interview Peace political news

ဦးသိန်းစိန်ခေတ် သံဃာတော်တွေနဲ့ သပိတ်စခန်းကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့တဲ့ လက်ပံတောင်း အကြမ်းဖက်မှု ၈ နှစ်ပြည့်သော်လည်း NLD အစိုးရလက်ထက်အထိ တရားမျှတမှု မရ

ဦးသိန်းစိန်ခေတ် သံဃာတော်တွေနဲ့ သပိတ်စခန်းကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့တဲ့ လက်ပံတောင်း အကြမ်းဖက်မှု ၈ နှစ်ပြည့်သော်လည်း NLD အစိုးရလက်ထက်အထိ တရားမျှတမှု မရ

By ရန်ကုန်ခေတ်သစ်

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် ဦးပိုင်တို့ ပူးပေါင်း လုပ်ဆောင်နေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆန္ဒပြနေကြသည့် သံဃာ တော်များ အပါအဝင် သပိတ်စခန်းကို အာဏာပိုင်များက မီးလောင်ဗုံးများဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့သည်။

ယင်းဖြိုခွင်းခဲ့မှုကြောင့် သံဃာတော်များ မီးလောင်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတချို့မှာလည်း အရိုက်ခံခဲ့ရမှုများ ဖြစ်ပွားခဲ့သည်။ ၈ နှစ်ကြာလာသည်အထိ ရွေးကောက်တင်မြှောက်ခံ NLD အစိုးရလက်ထက်တွင်လည်း တရားမျှတမှု မရရှိသေးဘဲအကြမ်းဖက် ဖြိုခွင်းခဲ့သူ၊ ကျူးလွန်ခဲ့သူ များသည် ယနေ့အချိန် တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နေဆဲဖြစ်သည်။

လက်ပံတောင်း ဆန္ဒပြလှုပ်ရှားမှု အကြမ်းဖက်ခံရခြင်း ၈ နှစ်ပြည့်အဖြစ် ထိုအချိန်က ဦးဆောင်ပါဝင်ခဲ့သူများကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

ကိုမိုဃ်းသွေး လက်ပံတောင်းအရေး ဦးဆောင်ခဲ့သူ

လက်ပံတောင်းတောင် သံဃာတွေဆိုတာကတော့ အဓိကတော့ ဒေသခံတွေရဲ့ ကန့် ကွက်ဆန္ဒပြမှုပေါ့။ လက်ပံတောင်း စီမံကိန်းကို အဲမှာ သံဃာတွေကနေပြီးတော့ ဝိုင်းဝန်းဦးဆောင်ခဲ့တာ။ အဲဒီမှာ အဲဒီ သံဃာတွေကို မီးလောင်းဗုံးနဲ့ ဖြိုခွင်းခဲ့တယ်။

သံဃာ ၉ဝ ကျော် ၁ဝဝနီးပါးပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာရှိတယ်ဆိုတော့ အဲဒီကာလတုန်းကဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်သည်လည်းပဲ ရန်ကုန်မှာ နိုဝင်ဘာ ၂၆ ရက်တည်းကစပြီးတော့ ဒီဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တယ်။ ပြုလုပ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဝရမ်းထုတ်ခံရတယ်။

အဲလို ဝရမ်းထုတ်ခံရလို့ ပြေးနေရင်းနဲ့ ကျွန်တော်တို့ပြေးနေတဲ့ ကာလမှာပဲ ၂၉ရက်နေ့မှာ နိုဝင်ဘာ ၂၉ရက်နေ့မှာ လက်ပံတောင်းမှာ သံဃာတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းတာပေါ့။ ဖြိုခွင်းတဲ့အခါကျတော့ ကျွန်တော်တို့ ထပ်ပြီးတော့ ဆန္ဒတွေထပ်ပြတယ်။

နောက်ဆုံးမှာတော့ ဒီဇင်ဘာ၁၂ရက်လောက်ထိဟာ အဲဒီမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့တော်တော်များများမှာ ဆန္ဒပြပွဲတွေဖြစ်သွားတယ်။ ဒီဖြစ်ရပ်မှာ ကြည့်မယ်ဆိုရင် အဓိကဘာကို ကျွန်တော်တွေ့ရလဲဆိုတော့ ဒီလိုမျိုး ရက်ရက်စက်စက် လူမဆန်တဲ့ ဖြိုခွင်းမှုဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပထမဆုံးပြန်ကျင့်သုံးတဲ့ကိစ္စ​ဖြစ်။

၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးပြီးနောက်ပိုင်းမှာပေါ့။ လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းတာ ပထမဆုံးပြန်လုပ်တာဖြစ်တယ်။ ဒုတိယအကြိမ် အကြမ်းဖက်ဖြိုခွင်းတဲ့ကိစ္စကတော့ လက်ပံတန်းကျောင်းသားသပိတ်ပေါ့။

ကျောင်းသားသပိတ် လက်ပံတန်းမှာ ဖြိုခွင်းတာဖြစ်တယ်။ ကြားထဲမှာလည်း အခြားသော ဖြိုခွင်းမှုတွေ ရှိပေမယ့် ဒီလိုမျိုး ကြီးကြီးမားမားကြီးတော့ မဖြစ်ခဲ့ဘူး။ အဲဒီဟာက ဘာကိုပြလဲဆိုတော့ အစိုးရတွေက ပြောင်းသာပြောင်းသွားတယ်။ ဒီမိုကရေစီလို့သာ ကြွေးကြော်တယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ လူထုနဲ့တကယ်ကို စေ့စပ်ညှိနှိုင်းတဲ့ မူဝါဒမရှိဘူးဆိုတာကို ကျွန်တော်တို့က တွေ့ရတာကို အမှန်တကယ်ဆိုရင် အဲဒီလို မီးလောင်ဗုံးနဲ့ ဖြိုခွင်ပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ပိုကြီးတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ပါခဲ့တာပေါ့။

ဖြစ်တဲ့နောက်တော့ ဘာလုပ်လဲဆိုတော့ အဲဒီကျတော့မှ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ ကော်မရှင်ဖွဲ့ပြီးတော့မှ လုပ်တာမျိုးတွေ့ရတယ်။ အမှန်တကယ်တမ်းမှာက အစတည်းက မဖြိုခွင်းဘဲနဲ့ လူထုနဲ့ ပြေပြေလည်လည်ဖြစ်အောင်လို့ ညှိနှိုင်းမယ် အပြု သဘောဆောင်တဲ့ အတိုးအလျှော့တွေပေါ့။

အပေးအယူတွေ လုပ်မယ်ဆိုရင် ဒါတွေက ဒီလိုမဖြစ်နိုင်ဘူး။ မဖြစ်လောက်ဘူး။ ပြီးတော့ အစိုးရလည်း သိက္ခာရှိတယ်။ ပြည်သူလူထုလည်း အခွင့်အရေးတွေ ရတယ်ပေါ့။ ဒါပေမယ့် အဲလိုမဟုတ်ဘဲနဲ့ သူက လူထုလှုပ်ရှားမှုဆိုတာနဲ့ အကြမ်းဖက်မယ်ဆိုတာမျိုးက အကျင့်လိုလိုဖြစ်လာတယ်။

ဒီဘက်အစိုးရခေတ်မှာလည်း ကျွန်တော်တို့က ၂ဝ၁၆ နောက်ပိုင်းမှာ ဒါမျိုးတွေက ကုန်သွားပြီလားပြောရင် ကျွန်တော်တို့က ပြောရခက်တယ်။ ပြောရခက်တယ်ဆိုတာ ကျွန် တော်တို့ ဘယ်မှာစတွေ့လဲဆိုရင် ၂ဝ၁၇မှာလား။ ၂ဝ၁၈မှာလားတော့မသိဘူး။ မြောက်ဦးမှာဆိုရင် ကျွန်တော်တို့ ရခိုင်လူငယ်တွေ ဆန္ဒပြမှုတစ်ခုဖြစ်တယ်။ အဲဒီမှာ လက်နက်နဲ့ ပစ်လိုက်လို့ ၈ယောက် သေသွားတယ်။

သေနတ်နဲ့ ပစ်လိုက်လို့ အဲဒါလည်း မှတ်မိကြမယ်ထင်ပါတယ်။ အစိုးရတွေသာပြောင်းသွားတယ်။ ဒီဘက်အစိုးရဆိုရင် ပိုဆိုးတာပေါ့။ NLD အစိုးရလည်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရလည်းဖြစ်တယ်။ တကယ့်ကို ဒီမိုကရေစီ လှုပ် ရှားမှုတွေထဲကနေ တက်လာတဲ့ အစိုးရဖြစ်တယ်။

သို့သော်လည်းပဲ ဒီအဖြစ်အပျက်က မပျောက်ဘူး။ အဲဒါတွေက ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့က ပြောမယ်ဆိုရင် လူထုကို ဒီလိုမျိုး အကြမ်းဖက်ပြီးတော့မှ မတရားဖြိုခွင်းမယ် လူထုကို ထိခိုက်နာကျင်စေတယ်။ တချို့ဆို အသက်သေတဲ့ဟာတွေဖြစ်တယ်။ ဒါပေမယ့် အရေးယူမှုမရှိဘူး။ တာဝန်ခံမှုမရှိဘူး။

အဲဒီလို တာဝန်ခံမှုမရှိတဲ့အခါကျတော့ ပိုပြီးတော့လုပ်ရဲကိုင်ရဲဖြစ်တယ်ပေါ့။ ပြောမယ်ဆိုရင် အာဏာပိုင်အဖွဲ့တွေက ပိုပြီး လုပ်ရဲကိုင်ရဲဖြစ်မယ်။ ဒီလိုအချက်ကို ကျွန်တော်ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ထုတ်ပြန်ခဲ့တဲ့ လက်ပံတောင်းအစီရင်ခံစာပေါ့။ အဲဒီထဲမှာလည်း ပါခဲ့တယ်။ အဲဒီကာလ အင်တာဗျူးတွေမှာ သူစကားပြောတဲ့ဟာပေါ့။ အဲဒီအထဲမှာလည်း သူက ဒီဟာကို အရေးယူလိုက်ရင် မီးလောင်ဗုံးနဲ့ မှားယွင်းပစ်ခတ်တယ်ပဲဖြစ်ဖြစ် တမင်ပစ်ခတ်တယ်ပဲဖြစ်ဖြစ် အဲဒီရဲတွေကို အရေးယူလိုက်မယ်ဆိုရင် သူတို့ဟာ နောက်ဆိုရင် အမိန့်တွေကို မနာခံတော့ဘူးဖြစ်သွားမယ်ဆိုတာကိုဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောခဲ့တာရှိတယ်။

ဆိုလိုချင်တာက အစိုးရဆိုတဲ့ ပုဂ္ဂိုလ်တွေက အဲလိုတွေးတယ်။ ငါတို့က ခိုင်းရင် လူထုကိုနှိမ်နင်းတယ်ဆိုရင် ရဲတို့လက်နက်ကိုင်တပ်ဖွဲ့တို့က နှိမ်နင်းနေရမယ်။ အဲလိုနှိမ်နင်းလို့ သူတို့မှားသွားတယ်။ သူတို့တစ်ခုခု ကျူးလွန်လိုက်မိတယ်။ လူထူနစ်နာသွားတယ်။ လူထုသေကြေသွားတယ်ဆိုရင် သူတို့ကို အရေးမယူရဘူး။ ကာကွယ်ပေးရမယ်။ ကျူးလွန်တဲ့သူကို ဘာလို့လည်းဆိုရင် အကာအကွယ်မပေးရင် ငါတို့မကာကွယ်ပေးထားရင် သူတို့ကို ငါတို့ထပ်ပြီးတော့ အမိန့်ပေးလို့ရတော့မှာမဟုတ်ဘူး။

ခိုင်းလို့ရမှာမဟုတ်တော့ဘူး။ အဲတာဘာလို့ခေါ်လည်းဆိုတော့ ပြစ်ဒဏ်ကိုကင်းလွတ်အောင်လို့ လုပ်ပေးတဲ့ဟာပေါ့။ အဲဒီဟာကို လုပ်ပြီးတော့မှ အစိုးရတွေက သူတို့ရဲ့ အာဏာကို တည်ဆောက်တာပေါ့။ ဒီအကျင့်စရိုက်က တွေ့ရတဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ ဒီဘက်အစိုးရလက်ထက်မှာလည်းပဲ ရခိုင်မှာဖြစ်တဲ့ ဆန္ဒပြပွဲတွေမှာ လူ ၈ယောက်သေတယ်။ ဘာမှ အရေးယူမှုမရှိဘူး။

နောက်ပြီးတော့ အရင်အစိုးရလက်ထက်မှာလည်းပဲ လက်ပံတောင်းမှာ ဒေါ်ခင်ဝင်း သေသွားတယ်။ ရဲကပစ်လိုက်လို့ အားလုံးသိတယ်။ လယ်သူမကြီး ဒေါ်ခင်ဝင်းသေသွားတယ်။ ဘာမှအရေးယူမှုမရှိဘူး။ ဒါမျိုးတွေဖြစ်လာတယ်။ နောက်ပြီးတော့ အဲဒီဟာတွေက တစ်ဆင့် အခုဘာဖြစ်လာလဲဆိုတော့ ရခိုင်ပြည်မှာဆိုရင် ရခိုင်ပြည်သူ အရပ်သားတွေကို သတ်ဖြတ်နေတာတွေ အများကြီးရှိတယ်။ ဖမ်းသွားတယ်။ သတ်ပစ်တယ်။ ဘာမှအရေးမယူဘူး။ လျှော်ကြေးလေးပဲပေးလိုက်တယ်။

နောက်ရိုဟင်ဂျာတွေ သောင်းနဲ့ချီပြီး သတ်ခံရတယ်။ မောင်းထုတ်ခံရတယ်။ ဘာမှတရားမျှတမှုမရှိဘူး။ ဆိုလိုချင်တာဘာလဲဆိုတော့ လူထုအပေါ်ကို လူထုရဲ့တောင်းဆိုမှုပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ ဖြစ်ဖြစ် ဒီလိုမျိုး မတရားဖြိုခွင်းမယ်။ ရိုက်နှက်မယ်။ အကြမ်းဖက်မယ်။ ထိခိုက်ဒဏ်ရာရစေမယ်။ သေစေမယ်။ အဲဒီဟာတွေကို ကျွန်တော်တို့က ဥပဒေအတိုင်းအရေးယူမှဖြစ်မယ်။ အရေးမယူရင် နောင်ကို ဒီထက်ပိုပြီးတော့မှ ဆိုးရွားမယ်။

အစိုးရတိုင်း အစိုးရတိုင်း တက်လာတဲ့ အစိုးရတိုင်း ဒါကိုဖိနှိပ်ရေး ယန္တရားအဖြစ် ထပ်ပြီးကျင့်သုံးမှာပဲ။ ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင် လက်ပံတောင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စသည် ပြန်လည်ဖော်ထုတ်ပြီးတော့ အရေးယူသင့်တယ်။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လုပ်ကြံခံခဲ့ရတဲ့ ဒီပဲဃင်းလို ကိစ္စမျိုး နောက်ပြီးတော့ တခြား ၁၉၈၈၊ ၈၈ မတိုင်ခင်ကော လူထုအပေါ် မတရားကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အကုန်လုံးပေါ့။ အဲဒီဟာတွေ အကုန်လုံးက တချိန်ချိန်မှာ မှတ်တမ်းတင်ပြီးတော့ အရေးယူရမှာဖြစ်တယ်။ ထိုက်သင့်တဲ့ အရေးယူမှုတွေက ပြန်ပြီးတော့ လုပ်ကိုလုပ်ရမှာလို့ကျွန်တော်ကေတာ့ မြင်ပါတယ်။

ဦးဇော်ရမ်း ၊ လက်ပံတောင်း ကာကွယ်ရေးကော်မတီ၊ရန်ကုန်

လက်ပံတောင်းတောင်မှာ ကျွန်တော်တို့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အခြေခံက စပြောမယ်ဆိုရင်တော့ တကယ်တမ်း နိုင်ငံရဲ့ သယံဇာတတွေပေါ့။ လက်ပံတောင်းတောင် ကြေးနီထွက်တယ်ပေါ့။ တောင် ၃၃လုံးပေါ့။ ဒီသယံဇာတ ဆိုတာက ကျွန်တော်တို့က အင်မတန်ရှားပါးတဲ့ ကြေးသတ္တုပေါ့။

ကြေးသတ္တုတွေကပြောမယ်ဆိုရင်လည်း ကမ္ဘာပေါ်မှာ နောက် နှစ်၄ဝဆိုရင် ကမ္ဘာ့လူသားတွေ သုံးစွဲဖို့အတွက် ရှားပါးပစ္စည်းဖြစ်သွားမှာလေ အဲတော့ ဒါကတစ်ပိုင်းပေါ့။ ဒီလိုကြေးနီတောင်နဲ့ ပတ်သက်ပြီးတော့ ဖြစ်လာတဲ့အကြောင်းအရင်းက ဒီကြေးနီတောင်စီမံကိန်းကို ဆောင်ရွက်တဲ့နေရာမှာ တရားမဝင်ဘူးပေါ့။

ဘယ်လိုတရားမဝင်တာလဲဆိုတော့ သတ္တုစီမံကိန်းတွေ လုပ်တဲ့အခါမှာ နိုင်ငံတော်ကနေပြီးတော့ ဝန်ကြီးဌာနဖြစ်တဲ့ သတ္တုတွင်းဝန်ကြီးဌာန ဒီသတ္တုတွင်း ဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်မှ တရားဝင်တာ သူက ဝမ်ပေါင်နဲ့ တစ်ဖက်ကဦးပိုင်နဲ့ဆိုတော့ သတ္တုတွင်း ဝန်ကြီးဌာနနဲ့ မချုပ်တဲ့အတွက် တရားမဝင်ဘူးဆိုတာကနေပြီးတော့ ဒါက ပထမအချက်ပေါ့။

နောက်တစ်ခုက ဒီဟာပွင့်လင်းမြင်သာမှုမရှိဘူး။ နောက်တစ်ခုက သဘာဝပတ်ဝန်းကျင် လူမှုပတ်ဝန်းကျင်တွေ ဒီဟာတွေက သတ္တုတူးဖော်တဲ့အခါမှာ ပျက်စီးတတ်တယ်ပေါ့။ ဒါတွေလည်း EIA-SIA လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် လူမှုပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အစီအမံတွေ နိုင်ငံတကာ စံချိန်စံညွှန်း မီတဲ့ဟာမျိုးတွေလည်း လုပ်မထားဘူးပေါ့။ နောက်တစ်ခါ လျှော်ကြေးပေါ့။

လျှော်ကြေးမှာလည်း ကျွန်တော်တို့က မြေယာ လျှော်ကြေးရှိတယ်။ သီးနှံလျှော်ကြေးရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေကနေပြီးတော့ စွန့်လွှတ်ရမယ့် ကိစ္စတွေရှိတယ်။ ဒါတွေလည်း ပွင့်လင်းမြင်သာမှုမရှိဘူး။ လုပ်ချင်သလိုလုပ်တယ်။

အဲဒီလိုတွေဖြစ်တဲ့အခါမှာ ကျွန်တော်တို့အားလုံး ပညာရှင်တွေကော ကျောင်းသားတွေကောပေါ့။ ကျွန်တော်တို့ဆိုရင် ၈၈ကျောင်းသား တွေပေါ့။ သွားပြီးတော့ ဒါကို အမှန်အတိုင်းဖြစ်ဖို့ ကျွန်တော်တို့က လုပ်ရင်းနဲ့ လေ့လာတဲ့အခါကျတော့ စောစောကပြောတဲ့ အချက်တွေအရ တော်တော်ကြီးအားနည်းတာတွေ့ရတဲ့အတွက် ဒါတွေကို ဆန့်ကျင်တာပေါ့။ မလုပ်သင့်ဘူးပေါ့။

နောက်တစ်ခုက အမျိုးသား မဟာဗျူဟာ သတ္တုတွေလည်း ဖြစ်တော့ နောက်တစ်ခုက ဒီသတ္တုတွေထုတ်မယ်ဆိုရင်လည်းပဲ ကျွန်တော်တို့က ဒီသတ္တုတွေ ကုန်ကြမ်းအစား ကြေးသတ္တုကနေပြီးတော့ ကျွန်တော်တို့ ရမယ့် အကျိုးအမြတ်တွေရှိတယ်။

နောက်တစ်ခုက ဒီကနေပြီးတော့ ကျွန်တော်တို့ လျှပ်စစ်တွေဘာတွေအတွက် ဓာတ်ကြိုးတွေထုတ်မယ်ဆိုရင် ဓာတ်ကြိုးစက်ရုံတွေပါ တခါတည်း နည်းပညာတွေ လွှဲဖို့ကိစ္စ အများကြီးပေါ့။ ဒါတွေလည်း လိုအပ်ချက်တွေအရ တောင်းဆိုရင်းနဲ့ ဒေသခံပြည်သူတွေ ရွာပေါင်း ၂၆ရွာနဲ့ ကျွန်တော်တို့ ဒါတွေကို တရားဥပဒေအရ နည်းလမ်းကျဖို့အတွက် ကြိုးစားတာပေါ့။ ရပ်သင့်ရင်လည်း ရပ်ဖို့ပေါ့။

အဲမှာ ကျွန်တော်တို့ ထိပ်တိုက်တိုးတာပဲ လူထုနဲ့ ဘာလို့ လူထုနဲ့ပြောလဲဆိုတော့ အဲဒီဒေသက မြန်မာနိုင်ငံက ပညာရှင်တွေ သဘာဝပတ်ကျင် လူမှုပတ်ဝန်းကျင် ပညာရှင်တွေ အကုန်လုံးက ဒေသခံတွေနဲ့ တသားတည်းရောက်ပြီး ကျွန်တော်ပြောခဲ့တဲ့ အချက်တွေအပေါ်မှာ အားလုံးက သဘောတူညီချက်တွေရသွားပြီးတော့ လက်ပံတောင်းညီလာခံကြီး လုပ်လိုက်တယ်။ လက်ပံတောင်း ညီလာခံကနေ တောင်းဆိုချက် ၂၆ချက်ထွက်တယ်။ အဲတာတွေကိုလည်း အဲတုန်းက သက်ဆိုင်ရာအစိုးရကိုပို့တယ်။ ဒါကြီးကို ရပ်ခိုင်းဖို့ပေါ့။ အဲဒါတွေဖြစ်လာပြီးတော့ နောက်ဆုံးမှာ တန်ဆောင်မုန်းလပြည့်နေ့ပေါ့။

၂ဝ၁၂ ခုနှစ်တန်ဆောင်မုန်းလပြည့်နေ့မှာတော့ သပိတ်စခန်းတွေဖွင့်ပြီးတော့ ဒါကြီးကို တွန်းအားပေးတယ်ပေါ့။ ခုနက လိုတဲ့အချက်တွေကို ပြန်လည်သုံးသပ်ဖို့တွေ ရပ်စရာရှိရင်လည်း ရပ်ဖို့ပေါ့။ အဲဒီမှာ သံဃာတော်တွေ အပါး ၉ဝကျော်ပေါ့။ မီးလောင်ကျွမ်းခံရတယ်ပေါ့။ အဲဒီမှာလည်း ကျွန်တော်တို့ တော်တော်ကြီးကို ရုပ်ပျက်ဆင်းပျက်တွေဖြစ်တယ်။

တစ်ကမ္ဘာလုံးကလည်း သိသွားတော့ နောက်ဆုံးရလဒ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အဲတုန်းက ကျွန်တော်တို့ ၂ဝ၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီးတဲ့အခါတော့ လွှတ်တော်ထဲကို ရောက်နေတဲ့အခါကျတော့ သူကစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌဖြစ်သွားပြီးတော့ ဒါကိုပြန်လည်စုံစမ်းစစ်ဆေးတယ်ေပါ့။

စုံစမ်းစစ်ဆေးပြီးတော့ သူ့ရဲ့ ၉၄ ချက်ပါ အစီရင်ခံစာထွက်လာတယ်။ စောစောကပြောတဲ့ အချက်အလက်တွေအရ စီမံကိန်းက ပြန်စာချုပ်ချုပ်ဖို့လိုတာတွေ EIA-SIA ပြင်ချုပ်ဖို့လိုတာတွေ အကျိုးခွဲဝေမှုတွေ လိုအပ်ချက်တွေ အများကြီးပဲ ၉၄ချက်မှာ ဒါတွေကို ပြုပြင်ပြီးတော့လုပ်မယ်ဆိုရင်ေတာ့ တိုင်းပြည်လည်း အကျိုးရှိမယ်ဆိုရင်တော့ လုပ်သင့်တယ်ဆိုတဲ့ ဟာမျိုးကို သူကဆုံးဖြတ်လိုက်တာကို ဒါတကယ့်ကို အမှတ်တရတွေပါပဲ။

ဒါပေမယ့် ပြဿနာက ဘာလဲဆိုတဲ့အခါကျတော့ စေတီလည်းပဲ အဲမှာ နောက်ဆုံး အမှုန့်ကြိတ်ခံလိုက်ရတယ်။ လယ်တီသိမ်စေတီကော ဒေါ်ခင်ဝင်းလည်း ဆက်လက်ပစ်သတ်ခံရတယ်။ မြေယာလျှော်ကြေးတွေ သီးနှံလျှော်ကြေးတွေလည်း ပွင့်လင်းမြင်သာမှုမရှိဘူး။ စာချုပ်တော့ ပြင်ချုပ်လိုက်တယ်။

အကျိုးအမြတ်မှာတော့ စာရွက်ပေါ်မှာတော့ နဂိုက ၉ရာခိုင်နှုန်းပဲ နိုင်ငံတော်က ရတာကနေပြီးတော့ ၄ဝ ရာခိုင်နှုန်းကျော် ဝမ်ပေါင်နဲ့ ဦးပိုင်ကရတာကနေ နိုင်ငံတော်က ၅ဝရာခိုင်နှုန်းကျော် ရတယ်ဆိုတဲ့ စာရွက်ပေါ်ကအဖြေတစ်ခုရတယ်ပေါ့။ အဲဒီတော့ ပြောမယ်ဆိုရင် စာရွက်ပေါ်မှာပဲ အခုဆိုအဲဒီ တကယ်တမ်း နိုင်ငံတော်က ရသင့်တဲ့ဟာတွေက တကယ်မရပါဘူးဆိုပြီးတော့ အဲဒီအသံတွေထွက်လာတယ်လေ အဲတော့ ကျွန်တော်တို့က အမှတ်တရတွေ ဖြစ်တယ်ဆိုတာထက်ကို တိုင်းပြည်အတွက် ဘယ်သောအခါမှ ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတွေ အတွက်သင်ခန်းစာလို့ပဲ အမှတ်တရ ပြောချင်တယ်။

မသွဲ့သွဲ့ဝင်း၊ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူ

၈နှစ်ပြည့်တော့မယ်ဆိုတာ သိတော့ ဝမ်းနည်းတယ် စိတ်မကောင်းဘူး။ အဲဒါကြီးကို ပြန်တွေးလိုက်တော့ ချက်ချင်းကြီး ကျွန်မတို့ အဲဒီတုန်းကလို ပြန်ခံစားခဲ့ရတယ်။ ခံစားခဲ့ရတော့ နောက်နောင်များ ဒီလိုကိုယ့်နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုလာလုပ်တဲ့ ဒေသခံပြည်သူတွေကို လက်နက်မပါဘဲနဲ့ ဒီလိုမျိုးကြီးနှိပ်စက်တာဟာ ပြည်သူတွေ သံဃာတော်တွေကို အကုန်လုံး နှိပ်စက်ရာရောက်တဲ့အတွက်ကြောင့်မို့လို့ နောက်နောင် ဒီလိုမျိုးမဖြစ်အောင် အစိုးရတွေအနေနဲ့ပေါ့။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လက်ခံတဲ့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ မဟုတ်ဘူး။ လက်နက်နဲ့ ပတ်သက်လာရင် ပြည်ထဲရေးဝန်ကြီးဌာနမှာလည်း တာဝန်ရှိတယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်။ နိုင်ငံတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေရတဲ့ သူတွေမှာလည်း တာဝန်ရှိတယ်။ ဒါတွေကို မျက်ကွယ်ပြု ပြည်သူလူထု ဒေသခံတွေ ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသားတွေကို ဦးစားပေးပြီးမှကြည့်ပါ။ ကြည့်ပြီးမှ အလုပ်တစ်ခုလုပ်မယ်ဆိုရင် စဉ်းစဉ်းစားစားလုပ်ကျဖို့နဲ့ လက်နက်နဲ့ မထိန်းချုပ်ဖို့ ပြောချင်တယ်။

မဖြူဖြူဝင်း၊ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူ

ဒီအဖြစ်ဆိုးကြီးကတော့ တသက်လုံး မေ့မရတဲ့ အဖြစ်ဆိုးကြီးပေါ့။ သူတို့တွေ ဒါမလုပ်သင့် မလုပ်အပ်တဲ့ အရာကို လုပ်သွားတာလေ သံဃာဆိုတာက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ အထွဋ်အထိပ်ထားတဲ့ သံဃာတော်တွေကို ဒီလိုရက်ရက်စက်စက် ကမ္ဘာ့အလည်မှာ အရှက်တကွဲဖြစ်အောင်လုပ်တာ ဒီဝမ်ပေါင် ကုမ္ပဏီနဲ့ ဦးပိုင် ကုမ္ပဏီလို့ပြောရမယ်။

ခံစားချက်တွေကတော့ ဘယ်တော့မှ ကုန်သွားမှာတော့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရှေ့တင်မှာပဲရက်ရက်စက်စက် လုပ်တာလေ ရေတွေနဲ့ ဖြန်းတယ်။ ဗုံးတွေနဲ့ ပစ်တော့ အဲလိုမီးတွေအကုန်လောင်ကုန်တယ်ဆိုေတာ့ ဒါကျုပ်တို့အတွက် အတိတ်ဆိုးကြီးတစ်ခုပဲပေါ့။

ကိုအောင်စိုး ၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် လူထုလှုပ်ရှားမှု တာဝန်ခံ

ကျွန်တော်တို့ကတော့ တရားမျှတမှုကို လိုချင်တာပေါ့။ ဘယ်အစိုးရပဲတက် တက် ဦးသိန်းစိန် အစိုးရ ကြံ့ခိုင်ရေးအစိုးရဖြစ်ခဲ့ပေမယ့်လက်ရှိအစိုးရကလည်း တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ ပြောင်းလဲလာတဲ့အစိုးရတစ်ရပ်ကလည်း ပြောရမှာပေါ့။ ကျွန်တော်တို့က မီးလောင်ဗုံးနဲ့ထုခံရလို့ သူတို့ကို မီးလောင်ဗုံးနဲ့ ပြန်ထုမယ်လို့ပြောတာမဟုတ်ဘူးလေ သူတို့လုပ်ခဲ့တာမှားတယ်။

သူတို့လုပ်ခဲ့တာ မှားတယ်ဆိုတဲ့အကြောင်း ဝန်ခံပြီးတော့ တောင်းပန်ရင်တောင်မှ ကျေနပ်ပါတယ်။ ဒါတရားမျှတမှု လိုချင်တဲ့သဘောနဲ့ ကျွန်တော်တို့လုပ်တာပါ။ အခုအစိုးရ ၅နှစ်မှာလည်း တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ခဲ့တာမရှိဘူး။ နောက် ၅နှစ်ကိုတော့ မျှော်လင့်တယ်။ ဒီ NLD ပဲနိုင်ခဲ့တယ်။

ဘာလို့တရားမျှတမှု လိုချင်လဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ မတရားမှုတွေများနေတယ်။ ဦးကိုနီ သတ်မှုရှိတယ်။ NLD အစိုးရလက်ထက်မှာဖြစ်သွားတာ နောက်ဗစ်တိုးရီးယားဆိုတဲ့ ကလေးမလေးရဲ့ အဓမ္မကျင့်မှုတွေရှိတယ်။

မနေ့တစ်နေ့ကမှ ကျောက်မဲမှာဖြစ်သွားတဲ့ အမတ်တစ်ယောက်ကို သတ်မှုတွေက ဒါမတရားမှုတွေဖြစ်တယ်လေ အဲတော့ အဲလိုမျိုး မတရားမှုဖြစ်နေသမျှ ကျွန်တော်တို့ နိုင်ငံကြီးက တရားဥပဒေစိုးမိုးမှုလည်း မရှိသလို ငြိမ်းချမ်းမှုလည်းရှိမှာမဟုတ်ဘူး။

အဲဒီအတွက် ကျွန်တော်တို့က ဒီမီးလောင်ဗုံးထုခံရတဲ့ တရားမျှတမှုကို လိုချင်တယ်ဆိုတာ ကျန်တဲ့ဟာတွေပါ တောင်းဆိုတာပါ။ ဒီအချိန်မှာ လုပ်ခဲ့တဲ့သူကို ဖော်ထုတ်ပေးရမယ်။ လုပ်ခဲ့တဲ့သူတွေကို ဖော်ထုတ်ပြီးတော့ သူတို့တွေကို ဝန်ခံပြီးတော့ တောင်းပန်ခိုင်းရမယ်။ ဒါအစိုးရတစ်ရပ်မှာပဲ တာဝန်ရှိတာလေ သူတို့ပဲလုပ်နိုင်မှာ ကျွန်တော်တို့ကတော့ မတောင်းပန်သမျှ တရားမျှတမှုတွေ မရှိသမျှ ကျွန်တော်တို့က ထပ်ပြီးတောင်းဆိုနေရမှာပဲ။

ဓာတ်ပုံ- ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ၈ နှစ်ပြည့် လက်ပံတောင်းအကြမ်းဖက်ခံရမှု ဆန္ဒပြပွဲ မြင်ကွင်း။ Photo By ရွှေအင်းသား ခင်မောင်ဝင်း

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts