All News Local News Peace

ရခိုင်စစ်ပွဲရပ်တန့်ရေးနှင့်စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားသော နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးခံ ကျောင်းသားများအားလုံး၏ ရုံးချိန်း ယနေ့ မထုတ်ဖြစ်ဘဲ ဒီဇင်ဘာ ၁၅ ရက်နေ့ ထပ်မံရွှေ့ဆိုင်း

ရခိုင်စစ်ပွဲရပ်တန့်ရေးနှင့်စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားသော နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးခံ ကျောင်းသားများအားလုံး၏ ရုံးချိန်း ယနေ့ မထုတ်ဖြစ်ဘဲ ဒီဇင်ဘာ ၁၅ ရက်နေ့ ထပ်မံရွှေ့ဆိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁

ရခိုင်စစ်ပွဲရပ်တန့်ရေးနှင့် စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံ ထားရသော နိုင်ငံတစ်ဝန်းရှိ ကျောင်းသားများ၏ရုံးချိန်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ ရွှေ့ဆိုင်းလိုက်ကြောင်း ကျောင်းသားသမဂ္ဂများထံမှ စုံစမ်းသိရှိရသည်။

မန္တလေးတွင် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ခုနစ်နှစ်နှင့် နှစ်လစီ ချမှတ်ခံထားရပြီး လက်ရှိအချိန်တွင်လည်း တရားရင်ဆိုင်နေရဆဲဖြစ်သော ကိုစိုးလှနိုင်(အတွင်းရေးမှူးအဖွဲ့ဝင်-ဗဟိုအမှုဆောင်အဖွဲ့) နှင့် ကိုကျော်သီဟရဲကျော်(ရုံးအဖွဲ့မှူး-ဗဟိုအမှုဆောင်အဖွဲ့) တို့နှစ်ဦးကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ အောင်မြေသာဇံတရားရုံးတွင် ရုံးချိန်းရှိသော်လည်း ရုံးမထုတ်ဘဲ ‌ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ထံမှ သိရှိရသည်။

ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နှင့် ကိုဘုန်းမြင့်ကျော်(ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး-ဗဟိုအမှုဆောင်အဖွဲ့) တို့သုံးဦးကို စစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့မှုများအ တွက် ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ကိုဘုန်းမြင့်ကျော်ကို ဝရမ်းထုတ်ထားကာ ၎င်းတို့၏ ယနေ့ရုံးချိန်းကို ရုံးမထုတ်ဘဲ ဒီဇင်ဘာလ ၁၅ ရက်နေ့ သို့ ပြန်လည်ချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိတ္ထီလာအကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသော ကိုဆန်းလင်းကို၊ ကိုသန်းတိုးအောင်နှင့် ကိုအောင်သူဟိန်းတို့သုံးဦးကိုလည်း စတင်ဖမ်းဆီချိန်မှစ၍ ယနေ့အထိ နှစ်လကျော်အတွင်း ရုံးထုတ်ခဲ့ခြင်းမရှိဘဲ ဆက်တိုက်ဆိုသလို ရုံးချိန်းများရွှေ့ဆိုင်းထား‌ခဲ့ရာမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ရုံးမထုတ်ဘဲ ဒီဇင်ဘာလ ၁၅ ရက်နေ့သို့ ပြောင်းလဲ ချိန်းဆိုထားကြောင်း သိရသည်။

အလားတူ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မှာ 4G အင်တာနက် ပြန်လည်ဖွင့်ပေးရေး၊ သွေးစွန်းအစိုးရအလိုမရှိ၊ လူသတ်စစ်တပ်အလိုမရှိ၊ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေး တောင်းဆိုလှုပ်ရှားခဲ့မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မုံရွာခရိုင် ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ လင်းသူရကို ကိုဒီဇင်ဘာ ၁ ရက်နေ့ရုံးချိန်း ချိန်းဆိုထားသော်လည်း ရုံးမထုတ်ဘဲ ဒီဇင်ဘာလ ၁၅ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။

“ကိုဗစ်ကာလဖြစ်တဲ့အတွက် ထောင်က တရားခံတွေ ထုတ်မပေးဘူး။ တရားရုံးကို တရားခံထုတ်မပေးတဲ့အတွက် ကျွန်တော်တို့ အမှုမစစ်ရသေးဘူး။ တစ်ခါ ရုံးချိန်တစ်ချိန်းကို ၂ ပတ်ပြန်ပြန်ချိန်းနေတယ်ပေါ့။ ရက်ချိန်းပဲ လာယူနေရပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ အမှုတွဲ ကူးပေးထားတယ်ဆိုတဲ့ အဆင့်ကလွဲလို့ ဘာမှ မလုပ်ရသေးပါဘူး။ကျွန်တော်တို့ကြားရသလောက်ကတော့ ကိုဗစ်ရောဂါရဲ့အခြေအနေကြောင့် ထောင်က သူ့ရဲ့စည်းကမ်းအရပေါ့နော် သူတို့ဆုံးဖြတ်ချက်အရ ထုတ်မပေးတာလို့ သိရတယ်။ ဒီကိစ္စကလည်း အားလုံးပူးပေါင်း အဖြေရှာရမယ့် ကိစ္စပဲ။ နောက်တစ်ခုကတော့ ဒါတွေအပေါ်မှာ ဖြေလျှော့ပြီးတော့ အာမခံရရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့လေ။”ဟု လင်းသူရကို၏ ရှေ့နေဖြစ်သူ ဦးမိုးဇော်ထွန်းက မျက်မှောက်ခေတ်သတင်းဌာနသို့ ပြောဆိုထားသည်။

အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဖမ်းဆီးခံထားရသော ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများ ဖြစ်ကြသည့် ကိုတိုးတိုးအောင်၊ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင် ကိုမြတ်စိုးဝင်းတို့လေးဦး နှင့် ဆန္ဒပြပွဲ ဝန်းရံသူကျောင်းသား ၁ ဦးတို့ကိုစွဲဆိုထားသည့် အမှုများအတွက် တရားရုံးချိန်းကို ဒီဇင် ဘာလ ၁ ရက်နေ့ချိန်းဆိုထားသော်လည်း ယနေ့ ရုံးမထုတ်ဘဲ ဒီဇင်ဘာလ ၁၅ ရက်နေ့ သို့ ရုံးချိန်း ရွှေ့ဆိုင်းထားကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။

ဓာတ်ပုံ- ကျောင်းသားလှုပ်ရှားမှု၏ စစ်ပွဲရပ်တန့်ရေး ပိုစတာတစ်ခု။ Photo Credit – ဗကသ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts