All News Business Local News

ကိုဗစ်ကပ်ဘေးကာလ အထည်ချုပ် အလုပ်သမား သိန်းဂဏန်းနီးပါး အလုပ်လက်မဲ့ဖြစ်၊ အလုပ်သမားများ စားဝတ်နေရေး ခက်ခဲလာ

ကိုဗစ်ကပ်ဘေးကာလ အထည်ချုပ် အလုပ်သမား သိန်းဂဏန်းနီးပါး အလုပ်လက်မဲ့ဖြစ်၊ အလုပ်သမားများ စားဝတ်နေရေး ခက်ခဲလာ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ကိုဗစ်ကပ်ဘေးကာလ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံပေါင်း ၆၀ ကျော် ပိတ်သိမ်းသွားပြီး အလုပ်သမား သိန်းဂဏန်းနီးပါး အလုပ်လက်မဲ့ဖြစ်လာကြောင်း အလုပ်သမားအရေးတက်ကြွ လှုပ်ရှားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ မတ်လမှစတင်ခဲ့သော ကိုဗစ်ကပ်ဘေးရိုက်ခတ်မှုကြောင့် တစ်နှစ်နီးပါးကြာမြင့်လာချိန် အထည်ချုပ်စက်ရုံများ အပြီးပိတ်သိမ်းလာရမှုများရှိလာနေပြီး အပြီးပိတ်သိမ်းသည့် စက်ရုံ ၄၂ ရုံ အပါအဝင် စက်ရုံ ၆၄ ရုံ ပိတ်သိမ်း ရပ်နားထားရမှုများရှိနေကြောင်း သိရှိရသည်။

“အစိုးရဘက်ကပြောတော့ ၆သောင်းခွဲ (အလုပ်လက်မဲ့) ပေါ့။ ၆သောင်းခွဲလောက်ရှိတယ်လို့ပြောတယ် အထည်ချုပ်လုပ်သားကြီးပဲ ၈သိန်းလောက်ရှိတာကို ဆိုတော့ ၆သောင်းခွဲလောက်ရှိတယ်လို့ပြောတယ်။ အခုလက်ရှိမှာဆိုရင်တော့ ၆သောင်းခွဲနဲ့ ဒီတစ်သိန်းဝန်းကျင်လောက်မှာရှိမယ်လို့ ကျွန်မတော့ မြင်တယ်” ဟု အလုပ်သမားအရေးဆောင်ရွက်သူ အနာဂတ်အလင်းတန်းဆုံမှတ်မှ ဒါရိုက်တာ ဒေါ်သက်သက်အောင်က ဆိုသည်။

အလုပ်သမားအရေးဦးဆောင်သူ Labor Power Group ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးကလည်း အလုပ်လက်မဲ့ ဖြစ်သည့် အရေအတွက် တိုးတက်လာနေပြီး စားဝတ်နေရေးခက်ခဲလာနေသည်ဟု ပြောဆိုသည်။

“လက်ရှိမှာ အခက်အခဲကတော့ အဓိက ရင်ဆိုင်ရတာကတော့ နေရေးပဲ။ ပထမဦးဆုံးသူတို့ရင်ဆိုင်ရတာက နေရေးပေါ့။ နေရေးအခက်အခဲတွေဖြစ်တယ်။ အဆောင်တွေမှာ မနေနိုင်တော့ဘူးပေါ့။ အဆောင်တွေမှာ အဆောင်လခတွေ မပေးနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ အတော်အခက်အခဲဖြစ်တာတွေရှိတာပေါ့။ စားဝတ်နေရေးမှာ အဓိက စားဖို့ဆိုတဲ့ဟာက ခဏဘေးဖယ်ထားဦးပေါ့နော် နေဖို့ဆိုတဲ့ကိစ္စမှာပိုပြီးတော့ အခက်အခဲဖြစ်တယ်။ စားဖို့ဆိုတဲ့ကိစ္စမှာတော့အခု ဟို အဖွဲ့အစည်းတွေက တတ်နိုင်သလောက် လှူဒါန်းနေတာတွေရှိတာပေါ့နော်။ ဒီ အစိုးရရဲ့ ထောက်ပံ့မှုကတော့ မရဘူးပေါ့။ဒီ ဘာဖြစ်လို့လဲဆိုတော့ စက်ရုံအလုပ်သမားအလုပ်စာရင်းနဂိုထဲကရှိထားပြီးသား စာရင်းရှိတယ်ဆိုလိုရှိရင် မပေးတော့ဘူး” ဟု ဦးကျော်မျိုးထွေးက ရှင်းပြသည်။

အလုပ်လက်မဲ့ဖြစ်သွားကြသူများတွင် အမျိုးသမီးအများစုမှာ ပို၍ အတိဒုက္ခရောက်ကြသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

” အဆောင်လခတွေကလည်းအနည်းဆုံး အနည်းဆုံးဆိုရင်တောင် ငါးသောင်းကစတာကို ငါးသောင်းတစ်သိန်းအဲဒီဝန်းကျင်တွေဖြစ်တဲ့အခါကျတော့ အဆောင်လခတွေအထိတော့လည်းအဖွဲ့အစည်းတွေက မထောက်ပံ့နိုင်ဘူးပေါ့။ ဒါပြီးတော့ လစဉ်ကိစ္စတွေလည်း ဖြစ်တာကို နောက် သူတို့ ပိုပြီးတော့အကျပ်အတည်းဖြစ်စေတာက အဲဒီအဆောင်ကိစ္စတွေပဲ အကျပ်အတည်းဖြစ်တာ။ ဒီအမျိုးသမီးတွေ အထည်ချုပ်ဆိုလို့ရှိရင် အမျိုးသမီးတွေကများတော့ ပိုဆိုးတာပေါ့။ အမျိုးသမီးတွေဖြစ်တဲ့အခါကျတော့ ဒီအဆောင် နေစရာမရှိဘူးဆိုလိုရှိရင် တော်တော် အိန္ဒြေမဲ့သွားပြီလေ။ ဆိုတော့ နောက်အလုပ်တစ်ခုရှာဖို့ကိုဆိုတာတောင်မှ ပဲ နေစရာလေးရှိနေရင်တောင် နောက်အလုပ်တစ်ခုက ရှာလို့ရသေးတာကို အခုက နေစရာပဲ ပြန်ပြီးတော့ အရင်လုံးပန်းနေရတဲ့ပုံသဏ္ဍန်ပဲဖြစ်တယ်။ အခုလည်း ဘယ်လိုမတောင့်ခံနိုင်တော့ ကိုယ့်နယ်တွေပဲ ဘာလုပ်စားရစားရဆိုပြီးတော့ ပြန်သွားကြတာတွေလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရ၏ လူမှုဖူလုံရေး အထောက်အပံ့မှာလည်း အလုပ်သမားများအတွက် ကျပ်တည်းနေမှုကို မဖြေရှင်းနိုင်သည့်အခြေအနေရှိနေ ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်သက်သက်အောင်က ဆိုသည်။

“ဒီလူမှုဖူလုံရေးကြေးကို သွင်းတဲ့အခါမှာ သွင်းထားတဲ့လူတွေရှိတယ်။ မသွင်းထားတဲ့လူတွေရှိတဲ့အခါမှာ ကြားထဲတွေမှာ မသွင်းပေးထားတဲ့လူတွေက မရဘူး ဒါပေမယ့် သူတို့ကတော့ လုပ်ငန်းရှင်ကို ပုံမှန် ဒီ ဖြတ်တောက်တဲ့ လူမှုဖူလုံရေးကြေး သွားနေတယ်ပေါ့နော်။ အဲဒီလိုမျိုးတွေကလည်း အခုနောက်ပိုင်းဆို ကျွန်မတု့ိဆီမှာ အမှုတွေ အများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုမျိုး မရလို့ လာပြီးတော့ အကူအညီတောင်းတဲ့အမှုတွေပေါ့နော်။ အဲဒီအခါကျတော့ ကျွန်မတို့တွေ့ရတာ ဒီအစိုးရကနေ ထောက်ပံ့တယ်။ မထောက်ပံ့ဘူးတော့မဟုတ်ဘူး ထောက်ပံ့တယ်။ ၄၀ရာခိုင်နူန်း သို့သော်လည်းပဲ လက်တွေ့မှာတော့ အက်ပ်အတည်းတွေနဲ့တော့ ကျွန်မတို့လုပ်သားတွေက အများကြီးရင်ဆိုင်နေရာတာရှိပါတယ်” ဟု ဒေါ်သက်သက်အောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများအပေါ် မှီခိုနေသော လုပ်သား ၁ သန်းနီးပါးရှိနေပြီး ကိုဗစ်ကပ်ဘေးကာလအတွင် အထည်ချုပ်လုပ်ငန်းများသည် ထိခိုက်မှု အကြီးမားဆုံး ခံရသော စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လျက်ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts