Local News Peace political news

အစိမ်းကို မဲပေးရန် တိုက်တွန်းခဲ့သော် လည်း NLD အနိုင်ရရှိပြီးနောက် တပ်မတော်က တောင်သူလယ်ယာများကို ဖယ်ရှား

အစိမ်းကို မဲပေးရန် တိုက်တွန်းခဲ့သော်လည်း NLD အနိုင်ရရှိပြီးနောက် တပ်မတော်က ၎င်းပိုင်မြေများတွင် စိုက်ပျိုးနေသော တောင်သူလယ်ယာများကို စက်ယန္တရားများဖြင့် ဖယ်ရှားဟု လွှတ်တော်အမတ်ပြော

By မျက်မှောက်ခေတ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသရှိ တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃) နယ်မြေအတွင်း တောင်သူများလုပ်ကိုင်လျက်ရှိသော လယ်မြေများကို စက်ယန္တရားများ ဝင်ရောက်ထိုးလျက်ရှိပြီး တားဆီးသော တောင်သူများကို တရားစွဲဆိုမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃) နယ်မြေအတွင်း ပါဝင်သည့် ကန့်သက်၊ နုံးကြီး၊ ကျဲ စသည့် ကျေးရွာ ၃ ရွာများမှ ဆန္ဒမဲပေးနိုင်သူဦးရေစုစုပေါင်း ၁၄၀၀ ကျော်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

လက်ရှိတွင် ကပစ (၂၃) ဧရိယာအတွင်း တောင်သူများ လုပ်ကိုင်လျက်ရှိသည့် လယ်ယာမြေများတွင် အဆောက်အဦးဆောက်မည်ဆိုသော ဆိုသည့် အကြောင်းပြချက်ဖြင့် စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံခင်းများ၊ ရိုးပြတ်လယ်များအတွင်း စက်ယန္တရားများဖြင့် ထိုးခြင်းများ ပြုလုပ်နေပြီး တားဆီးသည့် တောင်သူမှန်သမျှကိုလည်း အမှုဖွင့် တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ကြောင်း၊ ရွေးကောက်ပွဲရလဒ်ကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုသည်။

“ရွေးကောက်ပွဲမတိုင်ခင်ဖြစ်သွားတဲ့ ဖြစ်စဉ်လေးအပေါ်မူတည်တာလို့ သုံးသပ်တယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ အားလုံးလည်း သိတဲ့အတိုင်းပဲ သူတို့ကတော့ ပါတီနာမည်တွေမပြောဘူးပေါ့။ အစိမ်းဘက်ကို မဲပေး။ မဲမပေးရင် မင်းတို့သုံးရွာ ဖယ်ထုတ်ရမယ်။ မင်းတို့သုံးရွာဒီကနေ ထွက်သွားရမယ်ဆိုတဲ့ စကားမျိုးနဲ့ သူတို့ ပင်စင်ယူခါနီး ဗိုလ်မှူးအဆင့်က ရွာအုပ်ချုပ်ရေးမှူးအိမ်ကို လာပြီးတော့ ပြောတယ်။ အခုကျတော့ NLD က အပြတ်အသတ်နိုင်သွားတယ်။ ဒီသုံးရွာက အစကတည်းက ၂၀၁၅ တုန်းကလည်း ၉၀ ရာခိုင်နှုန်း၊ အခုလည်း ၉၀ ရာခိုင်နှုန်းတောင်မကဘူး ကျော်သေးတယ်။ အဲလိုဆိုတော့ ရန်စတဲ့သဘောမျိုးလို့ သုံးသပ်တာပေါ့။ ဒါပေမယ့် ပဋိပက္ခလည်း မဖြစ်စေချင်လို့ အတတ်နိုင်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အေးအေးဆေးဆေးပဲဖြစ်အောင် သူတို့ရဲ့ အထက်လူကြီးတွေကို ချိတ်ဆက်ပြီးတော့ ညှိနှိုင်းပေးနေတယ်။ ဝန်ကြီးဌာနကို ချိတ်ဆက်ပြီးတော့ ညှိနှိုင်းပေးနေတယ်။”ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောဆိုသည်။

တပ်မတော်က လယ်ယာမြေများကို စက်ယန္တရာများဖြင့် ထိုးခြင်းများကို ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ကန့်သက်ရွာနှင့် စက်ရုံဝန်ထမ်းအိမ်ရာ အကြားလယ်ယာမြေများတွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

တောင်သူများက သွားရောက်တားမြစ်ခဲ့သော်လည်း တောင်သူတွေကို တရားစွဲဆိုမည်ဟု ပြောဆိုသည့်အတွက် တောင်သူများက ကြောက်ရွံ့နေကြကြောင်း သိရှိရသည်။

“အခုထိုးနေတဲ့ကွင်းကို ရဲကိုလည်း အမှုဖွင့်ထားတယ်။ လာရင်လည်း လာတဲ့သူ တားတဲ့သူကို ဖမ်းမှာဆိုပြီးပြောတယ်။ ရွာထဲကလည်း ဖမ်းမှာဆိုတော့ စိုးရိမ်တာပေါ့။ မသွားရဲဘဲဖြစ်နေတာ။ ဒီစက်ရုံမြေကို ပြန်စွန့်လွှတ်ပေးဖို့ မဟုတ်ဘူး။ ဒီတိုင်းပဲ ပုံစံမပျက် လုပ်ကိုင်ခွင့်ပဲရချင်တာ။ အခုနေရာက စက်ရုံနဲ့လည်း မနီးဘူး။”ဟု ဒေသခံတောင်သူ ဦးမျိုးမင်းဇော်က ပြောပါတယ်။

တပ်မတော်က စက်ယန္တရားများဖြင့် ထိုးနေသည့်လယ်မြေများတွင် ပန်းနှမ်းနှင့် စားတော်ပဲများ စိုက်ပျိုးထားကြောင်း၊ ယင်းလယ်မြေတွင်စုစုပေါင်း တောင်သူ ၁၅ ဦးလုပ်ကိုင်လျက်ရှိပြီး ဧက ၃၀ ကျော်ရှိကြောင်း၊လတ်တလော တောင်သူနှစ်ဦး၏ မြေယာများကို ယန္တရားနဲ့ ထိုးထားပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။

၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ တပ်မတော်ယူနီဖောင်းဝတ်ဆင်ထားသည့် ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ကန့်သက်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို့ လာရောက်ကာ စက်ရုံဧရိယာအတွင်း ပါဝင်သည့် ကန့်သက်၊ နုံးကြီး၊ ကျဲ စသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး အစိမ်းကို မဲပေးရန် တိုက်တွန်းပြောဆိုခဲ့သည်။

“ကိုယ့်ရဲ့ နေထိုင်ရေးက ကိုယ့်ရဲ့စဉ်းစားမှုအပေါ်မှာ မူတည်တယ်။ စဉ်းစားပြီးသာ လုပ်ကြ။ တပ်တွင်းထဲမှာ နေရင်တော့ အစိမ်းပဲကောင်းတယ်။ နီသွားရင်မကောင်းဘူးပေါ့။ ကိုယ်က ရင်းနှီးလို့ပြောတာပေါ့။ နောက်ခါကျရင် သွားရေးလာရေး နေရေး ထိုင်ရေးကအစ အကျဉ်းအကျပ်တွေဖြစ်မှာစိုးလို့တဲ့။ အစိမ်းနိုင်ထားတယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ရွာထဲကို အကုန်သိအောင် ပြောထား။ အားလုံးသိအောင် လာပြောတာ။ ရွေးကောက်ပွဲမှာ အစိမ်းကိုသာ မဲပေးကြဖို့၊ မဲမပေးရင် ကျေးရွာပြောင်းရွှေ့တဲ့ကိစ္စ တွေအတွက် အာမ မခံနိုင်ဘူး။ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးကြရမှာ၊ အစိမ်းနိုင်မှ အဆင်ပြေမှာ အနီနိုင်ရင်အဆင်မပြေဘူး။ ဒီလိုပြောတာတွေကို တိုင်ချင်ရာတိုင်” ဟုဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်က ပြောဆိုခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် တပ်မတော်စက်ရုံပိုင်နယ်မြေအတွင်း နေထိုင်ကြသော ကျေးရွားများက NLD ကို မဲပေးခဲ့သည့် နောက်ဆက်တွဲ ရလဒ်ဟု ကျေးရွာသားတစ်ဦးက သုံးသပ်သည်။

“မဲကိစ္စတုန်းကလည်း ဒီရွာတွေ အနီနိုင်ရင် နောက်ရေရှည်မှာ မလွယ်ဘူးဆိုတဲ့ ကိစ္စတွေကြောင့်လည်း အဲလိုလည်း ထင်တယ်။ ကျွန်တော်တို့ရွာတွေက အဲလိုနိုင်သွားတော့ အခုဖျက်ဆီးတာ ဒါတွေကြောင့် မကင်းဘူးလို့ ကျွန်တော်တို့ကတော့ ထင်ပါတယ် ” ဟု ကန့်သက်ကျေးရွာက တောင်သူတစ်ဦးက ပြောဆိုသည်။

မကွေးတိုင်းအတွင်းရှိ အလောင်းတော်ကဿပ အမျိုးသားဉယျာဉ် သဘာဝမြေဧရိယာ ၄၈၀၀၀ ကျော်၊ သစ်တောမြေ ၃ သောင်းကျော်၊ မြေလွတ်မြေရိုင်း ၂ ထောင်ကျော်၊ ဒေသခံများ၏ လယ်မြေ ၅၆၈ ဧက၊ ယာမြေ ၆၄၂ ဧက နှင့် အခြားမြေ ၄၇ ဧက အပါအဝင် စုစုပေါင်းမြေဧရိယာ ၈၅၀၀၀ ကျော်ကို တပ်ပိုင်မြေ စက်ရုံဧရိယာအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

တပ်သိမ်းမြေထဲတွင် ပါဝင်သည့် လယ်ယာမြေများအတွက် တပ်ပိုင်မြေအဖြစ်မှ စွန့်လွှတ်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ၂၀၁၇ ခုနှစ်အတွင်း မေးခွန်းမေးမြန်းခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနကတော့ တပ်ပိုင်မြေအဖြစ်သိမ်းယူခဲ့သည့် ဦးပိုင်ပေါက်လယ်ယာမြေ ၁၂၁၀ ဧကထဲမှ အဆောက်အဦနှင့်လွတ်ကင်းသည့် ဧက ၈၀၀ ကျော်ကို မူလတောင်သူများ အခမဲ့ နှစ်စဉ် စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးထားပြီး လျော်ကြေးငွေလည်း ပေးထားပြီးဖြစ်ခြင်း၊ စက်ရုံလုံခြုံရေးများကြောင့် တပ်ပိုင်မြေအဖြစ်မှ မစွန့်လွှတ်နိုင်ကြောင်း လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts