All News Business China Watch interview

မြန်မာဆန်ကုန်သည်တွေဆီက ဆန်ဖိုး ၂ ဘီလီယံကျော် မပေးဘဲ ပျောက်ဆုံးနေတဲ့ တရုတ်ကုန်သည်ကိစ္စ သံခင်းတံမန်ခင်းအပြင် တရားစွဲရန် စီစဉ်နေ

မြန်မာဆန်ကုန်သည်တွေဆီက ဆန်ဖိုး ၂ ဘီလီယံကျော် မပေးဘဲ ပျောက်ဆုံးနေတဲ့ တရုတ်ကုန်သည်ကိစ္စ သံခင်းတံမန်ခင်းအပြင် တရားစွဲရန် စီစဉ်နေ

By ရန်ကုန်ခေတ်သစ်

မူဆယ် ဆန်ကုန်စည်ဒိုင်ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းနှင့် ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံရှိ ဆန်ကုန်သည်များထံမှ ဆန်များ မှာယူပြီးနောက် ငွေပေးချေခြင်းမရှိဘဲ တရုတ်ကုန်သည်တစ်ဦး အဆက်အသွယ်ပြတ်တောက်လျက်ရှိပြီး ယင်းတရုတ်ကုန်သည်ထံမှ ရရှိရန် အကြွေးငွေကျပ် ၂ ဘီလီယံကျော်ဖိုးရှိနေကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဦးမင်းသိန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မြန်မာနိုင်ငံ ဆည်ကုန်သည်တွေဆီကနေ တရုတ် ကုန်သည်တစ်ယောက်က ၂ဘီလီယံကျော်ဖိုး ဆန်တွေ ဝယ်ယူပြီး တိမ်းရှောင်နေတဲ့ ဖြစ်စဉ်က ဘယ်လိုစဖြစ်တာလဲ။

ဖြေ။ ။ ပြောရမယ်ဆိုရင် အခုဝယ်သွားတဲ့သူပေါ့။ လိမ်သွားတယ်လို့ ကျွန် တော် မသုံးချင်ဘူး။ ဝယ်သွားတဲ့ သူက ကုမ္ပဏီပိုင်ရှင်ပဲ တရုတ်အစိုးရကနေပြီးတော့ အသိအမှတ်ပြုထားတဲ့ ကုမ္ပဏီတစ်ခုပဲ သူကလွန်ခဲ့တဲ့ ၆လတုန်းက မြန်မာပြည်မှာ ဆန်ဆင်းဝယ်တယ်။ ဆန်တွေလာဝယ်ပါတယ်။

ဆန်တွေဝယ်ပြီးတော့ သူကစလုပ်တုန်းကတော့မှန်တယ်။ စလုပ်တုန်းကတော့ ငွေတွေဘာတွေလည်း မှန်ပါတယ်။ တဖြည်းဖြည်းပေါ့။ လွန်ခဲ့တဲ့ ၂လလောက်မှာ အခြေအနေက တဖြည်းဖြည်းယိုင်လာတယ်။ ဒါပေမယ့် သူကစျေးပိုပေးတယ်။ သူများထက်စျေးပိုပေးတော့ လူတွေက အားလုံးသူ့ကိုပဲ ဝိုင်းရောင်းကြတယ်။

တခြားသူတောင်မရောင်းဘူး။ ရောင်းရင်းရောင်းရင်းနဲ့ ကျွန်တော်တို့ ရောင်းတဲ့ကုန်သည်တွေက တဖြည်းဖြည်း သူ့ဆီကျွံ့သွားတယ်။ ငွေက ပထမ ၁ရက်နဲ့ပေးတယ်။ နောက် ၃ရက်နဲ့ပေးတယ်။ နောက် ၅ရက်နဲ့ပေးတယ်။ နောက် တစ်ပတ်နဲ့ပေးတယ်။ နောက်ထပ် ၁ဝရက်လောက်ကြာသွားတယ်။

အဲလိုမျိုးနဲ့ တဖြည်းဖြည်း ကျွံ့သွားတယ်။ နောက်တော့ အခုငွေပမာဏများသွားတယ်။ ငွေပမာဏများရင်းကနေ တဖြည်းဖြည်းနဲ့ သူလည်း တဖြည်းဖြည်းပေးရင်းပေးရင်းနဲ့ နောက်ဆုံး ဒီဇင်ဘာ ၂ရက်နေ့မှာ သူနဲ့ လုံးဝအဆက်အသွယ်ပြတ်သွားတယ်။ အဆက်အသွယ်ပြတ်သွားတော့ လိမ်ပြီးတော့ တိမ်းရှောင်ထွက်ပြေးသွားတယ်လို့ ယူဆလို့ ကျွန်တော်ကအဲလိုတင်လိုက်တာပေါ့။

မေး။ ။ သူအမည်က ဘယ်သူလဲ။ ဒီကအလိမ်ခံရတဲ့ ကုန်သည် ဘယ်နှစ်ယောက်လောက်ပါမလဲ။

ဖြေ။ ။ လိမ်သွားတဲ့ ကုန်သည်ကတော့ မြန်မာပြည်ဖက်က ၁ဝယောက်လောက်ပါမယ်။ ကျွန်တော်တို့ ပါသွားတဲ့သူကလည်း သူတို့ကမပြောဘူး။ ကျွန်တော်တို့က အနီးစပ်ဆုံး ခန့်မှန်းပြီးသာကြည့်ရတာလေ ဝယ်သွားတဲ့ ကုမ္ပဏီကတော့ ကျွန်တော်လိပ်စာပါတင်ထားတယ်လေ ‘လော်ကြံဖန်’ Luo Jianfang ခေါ် (လော်လောပန်း) သူ့အမည်ကပေါ့။ သူ့ကုမ္ပဏီ လိပ်စာကတ်နဲ့ သူ့ပုံပါ ကျွန်တော်တင်ထားပါတယ်။

မေး။ ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုက်ဖက်ကိုကော ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တင်ပြထားသေးလား။

ဖြေ။ ။ အခုက ကိုဗစ်ဖြစ်နေတဲ့အချိန်ဆိုတော့ ကျွန်တော်တို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင်က လူစုကွဲနေတယ်။ ကျွန်တော်တို့က အစည်းအဝေးလုပ်နေတယ်။ အစည်းအဝေးလုပ်ပြီးတော့ ကျွန်တော်တို့ အကြွေးပါသွားတဲ့ လူတွေစာရင်းကောက်မယ်။ စာရင်းကောက်ပြီးတော့ စီပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကိုတင်ပြမယ်။ စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တစ်ဆင့်ပေါ့။

သံခင်းတမန်ခင်းနဲ့ ကျွန်တော်တို့ ဆက်လက်ပြီးဆောင်ရွက်မယ်။ ဆက်ပြီးဆောင်ရွက်ပြီးတော့ တရုတ်ပြည်ထဲမှာ သူ့ကို တရားစွဲမယ် နောက်ဆုံးအဆင့်က တရားစွဲပြီးတော့ အရေးယူမှုတွေလုပ်မယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ အစီအစဉ်ပဲရှိနေသေးတယ်။ ဘာမှမလုပ်နိုင်သေးဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ၂ရက် ၃ရက်အတွင်းမှာ အဲတာတွေလုပ်မှာပါ။

မေး။ ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို အကြောင်းကြားပြီလား။

ဖြေ။ ။ ပထမအကြိမ်ကတော့ အကြောင်းကြားထားတယ်။ ဒုတိယအကြိမ်ကတော့ သူတို့လည်း ကြားမှာပါ။ အကြောင်းတော့ မကြားရသေးဘူး။ တရားဝင်ပေါ့။ တရားဝင်အကြောင်းမကြားဘူးဆိုတာ ကျွန်တော်တို့ဆီကို လာပြီးတော့ ဘယ်သူမှ စာရင်းမပေးတော့ ကျွန်တော်တို့က အကြောင်းကြားလို့မရဘူးလေ။

မေး။ ။ အလိမ်ခံရတဲ့ ငွေကြေးပမာဏက ၂ဘီလီကျော် လိမ်လည်ခံရတယ်ဆိုတာ တိကျတဲ့ ပမာဏာမဟုတ်သေးဘူးလား။

ဖြေ။ ။ ပိုနိုင်လားဆိုတော့ ခက်တယ်။ သူတို့ကလည်း တချို့ကလည်း မပြောကြဘူး။ ဘာလို့မပြောလည်းဆိုတော့ စီပွားရေးသမားတွေက ကိုယ်လုပ်တဲ့ ကိစ္စကို တချို့က ရှက်တာပါတာပေါ့။ ရှက်တာပါတော့ မပြောဘူး။ အဲတော့ စာရင်းကောက်ရတာ တော်တော်ခက်တယ်။

မေး။ ။ အဲဒါဆို ဒီငွေပမာဏက ခန့်မှန်းစာရင်းပဲရှိသေးတာလား။

ဖြေ။ ။ အတိအကျမဟုတ်ဘူး။ အနီးစပ်ဆုံး ခန့်မှန်းတယ်ပေါ့။ အနီးစပ်ဆုံး လက်လှမ်းမှီသလောက် ခန့်မှန်းထားတာပေါ့။

မေး။ ။ လက်ရှိ ဆန်ရောင်းဝယ်မှုအခြေအနေကရော ဘယ်လိုရှိလဲ။ နယ်စပ်မှာပေါ့။

ဖြေ။ ။ ကျွန်တော်တို့ အခုလိုဖြစ်သွားလည်း ဆန်အရောင်းအဝယ်က ဘာမှမထိခိုက်ပါဘူး။ ကျွန်တော်တို့ ပုံမှန်လေး အရောင်းအဝယ်ဖြစ်နေပါတယ်။ ပုံမှန်ရောင်းတယ်ဝယ်တယ်။ အခုကတော့ လုပ်နေတာပဲ။

မေး။ ။ အခုလိမ်လည်သွားတဲ့သူက တရုတ်အစိုးကို အခွန်တိမ်းရှောင်မှုနဲ့ အရေးယူခံထားရတယ်လို့ မီဒီယာ တစ်ချို့မှာ ပြောဆိုနေတယ်။ အဲဒီအပေါ်မှာရော..။

ဖြေ။ ။ အဲတာလည်း ဖြစ်နိုင်တာပဲ။ အခွန်က တရုတ်က အခွန်တွေဘာတွေ တအားတိကျတယ်။ တအားတိကျတော့ သူက အခွန်တိမ်းရှောင်လို့များ ဘာတွေများ စီးပွားရေး အခြေအနေတရပ် ဖြစ်သွားလား၊ ကျွန်တော်လည်း သိပ်မပြောတတ်ဘူး။ သူတို့အတွင်းရေးကိစ္စကျတော့ တရုတ်ထဲကကိစ္စကျတော့ပေါ့။

မေး။ ။ အခုအလိမ်ခံရတာက မြန်မာဆန်ကုန်သည်တွေကော တရုတ် ဆန်ကုန်သည်တွေကော အလိမ်ခံရတာလား။

ဖြေ။ ။ ၉ ဘီလီယံလောက်ရှိတယ်။ ကျွန်တော် ရေးထားတဲ့ထဲမှာ ၉ ဘီလီယံလောက်ရှိတယ်။ တရုတ်ပြည်ကပါသွားတာ ၈ ဘီလီယံလောက် သွားတယ်။ သူတို့ကတော့ အများကြီးပါတာပေါ့။ ကျွန်တော်တို့ထက် များတာပေါ့။ အကြွေးရစရာရှိလို့ဆိုပြီး သူ့ရဲ့ ဆန်စက်တွေဘာတွေ အကုန်လုံး သိမ်းသွားတယ်လို့ကြားတယ်။ တရုတ်ဘက်က ကုန်သည်တွေကပေါ့။ ဆန်စက်၂လုံးရှိတယ်။ သူကရွှေလီမှာပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts