Local News Peace political news

အစ္စရေး Gilat ဂြိုလ်တုဆက်သွယ်ရေးကုမ္ပဏီက မြန်မာစစ်တပ်၏ Mytel ကုမ္ပဏီ ထူထောင်မှုတွင် ပါဝင်ကူညီပြီး မွတ်စလင်ဆန့်ကျင်ရေးဝါဒဖြန့်မှုများပါဝင်ခဲ့

အစ္စရေး Gilat ဂြိုလ်တုဆက်သွယ်ရေးကုမ္ပဏီက မြန်မာစစ်တပ်၏ Mytel ကုမ္ပဏီ ထူထောင်မှုတွင် ပါဝင်ကူညီပြီး မွတ်စလင်ဆန့်ကျင်ရေးဝါဒဖြန့်မှုများပါဝင်ခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အစ္စရေးအခြေစိုက် Gilat ဂြိုလ်တုဆက်သွယ်ရေးကွန်ရက်ကုမ္ပဏီက မြန်မာစစ်တပ်က ထူထောင်ခဲ့သော Mytel ဆက်သွယ်ရေးကုမ္ပဏီ ပေါ်ထွန်းရေးအတွက် ကူညီခဲ့သည့်အပြင် မွတ်စလင်ဆန့်ကျင်ရေး ဝါဒဖြန့်မှုများတွင်လည်း ပါဝင်ပတ်သက်မှုရှိနေသည်ဆိုသော အစီရင်ခံစာထွက်ပေါ်လာသည်ဟု ဒီဇင်ဘာလ ၂၃ ရက်နေ့တုန် အစ္စရေးတိုင်းမ်သတင်းဌာနက သတင်းဖော်ပြသည်။

အစ္စရေး Gilat ဂြိုလ်တုဆက်သွယ်ရေးကုမ္ပဏီသည် မြန်မာစစ်တပ်ထံသို့ ၎င်း၏ နည်းပညာများ ရောင်းချခဲ့ပြီး မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း Justice for Myanmar JFM အဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အစ္စရေးတိုင်းမ်က သတင်းဖော်ပြသည်။

အစ္စရေး တရားရုံးချုပ်က မြန်မာစစ်တပ်ထံသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းမပြုရန် ၂၀၁၇ ခုနှစ်တွင် တားမြစ်ချက်ထုတ်ပြန်ထားပြီးဖြစ်ရာ ယင်း မတိုင်မီ မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွယ်မှုများအတွက် Gilat ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် တာဝန်ယူရမည်ဟု ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ဝင်ဟောင်း Chris Sidoti က ဆိုသည်။

“၂၀၁၈ ခုနှစ်မတိုင်မီ Gilat က မြန်မာစစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုရင်တော့ ကုမ္ပဏီအနေနဲ့ ဒီအတွက် တာဝန်ရှိပါတယ်” ဟု Sidoti က ဆိုသည်။

အစ္စရေး Gilat ကုမ္ပဏီသည် ၁၉၈၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ရုံးချုပ်မှာ အစ္စရေးနိုင်ငံ၊ မြို့တော် Petah Tikva တွင် တည်ရှိသည်။ အဓိက အားဖြင့် ဆက်သွယ်ရေးဆိုင်ရာ ထုတ်ကုန်များနှင့် နည်းပညာများကို အဓိက ရောင်းချပြီး နိုင်ငံတကာ စတော့ရှယ်ယာဈေးကွက်များတွင်လည်း ကုမ္ပဏီရှယ်ယာ အရောင်းအဝယ်များရှိနေသည်။

Gilat ကုမ္ပဏီအပြင် ဟောင်ကောင်မှ AsiaSat ၊ အမေရိကန်မှ Hughes Network System နှင့် လူဇင်ဘတ်/အင်္ဂလန်မှ Intelsat ကုမ္ပဏီများလည်း မြန်မာစစ်တပ်နှင့် ပါဝင်ပတ်သက်လျက်ရှိကြောင်း သိရှိရသည်။

” နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ နည်းပညာတွေ ဝန်ဆောင်မှုတွေ Mytel နဲ့ Viettel ကို ပေးခြင်းက သူတို့တွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပတ်သက်နေတဲ့ အခြေအနေတွေ ပေါ်ထွန်းစေပါတယ်” ဟု JFM အစီရင်ခံစာက ဖော်ပြထားသည်ဟု သတင်းက ဆက်လက်ရေးသားသည်။

Gilat ဆက်သွယ်ရေးကုမ္ပဏီသည် Skynet ရုပ်သံကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရင်း ၂၀၁၆ ခုနှစ် ဇွန်လတွင် လေလံတစ်ခု ရရှိခဲ့ကြောင်း၊ အဆိုပါ လေလံသည် ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းများ၂၀၁၈ ခုနှစ် Mytel ဟု အမည်တွင်လာမည့် ဆက်သွယ်ရေးကုမ္ပဏီအတွက် လုပ်ငန်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ထိုအချိန်တွင် Gilat သည် မြန်မာစစ်တပ်၏ မိတ်ဖက်များပိုင်ဆိုင်သော Skynet နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Skynet သည်ရိုဟင်ဂျာမွတ်စလင်များအပေါ် ချိုးနှိမ်တိုက်ခိုက်သော သတင်းများ ထုတ်လွှင့်နေခဲ့ကြောင်း ရေးသားထားသည်။

“လက်ရှိမှာ စစ်တပ်အနေနဲ့ ရိုဟင်ဂျာတွေကို အသိအမှတ်မပြုသလို သူတို့ကို ဘင်္ဂါလီလို့ပဲ ခေါ်နေပါတယ်။ သူတို့က ခိုးဝင်လာသူတွေ မြန်မာနိုင်ငံသားတွေမဟုတ်ဘူး။ သူတို့ဟာ အကြမ်းဖက်သမားတွေ အဖြစ် ပုံဖော်ပြီး သူတို့ ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ဖုံးကွယ်နေပါတယ်” ဟု JFM အဖွဲ့မှ မရတနာမောင်က ပြောဆိုကြောင်း အစ္စရေးတိုင်းမ်သတင်းက ဆက်လက် ရေးသားထားသည်။

အစ္စရေး လူ့အခွင့်အရေးရှေ့နေ Eitay က အစ္စရေးဗဟိုတရားရုံးက ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စစ်ဘက်ဆိုင်ရာ ပို့ကုန်များ ရပ်တန့်ရန် တားမြစ်ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင်း စစ်ဘက်ဆိုင်ရာ ပစ္စည်း တင်ပို့မှု ရပ်တန့်သွားပြီဟု ၎င်းက ယုံကြည်ပြီး Gilat အပါအဝင် အစ္စရေးကုမ္ပဏီများအနေဖြင့် မြန်မာနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နေခြင်းသည် အရပ်ဘက်ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

JFM ၏ ပြောခွင့်ရပုဂ္ဂိုလ် ရတနာမောင်က Skynet နှင့် Gilat ၏ ပူးပေါင်းဆက်ဆံရေးသည် စစ်တပ်ကို တစ်နည်းတစ်ဖုံကူညီနေကြောင်း ထောက်ပြသည်။

” မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ နီးစပ်သူတွေ ချမ်းသာကြွယ်ဝပြီး ထူထောင်ထားတဲ့ ခရိုနီကုမ္ပဏီတွေ ရှိနေသလို အဲဒီကုမ္ပဏီတွေဟာလည်း စစ်တပ်အတွက် လုပ်ဆောင်မှုတွေရှိပါတယ်။ စစ်တပ်ရဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာလည်း ပါဝင်ပတ်သက်နေပါတယ်။ အစ္စရေး လုပ်ငန်းရှင်တွေအနေနဲ့မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဆောင်တဲ့အခါ လူ့အခွင့်အရေး စံချိန်စံညွန်းတွေနဲ့ အညီ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ Skynet က စစ်တပ်အတွက် ဝါဒဖြန့်ချိန်သလို Mytel ကို ကူညီပံ့ပိုးနေပါတယ်။ Skynet ရဲ့ မူရင်း ကုမ္ပဏီက ၂၀၁၇ ခုနှစ်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ Gilat နဲ့ Skynet ပူးပေါင်းဆောင်ရွက်မှုက လူ့အခွင့်အရေး စံချိန်းစံညွန်းတွေကို ချိုးဖောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေကို သွယ်ဝိုက်သော နည်းနဲ့ ထောက်ပံ့ကူညီနေပါတယ်။ Gilat အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ရှိဖို့ တောင်းဆိုပါတယ်” ဟု ရတနာမောင်ကဆိုသည်။

မြန်မာစစ်တပ်အနေဖြင့် ပြည်တွင်းပြည်ပ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလွန်အမင်းကြွယ်ဝချမ်းသာလာနေကြောင်း၊ အဆိုပါကြွယ်ဝမှုများက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ရန် ပံ့ပိုးနေပြီး ယင်းအခြေအနေကို ရပ်တန့်ရမည်ဖြစ်ကြောင်း JFM က ထုတ်ပြန်ထားသည်ဟု သတင်းများက ဆိုသည်။

မူရင်းသတင်းကို https://www.timesofisrael.com/myanmar-activists-accuse-israeli-firm-of-abetting-militarys-rohingya-atrocities/ တွင်ဖတ်ရှုနိုင်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts