All News Health Local News

ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲထိုးနှံမည့် ပထမဦးစားပေးအုပ်စုတွင် ကျန်း မာရေးဝန်ထမ်း၊ အစိုးရးအဖွဲ့ဝင်နှင့်ဝန်ထမ်းများ၊ လွှတ်တော်အမတ်များ ပါဝင်မည်

ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲထိုးနှံမည့် ပထမဦးစားပေးအုပ်စုတွင် ကျန်းမာရေးဝန်ထမ်း၊ အစိုးရးအဖွဲ့ဝင်နှင့်ဝန်ထမ်းများ၊ လွှတ်တော်အမတ်များ ပါဝင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး အလုံးရေး ၁ သန်းခွဲ ယနေ့ ရောက်ရှိမည်ဖြစ်ပြီး ကာကွယ် ဆေး ထိုးနှံမည့် ပထမ ဦးစားပေးအုပ်စုတွင် ကျန်းမာရေးဝန်ထမ်း၊ အစိုးရဝန်ထမ်းနှင့် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ပြည်သူ့သို့ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်းသည့် မိန့်ခွန်းပြောဆိုစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲသည် နှစ်ကြိမ်ထိုးနှံရမည်ဖြစ်၍ လူဦးရေ ၇ သိန်းခွဲ အတွက် လုံလောက်မည်ဖြစ်ကြောင်း၊ ပထမတစ်ကြိမ် ထိုးပြီး ၂၈ ရက်အကြာ နောက် တစ်ကြိမ် ထပ်မံ ထိုးနှံရမည်ဖြစ်ကြောင်း၊ ပထမဦးစားပေးရမည့်သူများတွင် ကျန်းမာရေး ဝန်ထမ်းများ၊ အစိုးရ အဖွဲ့ဝင်နှင့် ဝန်ထမ်းများ၊ လွှတ်တော်အမတ်များ ပါဝင်မည်ဖြစ်ကြောင်း သူက ပြောသည်။

“ပထမဦးဆုံး ဦးစားပေး၇မှာက ရှေ့တန်းမှာ လုပ်ဆောင်နေတဲ့ ကျမတို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ။ ဒါကတော့ ကျမတို့ ပြည်သူအားလုံးကလည်း သဘောတူလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။ ရှေ့တန်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေပေါ့။ ကျန်းမာရေး ဝန်ထမ်းတွေထဲမှာ အခုဆိုရင် စေတနာ့ ဝန်ထမ်းတွေပါ ထည့်တွက်ပါတယ်။ နောက်ဒုတိယကတော့ ကျမတို့ အစိုးရအဖွဲ့ထဲက အဓိကျတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ဆေးထိုးပေးမှာပါ။ အဓိကကျတဲ့ အစိုးရဝန်ထမ်းတွေနဲ့ အစိုးရအဖွဲ့ဝင်တွေပေါ့။ အားလုံးပေါင်းလိုက်ရင် သိပ်လည်းများမှာ မဟုတ်ဘူး။ ပထမအုပ်စုထဲတော့ ကျမတို့ ဝင်သွားပါလိမ့်မယ်။ ပထမအုပ်စုထဲမှာ နိုင်ငံ့ယန္တရားအတွက် အရေးကြီးတယ်ဆိုတဲ့ အုပ်စုထဲမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များလည်း ကျမတို့ ထည့်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လာမည့်ရက်များအတွင်း ကာကွယ်ဆေးထိုးနှံမှုများကို အသုတ်လိုက် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ အဆိုအရ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts