All News Local News Peace

ဗြိတိန်က ငွေကြေးပံ့ပိုးထားသည့် မြန်မာအစိုးရ ကုန်သွယ်မှု မြှင့်တင်ရေး Myantrade ဝက်ဆိုက််တွင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ စာရင်း ဖော်ပြထားမှုကို ပယ်ဖျက်

ဗြိတိန်က ငွေကြေးပံ့ပိုးထားသည့် မြန်မာအစိုးရ ကုန်သွယ်မှု မြှင့်တင်ရေး Myantrade ဝက်ဆိုက််တွင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ စာရင်း ဖော်ပြထားမှုကို ပယ်ဖျက်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ဗြိတိန်နိုင်ငံ၏ ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်သည့် မြန်မာအစိုးရ ကုန်သွယ်ရေး မြှင့်တင်မှုဆိုင်ရာဝက်ဆိုက် Myantrade က မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို ဝက်ဆိုက်စာရင်းတွင် ဖော်ပြထားမှုမှ ပယ်ဖျက်လိုက်ကြောင်း သိရှိသည်။

အဆိုပါလမ်းညွှန်ဝဘ်ဆိုဒ်တွင် မူလကပါရှိခဲ့ပြီး ပယ်ဖျက်ခြင်းခံခဲ့ရသည့် ကုမ္ပဏီများတွင် မြဝတီ ကုန်သွယ်ရေးလိမိတက်၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီလိမိတက်နှင့် အဓိပတိလယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလိမိတက်၊ မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် (ဦးပိုင်) ၏ ကုမ္ပဏီခွဲများအားလုံး ပါဝင်ကြောင်း သိရှိရသည်။

Myantrade တွင် စစ်တပ်ပိုင်ကုမ္ပဏီများ ပါဝင်နေမှုအား အသိပေးလိုက်သည်နှင့် တပြိုင်နက် British Foreign, Commonwealth and Development Office (FCDO) မှ အဆိုပါဝဘ်ဆိုဒ်တွင် ပါဝင်နေသည့် စစ်တပ်ကုမ္ပဏီများဖယ်ရှားနိုင်ရေးကို ချက်ချင်းဆောင်ရွက်ခဲ့သည်ဟု Justice for Myanmar (JFM) က သတင်းထုတ်ပြန်သည်။

FCDO က Justice For Myanmar သို့ သဘောထားမှတ်ချက်ပေးရာတွင် “၂၀၁၀ ကတည်းက မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုဟာ ပြည်သူ ၁၁ သန်းကို ဆင်ရဲတွင်းက လွတ်မြောက်စေခဲ့ပြီးဖြစ်ပါတယ်။ ကျွနုပ်တို့အနေနဲ့ မြန်မာ့စီးပွားရေးနယ်ပယ်မှာ ဧရာမအကျိုးစီးပွားရှိနေတဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သတ်ပြီး စိုးရိမ်မှုများရှိနေဆဲဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာ့စီးပွားရေးကို နိုင်ငံတကာစံနှုန်းများနဲ့အလေ့အကျင့်များသို့ လမ်းဖွင့်စေရေး၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့ကို ဆက်လုပ်ဆောင်ပေးမယ့် အတူပူးပေါင်းပါဝင်ပြီး ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးမှုနှင့် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုများ မြန်မာနိုင်ငံမှာရှိလာရေးအတွက် ထောက်ပံ့ကူညီပေးဖို့ ရည်သန်ပါတယ်” ဟု ပြောဆိုထားသည်။

“ကျွနုပ်တို့အနေနဲ့ စီးပွားရေးတိုးတက်မှုအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ နှင့်နီးနီးကပ်ကပ် လုပ်ကိုင်လျက်ရှိပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူတို့ရဲ့ တရားဝင်စိုးရိမ်မှုတွေအပေါ် ဆက်လက်ပြီး တက်တက်ကြွကြွဖြင့် တုန့်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ ဆောင်ရွက်ထားတဲ့ ဝဘ်ဆိုဒ်စာမျက်နှာမှာ စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို သတိမထားမိဘဲ ထုတ်ပြန်ခဲ့ တာနဲ့ ပတ်သက်ပြီး မြန်မြန်ဆန်ဆန် တုန့်ပြန်ဆောင်ရွက်မှုက ဒီအချက်ကို သက်သေပြခဲ့ပါတယ်။”ဟုလည်း ဆက်လက်ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ၏ အမေရိကန်ဒေါ်လာ ၅ သန်း ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်သည့် မြန်မာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အစိတ်အပိုင်းအနေဖြင့် Myantrade ဝဘ်ဆိုဒ်အသစ်ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါဝဘ်ဆိုဒ်ကို ကုလသမဂ္ဂနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့၏ ပူးတွဲအေဂျင်စီတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးစင်တာက မြန်မာအစိုးရနှင့် ပူးပေါင်းလျက် အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Myantrade မှာ ပါဝင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေလို စစ်ရာဇဝတ်ဂိုဏ်းစီးပွားရေးလုပ်ငန်းတွေက လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တစ်ခုလုံးထိခိုက်စေတဲ့ ရာဇဝတ်ပြစ်မှုတွေကို ကျူးလွန်တဲ့ စစ်တပ်တပ်ရင်းတပ်ဖွဲ့တွေ အပါအဝင် စစ်တပ်တစ်ခုလုံးကိုအခွန်ဘဏ္ဍာတွေ ပေးအပ်နေတာပါ။ ဗြိတိန်အစိုးရရဲ့ အခုလိုလျင်လျင်မြန်မြန် အရေးယူဆောင်ရွက်ချက်ဟာ ဗြိတိန်နိုင်ငံအကူအညီများမှ စစ်တပ်က ငွေကြေးဆိုင်ရာအကျိုးအမြတ် ရရှိနေခြင်းကို ကာကွယ်ပေးပြီး သူတို့ရဲ့တရားဝင်မှုကို ငြင်းဆိုရာ ရောက်ပါတယ်။ အခုလိုမျိုး ခြေလှမ်းငယ်တွေနဲ့ စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းပစ်ရပါမယ်။ ဗြိတိန်အစိုးရအနေဖြင့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ နောက်ထပ်ခြေလှမ်းတွေ လုပ်ဆောင်လာဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

FCDO ၏ မြန်မာနိုင်ငံအပေါ် အဆိုပါအရေးယူဆောင်ရွက်ချက်များက စစ်တပ်ကုမ္ပဏီများ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ငွေကြေးသုံစွဲခြင်းမပြုရန် ဗြိတိန်အကူအညီရယူသူများသို့ ဗြိတိန်အစိုးရက ပြောဆို ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ စစ်တပ်ကုမ္ပဏီများထံ ရောက်ရှိနေသည့် အကူအညီပေးရေး ငွေများကို ရပ်တန့်ရေးအတွက် အလားတူ အများပြည်သူဆိုင်ရာကတိကဝတ်မျိုး အခြားသောအစိုးရများက ချမှတ်လုပ်ဆောင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးသည်လည်း စစ်တပ်ကုမ္ပဏီများမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်းမပြုရေး မူဝါဒတစ်ခု ထားရှိကြောင်း သိရှိရသည်။

သို့ရာတွင် ဗြိတိန်အစိုးရအနေဖြင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြံပြုချက်များ ဖြစ်သည့် မြန်မာစစ်တပ်ပိုင်ကုမ္ပဏီများနှင့် ကုမ္ပဏီပိုင်ရှင်များအပေါ် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှု ဆောင်ရွက်ရန် ယခုအချိန်အထိ ပျက်ကွက်နေဆဲဖြစ်ပြီး စစ်တပ်ပိုင်ကုမ္ပဏီများနှင့် ကုမ္ပဏီပိုင်ရှင်များ အားပစ်မှတ်ထား အရေးယူပိတ်ဆို့မှုသည် တာဝန်ခံမှုနှင့်စစ်တပ်ကို စီးပွားရေးနယ်ပယ်မှ ဖယ်ရှားရေး အတွက် အရေးပါသည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေး ရရှိရန်အတွက် စစ်တပ်ကို အရပ်ဘက်ဒီမိုကရေစီထိန်းချုပ်မှုအောက်တွင် မဖြစ်မနေ ထားရှိရပါမည်ဖြစ်ကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မရတနာမောင်က ဆက်လက်၍ “မြန်မာနိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ အလှူရှင်တွေ၊ အေဂျင်စီတွေအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုအသေးစိတ်စုံစမ်းစစ်ဆေးဖို့နဲ့ မြန်မာစစ်တပ်နဲ့စစ်တပ် အကျိုးစီးပွားတွေ အတွက် အကျိုးအမြတ်ရရှိစေခြင်းမရှိစေရေး တင်းကျပ်တဲ့မူဝါဒတွေ၊ အရေးယူဆောင်ရွက်ချက်တွေ ထားရှိဖို့ အရေးတကြီးလိုအပ်ပါတယ်” ဟု ပြောကြားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts