်အားတွင် ၇၀ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိသည်။

မညီမျှမှုသည် ဘဝများစွာကို ဆုံးရှုံးစေပါသည်။ နိုင်ငံတွင်းရှိဆင်းရဲသောဒေသများ ဥပမာ ပြင်သစ်နှင့်စပိန်ရှိ ဆင်းရဲသောဒေသများတွင် ကူးစက်မှုနှုန်းနှင့် သေဆုံနှုန်းပိုများ၍ အင်္ဂလန်နိုင်ငံ၏ အဆင်းရဲဆုံးဒေသများတွင် သေဆုံးမှုနှုန်းသည် အချမ်းသာဆုံးသောဒေသများထက်နှစ်ဆပိုများသည်။ အီးယူတွင် အမြင့်ဆုံးလစာရရှိနေ သည့် ၀န်ထမ်းများ၏ ၇၄ ရာခိုင်နှုန်းသည် အိမ်မှအလုပ်လုပ်နိုင်စဥ်တွင် အနိမ့်ဆုံးလုပ်သားများအနက် ၃ ရာခိုင်နှုန်းသာ အိမ်မှအလုပ်လုပ်နိုင်သဖြင့် ၄င်းတို့မှာ COVID-19 ကူးစက်မှုအန္တရာယ်ပိုများသည်။

မျှတသောစီးပွားရေးများသည် COVID-19 မှ လျင်မြန်စွာစီးပွားရေးပြန်လည်နာလန်ထူရန်သော့ ချက်ဖြစ်သည်။ ကူးစက်ရောဂါဖြစ်ပွားမှုကာလအတွင်း ဝင်ငွေအများဆုံးရရှိခဲ့သည့် ကမ္ဘာတဝှမ်းမှကော်ပိုရေးရှင်း ၃၂ ခုမှ ရရှိသော အမြတ်အစွန်းအပေါ် ယာယီအခွန်ကောက်ခံခြင်းသည် ၂၀၂၀ ခုနှစ်တွင်ဒေါ်လာ ၁၀၄ ဘီလီယံအထိ ရရှိနိုင်သည်။

၎င်းသည် လုပ်သားအားလုံးအတွက် အလုပ်လက်မဲ့အကျိုးအမြတ်များ၊ ဝင်ငွေနိမ့်နှင့် အလယ် အလတ်ဝင်ငွေနိုင်ငံများရှိ ကလေးများနှင့်သက်ကြီးရွယ်အိုများအတွက်ငွေကြေး အထောက်အပံ့များကို လုံလောက်စေသည်။ အီးယူတွင် ထိုပမာဏသည် ကူးစက်ရောဂါကြောင့်အလုပ်လက်မဲ့နှင့် ဝင်ငွေဆုံးရှုံးမှု အန္တရာယ်တွင် ကျရောက်နေသည့် ဥရောပတိုက်သားများအတွက် အီးယူ၏ ဘဏ္ဍာရေး ထောက်ပံ့မှုအစီအစဉ် ပမာဏနီးပါးညီမျှသည်။

Oxfam International ၏အမှုဆောင်ဒါရိုက်တာ Gabriela Bucher က “စတင်ပြီး မှတ်တမ်းပြုကတည်းက မညီမျှမှုမြင့်မားလာတာကို ကျွန်မတို့မြင်တွေ့ရပါတယ်။ ချမ်းသာသူနှင့် ဆင်းရဲသူများအကြား နက်ရှိုင်းစွာကွဲလွဲမှုသည် ဗိုင်းရပ်စ်ကဲ့သို့ သေစေနိုင်ကြောင်းသက်သေပြနေပါတယ်။တစ်ဖက်စောင်းနင်းတဲ့ စီးပွားရေးစနစ်ဟာ ချမ်းသာကြွယ်ဝတဲ့အထက်တန်းလွှာတွေဆီကို ချမ်းသာကြွယ်ဝမှုကို ပိုမိုမောင်းနှင်ပေးနေတာပါ။ ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကပ်ဘေးကာလကို ဇိမ်ရှိရှိဖြတ်သန်းနေချိန်မှာ ကပ်ရောဂါကြီးရဲ့ ရှေ့တန်းကနေရှိနေတဲ့ ဆိုင်ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စျေးဆိုင်ရှင်တွေက အခွန်အခတွေပေးဖို့၊ စားစရာရှိဖို့ ရုန်းကန်နေရပါတယ်။” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “အမျိုးသမီးများနှင့်ဘေးဖယ်ခံထားရသောလူမျိုးစုတွေဟာ ဆင်းရဲတွင်းနက်ကာ ဆာလောင်မွတ်သိပ်မှု ပိုများလာပြီးကျန်းမာရေးစောင့်ရှောက်မှုကနေ ဖယ်ထုတ်ခံရဖို့များပါတယ်။ အလွန်အမင်းမညီမျှမှုသည် မလွှဲမရှောင်သာဖြစ်သော်လည်း မူဝါဒရွေးချယ်မှုပေါ်မှာ မူတည်တာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းရှိအစိုးရများသည် ဆင်းရဲနွမ်းပါးမှုအဆုံးသတ်ရေးနှင့်ကမ္ဘာကို ကာကွယ်နိုင်ရန်အတွက် ပိုမိုတန်းတူညီမျှသည့်၊ ပိုမိုပါ၀င်သည့်စီးပွားရေးများကိုတည်ဆောက်ရန် ဤအခွင့်အရေးကိုအသုံးချရပါမယ်။” ဟုဆိုသည်။

မညီမျှမှုများကို တိုက်ဖျက်ရာတွင် စီးပွားရေးအရ နာလန်ထူရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများက အဓိကကျသည်ဟုသူက ဆိုသည်။

“မညီမျှမှုကိုတိုက်ဖျက်ရေးသည် စီးပွားရေးအရ နလန်ထူရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အဓိကကျပါတယ်။ အစိုးရများအနေဖြင့် အလုပ်လက်မဲ့ ဖြစ်သွားသူတိုင်း COVID-19 ကာကွယ်ဆေးနှင့် ငွေကြေးအထောက်အပံ့များရရှိရန်သေချာစေရပါမယ်။ သန်းနှင့်ချီသောအလုပ်အကိုင်အသစ်များဖန်တီးရန်၊ လူတိုင်းအတွက်ကောင်းမွန်သောပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုရရှိစေရန် အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုများနှင့်ကာဗွန်ထုတ်လွှတ်မှုနည်းသောကဏ္ဍများတွင်ရင်းနှီးမြှုပ်နှံရပါမယ်။ အချမ်းသာဆုံးပုဂ္ဂိုလ်များနှင့်ကော်ပိုရေးရှင်းများအနေဖြင့် ၄င်းတို့အတွက် အခွန်အခများကို မျှတစွာပေးဆောင်ရန် အစိုးရများက သေချာစွာ လုပ်ဆောင်ရပါမယ်။ဒီအစီအမံတွေဟာ ယခုလို ခက်ခဲနေတဲ့ကာလအတွက် ဆေးမီးတို ဖြေရှင်းတာတင်မဟုတ်ဘဲ အနည်းစုသော အခွင့်ထူးခံလူတန်းစားတွေသာမက လူသားအားလုံးရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့ “new normal” ဖြစ်ရပါမယ်။”ဟု ၎င်းက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts